စင်္ကာပူက ပြန်လာသင်တဲ့ ဥပဒေပါမောက္ခ၊ စာရေးကနေ ရှေ့နေချုပ်ဖြစ်ခဲ့သူ

burma

ဓာတ်ပုံ ရင်းမြစ်, Family Archive

ဓာတ်ပုံ ပုံစာ, ဥပဒေ ပါမောက္ခဟောင်း ဦးလှအောင်
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ရန်ကုန် တက္ကသိုလ် ဥပဒေ ပါမောက္ခဟောင်း ဦးလှအောင် အသက် (၉၇) နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ ဦးလှအောင်ဟာ မြန်မာနိုင်ငံရှေ့နေချုပ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ပါတယ်။

ရန်ကုန် တက္ကသိုလ်ရဲ့ ထင်ရှားတဲ့ ဥပဒေသင်ကြားရေးမှာ ဦးမေအောင်၊ ဆာအာသာအဂ္ဂါ၊ ဒေါက်တာဘဟန် ၊ ဦးကျော်မြင့် စတဲ့ ပါမောက္ခကြီးတွေနောက်မှာ ဦးမြင့်နဲ့ ဦးလှအောင်တို့ ထင်ရှားခဲ့ပြီး ဦးလှအောင်က ပထမဆုံး အမေရိကန်ပြန် ဥပဒေ ပါမောက္ခဖြစ်ပါတယ်။

နောက် ရန်ကုန် တက္ကသိုလ်မှာ ပထမနှစ်ထိ စာဆင်းသင်တဲ့ ပါမောက္ခဆိုလို့ ဝိဇ္ဇာဘက်မှာ ဦးလှအောင်နဲ့ သိပ္ပံဘက်မှာ ရူပဗေဒက ဒေါက်တာတင်အောင်တို့သာ အဲဒီခေတ်က ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဦးလှအောင်ဟာ ခြောက်ရက်စစ်ပွဲ ဖြစ်အပြီးမှာ အာရပ်-အစ္စရေးပြဿနာအကြောင်း နိုင်ငံတကာဥပဒေရှုထောင့်ကနေ ဟောပြောတာမျိုး ရန်ကုန် တက္ကသိုလ်မှာ လုပ်ခဲ့သူ ဖြစ်ပါတယ်။

ကျေးလက်ကလာ

ဦးလှအောင်မိသားစု

ဓာတ်ပုံ ရင်းမြစ်, Family Archive

မကွေးတိုင်း စေတုတ္တရာမြို့နယ်က တပွင့်ရွာမှာ ၁၉၂၃ က မွေးဖွားခဲ့တဲ့ ဦးလှအောင်ဟာ လယ်သမားနဲ့ သူကြီးမျိုးရိုးက ပေါက်ဖွားလာသူဖြစ်ပါတယ်။ သားကို ပညာထူးချွန်စေလိုတဲ့ သူ့ဖခင် ဦးကိုင်းက သူ့ကို ရွာနဲ့ မိုင် ၃ဝ ကျော် ဝေးတဲ့ စလင်းကို ပို့ပြီး ကျောင်းထား ပါတယ်။ ကျောင်းဆရာတယောက်အိမ်မှာ နေပြီး စာသင်ခဲ့ရတာပါ။

ဦးလှအောင်ဟာ ငယ်စဉ်ကတည်းက ပညာကြိုးစားခဲ့သူဖြစ်လို့ အလင်းရောင်ရှိတဲ့ လမ်းမီးတိုင်အောက်မှာ စာကျက်ခဲ့ရကြောင်း မြေးဖြစ်သူ ဒေါက်တာ သိင်္ဂီသက်ပိုင်ထွန်းက ဘီဘီစီကိုပြောပါတယ်။ စာတော်တဲ့ ဦးလှအောင်ဟာ အတန်းတွေကျော်တက်ပြီး အထက်တန်းအောင်ခဲ့ပါတယ်။ သူဟာ ပညာကို လေးလေးစားစားနဲ့ သင်ယူတဲ့ ကျောင်းသားမျိုးဖြစ်တယ်လို့ စလင်းကျောင်းအုပ်ကြီးက သူ့ကို ချီးကျူးခဲ့ပါတယ်။

ဦးလှအောင်နဲ့ တဦးတည်းသောမြေး

ဓာတ်ပုံ ရင်းမြစ်, Family Archive

ဓာတ်ပုံ ပုံစာ, ဦးလှအောင်နဲ့ တဦးတည်းသောမြေး

ကင်ပေတိုင်ဖမ်းခံရ

ဒါပေမဲ့ သူဆယ်တန်းကို သင်္ချာဂုဏ်ထူးနဲ့ အောင်ချိန်မှာ သူ့ဖခင် မြေတိုင်းစာရေးကြီးက အငြိမ်းစားယူထားပြီ ဖြစ်တဲ့အပြင် ဒုတိယကမ္ဘာစစ်လည်း ဖြစ်လာတဲ့အတွက် သူ ရန်ကုန်တက္ကသိုလ် သွားပြီး ဆေးပညာသင်ဖို့ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် သူ အပြင်မှာ အလုပ်ထွက်လုပ်ပြီး ဘွဲ့ကို အပြင်ဖြေအနေနဲ့ ယူဖို့ ကြိုးစားခဲ့ရပါတယ်။

စစ်အတွင်း ဗမာ့တပ်မတော်မှာ ဒုဗိုလ်နဲ့ စေတုတ္တရာမြို့နယ် ဒုတပ်ခွဲမှူးအဖြစ် တပ်သား စုဆောင်းပေးခဲ့ပြီး အာရှလူငယ် အတွင်းရေးမှူးစတာတွေ လုပ်ခဲ့သလို ဂျပန်ကင်ပေတိုင် ဖမ်းတာလည်း ကြုံခဲ့ရပါတယ်။ စစ်ပြီး ၁၉၄၅ မှာတော့ ပြန်ဝင်လာတဲ့ ဗြိတိသျှအရာရှိတွေက သူ့ကို မင်းဘူးထောင်မှာ သုံးလဖမ်းဆီးခဲ့ပါတယ်။ ဒီတော်လှန်ရေး ဆောင်ရွက်ချက်တွေကြောင့်လည်း နောင်မှာ မော်ကွန်းဝင် (တတိယအဆင့်) ရခဲ့ပါတယ်။

အမေရိကန်ပညာသင်

ဦးလှအောင်မိသားစု

ဓာတ်ပုံ ရင်းမြစ်, Family Archive

ဓာတ်ပုံ ပုံစာ, ဦးလှအောင်မိသားစု

စစ်ပြီးနောက် မိသားစုကို စာရေးအလုပ်နဲ့ ရှာကျွေးနေတုန်း ရန်ကုန်မှာ အထက်တန်းစာရေးအလုပ်ရပါတယ်။ နောက် စာပေဗိမာန်မှာ အယ်ဒီတာ ဝင်လုပ်ရင်း ဝန်ကြီးချုပ်ဦးနု တည်ထောင်တဲ့ အမျိုးသားကောလိပ် (နောင် သက်ကြီး တက္ကသိုလ်) မှာ ဝင်တက်ပါတယ်။

ဒီလို အလုပ်တဖက်နဲ့ ကြိုးစားပညာသင်ခဲ့တဲ့ ဦးလှအောင်ဟာ ရန်ကုန်တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ကို ၁၉၅ဝ မှာ ရပြီး ၁၉၅၂ မှာ ဥပဒေဝိဇ္ဇာဘွဲ့တွေကို ထူးထူးချွန်ချွန်ရရှိခဲ့ပါတယ်။ အဲဒီနောက် အမေရိကန် နိုင်ငံခြားရေးဌာနက ပေးတဲ့ ဖူးလ်ဘရိုက် ပညာတော်သင်ဆုကို ရရှိပြီး မင်နီဆိုတာ တက္ကသိုလ်မှာ သင်ကြားကာ ပြည်သူ့အုပ်ချုပ်ရေးမဟာဝိဇ္ဇာဘွဲ့ကို ၁၉၅၃ မှာ ရရှိခဲ့ပါတယ်။

ဦးလှအောင် ဟားဗတ်က ရတဲ့ မဟာဘွဲ့

ဓာတ်ပုံ ရင်းမြစ်, Family Archive

ဓာတ်ပုံ ပုံစာ, ဦးလှအောင် ဟားဗတ်က ရတဲ့ မဟာဘွဲ့

ဒီလိုပညာသင်နေစဉ် မြန်မာအစိုးရက သူ့ကို လေးနှစ်ပညာသင်ဆုထပ်ပေးတဲ့အတွက် ဥပဒေမှာ နာမည်ကြီးတဲ့ ဟားဗတ်တက္ကသိုလ်မှာ ဆည်းပူးခဲ့ပါတယ်။ ၁၉၅၅ မှာ ဥပဒေမဟာဝိဇ္ဇာဘွဲ့ရပြီးနောက် ပါရဂူဘွဲ့ဆက်သင်နိုင်ပေမယ့် မြန်မာပြည် ပြန်ခဲ့ပါတယ်။ ပြန်လာပြီးနောက် လက်ထောက်အစိုးရရှေ့နေ ရာထူးရသလို ဖို့ဒ်ဖောင်ဒေးရှင်းအစီအစဉ်နဲ့ ပြည်ပကို ထပ်သွားပြီး ဥပဒေသင်ကြားရေးစနစ်တွေကို လေ့လာခဲ့ပါတယ်။ ဗမာ့ဥပဒေတက္ကသိုလ်ထူထောင်ဖို့ အထိ သူကြံစည်ခဲ့ကြောင်းလည်း မေခင်ညွန့်က စလင်းဝက်စလီယန်ဟိုက်စကူး ရာပြည့်အကြို မဂ္ဂဇင်းမှာ ရေးသားခဲ့ပါတယ်။ မြန်မာဥပဒေသင်ကြားရေးကို ဒလကြမ်းပြင်ဆင်ဖို့ လိုနေပြီလို့လည်း ဘားမားလော အင်စတီကျူဂျာနယ်မှာ ၁၉၅၈ က ရေးသားခဲ့ပါတယ်။

တက္ကသိုလ် ပါမောက္ခ

ဦးလှအောင်

ဓာတ်ပုံ ရင်းမြစ်, Family Archive

၁၉၆၃ ကနေ ၁၉၆၅ အတွင်း စင်္ကာပူ အမျိုးသားတက္ကသိုလ်မှာ သူ ဥပဒေကထိကအဖြစ် ပို့ချခဲ့ပါတယ်။ သူရေးတဲ့ စာတမ်းကိုကြိုက်လို့ အလုပ်ခေါ်ပေးတာလို့လည်း သိရပါတယ်။ အဲဒီမှာ ယာယီမဟာဌာနမှူးအဖြစ် ဆောင်ရွက်နေတုန်း ၁၉၆၅ မှာ ရန်ကုန်တက္ကသိုလ် ဥပဒေပါမောက္ခ တရားဝန်ကြီးဟောင်း ဦးအောင်ခိုင် အငြိမ်းစားယူတဲ့ အတွက် သူပြန်လာပြီး ဆက်ခံသင်ကြားပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက ပညာတော်တဲ့ သူ့ကိုခေါ်ယူခဲ့တာလို့လည်း သိရပါတယ်။

ဦးလှအောင်ဟာ ဥပဒေချင်း ပဋိပက္ခဖြစ်မှုလို့ သိကြတဲ့ ပုဂ္ဂလိကဆိုင်ရာ အပြည်ပြည်ဆိုင်ရာဥပဒေကို မြန်မာပြည်မှာ စတင် သင်ကြားပေးခဲ့ကြောင်း ရန်ကုန်တက္ကသိုလ် ဥပဒေပါမောက္ခဟောင်း ဒေါ်သန်းနွဲ့က ရေးသားခဲ့ပါတယ်။ နိုင်ငံတကာဥပဒေချင်း အငြင်းပွားမှု ဖြေရှင်းတာကို နိုင်ငံတကာ ဥပဒေ တင်းနစ်ပွဲလို့ တင်စားခေါ်ကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Family Archive

ဓာတ်ပုံ ပုံစာ, ဘားမားလော အင်စတီကျူဂျာနယ်

သူ တက္ကသိုလ် ပါမောက္ခဖြစ်ချိန်မှာ ဥပဒေဌာနအတွင်း ကြီးမားတဲ့ ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဆေး၊ စက်မှု၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးရေးစတဲ့ မဟာဌာနကြီးတွေကို တက္ကသိုလ်တွေအဖြစ် ပင်မတက္ကသိုလ်ကြီး နှစ်ခုကနေ ခွဲထုတ်ပေးနေတဲ့အချိန်မှာ ဥပဒေမဟာဌာနကို မြန်မာစာ၊ သမိုင်းစတဲ့ ဝိဇ္ဇာသိပ္ပံဌာနတွေနဲ့အတူ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်အောက်မှာ ထားရှိခဲ့ပါတယ်။

ဥပဒေသင်ရိုးခေတ်မီရေးအတွက် တရားသူကြီးချုပ် ဒေါက်တာမောင်မောင်၊ ရှေ့နေချုပ် ဦးဘစိန်တို့နဲ့ ဦးလှအောင်ကို တော်လှန်ရေးအစိုးရက အဖွဲ့ဖွဲ့ လေ့လာစေပါတယ်။ အဲဒီအဖွဲ့က ဥပဒေတက္ကသိုလ်ထူထောင်ဖို့အထိ အကြံပေးခဲ့ပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး။ ဥပဒေကို အချိန်ပိုင်း သင်ကြားနေရာက ဘွဲ့ကြိုတန်းတွေ ဖွင့်ပြီး အချိန်ပြည့် ဥပဒေဘွဲ့အဖြစ် ငါးနှစ်သင်ကြားနိုင်ဖို့ သူစတင်ခဲ့ပါတယ်။

၁၉၇၁ မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးအစိုးရက သူ့ကို အစိုးရရှေ့နေချုပ် ခန့်ခဲ့ပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးမှာလည်း ရှေ့နေချုပ်အဖြစ် သူပါဝင်ခဲ့ရပါတယ်။

ခေါင်းမာတဲ့ ပညာရှင်

မော်ကွန်းဝင်ဘွဲ့ယူနေတဲ့ ဦးလှအောင

ဓာတ်ပုံ ရင်းမြစ်, Family Archive

ဓာတ်ပုံ ပုံစာ, မော်ကွန်းဝင်ဘွဲ့ယူနေတဲ့ ဦးလှအောင်

၁၉၇၄ နောက်ပိုင်း လမ်းစဉ်ပါတီအစိုးရတက်ချိန်မှာတော့ သူ့ကို ရာထူးတွေ မပေးတော့ပါဘူး။ ဦးနေဝင်း ညွှန်ကြားတိုင်း မလုပ်တတ်တဲ့ သူ့ရဲ့ခေါင်းမာမှုကြောင့် ဖြစ်တယ်လို့ သူ့တပည့်တော်ခဲ့တဲ့ ဦးထွန်းအောင်ကျော်က ပြောပါတယ်။ ပြည်သူ့တရားစီရင်ရေးစနစ်ဆိုပြီး ပြင်ပက တရားရေးနဲ့ မသက်ဆိုင်သူတွေကို ခန့်မယ့်စနစ်ကို သူနဲ့ တရားသူကြီးချုပ်ဟောင်း ဒေါက်တာဘိုကြီးတို့က ကန့်ကွက်ကြောင်း သိရတယ်လို့လည်း ဦးထွန်းအောင်ကျော်က ပြောပါတယ်။

၁၉၇၃ ခုနှစ် ဇွန်လက အဲဒီစနစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ အစည်းအဝေးက ပြန်လာတဲ့ ညနေမှာ ဦးလှအောင် မျက်နှာက ခပ်ယဲ့ယဲ့ပဲ ရှိတယ်လို့လည်း ဆိုပါတယ်။ ပျက်ပါပြီကွာလို့ သူ့နှုတ်က မြည်တမ်းခဲ့ပါတယ်။

သူနဲ့ မယားညီအစ်ကိုတော်တဲ့ ဗိုလ်မှူးချုပ်မောင်မောင်ကျော်ဝင်းကတော့ ဆိုရှယ်လစ်နိုင်ငံရဲ့ ပထမဆုံး ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး ပြည်သူ့ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ကွယ်လွန်ခဲ့ပါတယ်။

ဦးလှအောင်ဟာ ၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ်ကစားပွဲ အရေးအခင်းမှာ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေ အထက်တန်းရှေ့နေစာမေးပွဲ ဝင်ဖြေဖို့အတွက် ထောက်ခံချက် ရေးပေးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီစာမေးပွဲကို ဥပဒေ ဒုတိယနှစ်အောင်ပြီးရင် ဝင်ဖြေလို့ ရပေမယ့် ထောက်လှမ်းရေးရဲ့ တားမြစ်ချက်ကြောင့် မော်ကွန်းထိန်းရုံးက ထောက်ခံစာ ထုတ်မပေးရဲဘဲ ဖြစ်နေပါတယ်။ ဒီကျောင်းသားတွေက ပါမောက္ခ ဦးလှအောင်ကို ဝင်တွေ့တဲ့အခါ "မင်းတို့ အောင်တာ ငါသိသားပဲ၊ ထုတ်ပေးမယ်" ဆိုပြီး ရေးပေးလိုက်ကြောင်း တရားလွှတ်တော် ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ပြောပါတယ်။ "စာမေးပွဲဘုတ်အဖွဲ့မှာလည်း ငါကအတွင်းရေးမှူးပဲ၊ မင်းတို့ကို လက်ခံမယ်" လို့ ပြောလိုက် သေးတယ်လို့ ဆိုပါတယ်။

ဥပဒေပညာရှင်

ဦးလှအောင်နဲ့ ဇနီး ရှေ့နေကြီးဒေါ်မြမြထွန်း

ဓာတ်ပုံ ရင်းမြစ်, Family Archive

ဓာတ်ပုံ ပုံစာ, ဦးလှအောင်နဲ့ ဇနီး ရှေ့နေကြီးဒေါ်မြမြထွန်း

ဦးလှအောင်ဟာ ဥပဒေပညာရှင် ဖြစ်တဲ့အတွက် ပညာရပ်ဆောင်းပါးတွေကိုလည်း ရေးသားခဲ့ပါတယ်။ ဘားမားလောအင်စတီကျုဂျာနယ်ကို ဟိုက်ကုတ် တရားဝန်ကြီးချုပ် ဦးချန်ထွန်းအောင်၊ တရားဝန်ကြီးဦးချွန်ဖောင်းတို့ တူဝရီးနဲ့အတူ ထုတ်ဝေခဲ့သလို အိုင်စီဂျေနဲ့ တခြား နိုင်ငံတကာကထုတ်တဲ့ ဥပဒေ ဂျာနယ်တွေမှာလည်း ရေးသားခဲ့ ပါတယ်။

မြန်မာ ဗုဒ္ဓဘာသာဥပဒေနဲ့ မလေးရှားမွတ်ဆလင်ဥပဒေအရ လက်ထပ်မှုလေ့လာချက်၊ မြန်မာဥပဒေတိုးတက်လာမှု၊ မြန်မာတို့ရဲ့ ဥပဒေသဘောတရား၊ ခေတ်ပြိုင် ဆိုရှယ်လစ်အမြင်အရ နိုင်ငံတော်နဲ့ ဥပဒေ စတဲ့ စာတမ်းတွေကို အင်္ဂလိပ် ဘာသာနဲ့ မြန်မာနိုင်ငံသုတေသနအသင်းမှာ ရေးသားခဲ့ပါတယ်။ ဦးလှအောင်က အင်္ဂလိပ်ဥပဒေ စနစ်ကို မြန်မာပြည်ကို သွတ်သွင်းလာတာဟာ မြန်မာဥပဒေစနစ်ကို ချိုးဖျက်ရာ ကျတယ်ဆိုပြီး ရေးသားခဲ့သလို ရိုးရာဓမ္မသတ်တွေကို ဟိန္ဒူ ဥပဒေတွေအဖြစ် ယူဆတာကိုလည်း လက်မခံသူ ဖြစ်ပါတယ်။

ဦးလှအောင်နဲ့ တပည့်များ

ဓာတ်ပုံ ရင်းမြစ်, U Tun Aung Kyaw

ဓာတ်ပုံ ပုံစာ, ဦးလှအောင်နဲ့ တပည့်များ

အငြိမ်းစားယူပြီးနောက်မှာ ဥပဒေစာပေတွေ ရေးသားခဲ့ရာမှာတော့ ထွန်းဖောင်ဒေးရှင်းက ထုတ်တဲ့ Law and Justice in Myanmar (မြန်မာ့ဥပဒေနဲ့ တရားစီရင်ရေး) စာအုပ်လည်း ပါပါတယ်။ မောင်အောင် (ဥပဒေ) အမည်နဲ့ မြန်မာဘာသာ ဆောင်းပါးတွေကိုလည်း ရေးသားခဲ့ပါတယ်။

ဦးလှအောင်ဟာ ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင် ဥပဒေပါမောက္ခအဖြစ် ကွယ်လွန်ချိန်ထိ ဆောင်ရွက်ခဲ့ပြီး ဥပဒေဌာန နှစ်တရာပြည့်ပွဲကိုလည်း မတ်လက တက်ရောက် ဖွင့်လှစ် ပေးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Family Archive

ဓာတ်ပုံ ပုံစာ, ဦးလှအောင်လက်ရာ စာတအုပ်

တပည့်တွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေ ဆက်စပ်တွေးခေါ်ပြီး အလုပ်လုပ်ကြဖို့ အသက် ၉၀ ကျော်ထိ ဦးလှအောင်က ဆုံးမတတ်တယ်လို့လည်း ဦးဟန်ညွန့် (ဥပဒေ)က ရေးသားခဲ့ပါတယ်။

ရန်ကုန် တက္ကသိုလ် ဥပဒေပါမောက္ခ၊ မဟာဌာနမှူး နဲ့ ရှေ့နေချုပ်ဖြစ်ခဲ့တဲ့ ဒေါက်တာဘဟန်ရဲ့ နာရေးသတင်းကို ၁၉၇ဝ က သုတေသနအသင်းဂျာနယ်မှာ ရေးခဲ့စဉ်က ဥပဒေသမားတွေ အသက်ရှည်တတ်ကြောင်း အစချီပြီး ဦးလှအောင် ရေးသားခဲ့ပါတယ်။ သူ့စကားအတိုင်း ဦးလှအောင်လည်း အသက်တရာတမ်းအထိ နေသွားခဲ့ပါတယ်။

ဦးလှအောင် သင်ချင်ပေမယ့် မတက်ခဲ့ရတဲ့ ဆရာဝန်ဘွဲ့ကိုတော့ သမီး ဒေါက်တာ သိင်္ဂီအောင်က ရရှိပြီး သား ဦးစည်သူအောင်က သတင်းအချက်အလက်နည်းပညာနဲ့ ဆိုင်ဘာလုံခြုံရေးဦးစီးဌာနမှာ ဒုတိယ အင်ဂျင်နီယာချုပ် အဖြစ် ထမ်းဆောင်နေပါတယ်။ သီပေါမင်းပါတော်မူစက ရွှေဘိုမြေတိုင်းကျောင်းမှာ သွားစာသင်ပြီး လယ်သမားမျိုးရိုးက ရုန်းထွက်ခဲ့တဲ့ ဦးကိုင်းရဲ့သားက ရှေ့နေချုပ်ထိ ဖြစ်ခဲ့တာကလည်း စလင်းနယ်ဘက်မှာ ပြောစမှတ် တွင်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, U Han Nyunt Law

ဓာတ်ပုံ ပုံစာ, ပါမောက္ခ ဦးလှအောင် ၊ ပါမောက္ခ ဒေါ်သန်းနွဲ့နဲ့ တပည့်များ