မြန်မာစာစုစာရင်းပြုခဲ့တဲ့ ဗြိတိသျှစာကြည့်တိုက်မှူး

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
လန်ဒန်မြို့ ဗြိတိသျှစာကြည့်တိုက်မှာ အရှေ့တောင်အာရှ စာကြည့်တိုက်မှူးအဖြစ် ၂၃ နှစ် လုပ်ကိုင်သွားတဲ့ ပက်ထရစ်ရှာ အမ် ဟားဘတ် အသက် ၈၂ နှစ်အရွယ် ဧပြီလ ၁၆ ရက်မှာ အက်ဒင်ဘာရာမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ပက်ထရစ်ရှာ ဟားဘတ်ဟာ လန်ဒန်၊ မစ်ချီဂန်နဲ့ ကော်နဲလ်တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့ပြီး ဦးနေ၀င်း၊ ဒေါက်တာ မိုက်ကယ်အဲရစ်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ရင်းနှီးတဲ့ မြန်မာသမိုင်း သုတေသီတဦး ဖြစ်ပါတယ်။ မြန်မာကျောင်းသား ၁၆၀၀ ကို ပညာသင်ဆုပေးခဲ့တဲ့ Prospect Burma ပညာသင်ဆုအဖွဲ့မှာလည်း ပက်ထရစ်ရှာ ဟားဘတ်က ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
မြန်မာကျောင်းသားတွေရဲ့ မိတ်ဆွေ

ဓာတ်ပုံ ရင်းမြစ်, Courtesy of Family
ပက်ထရစ်ရှာ ဟားဘတ်ဟာ ၁၉၆၀ ကျော်က လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိက ပညာရပ်များကျောင်း (SOAS) မှာ ပညာသင်ခဲ့စဉ်မှာ မြန်မာကျောင်းသားတွေနဲ့ ခင်မင်ရင်းနှီးခဲ့ပြီး မြန်မာပြည်ကို စိတ်၀င်စားခဲ့ကြောင်း သူနဲ့ လန်ဒန်မှာ မိတ်ဆွေဖြစ်ပြီး အတူတွဲသွားလာခဲ့တဲ့ စာကြည့်တိုက်မှူး ဒေါက်တာ ခင်သက်ထားက ပြောပါတယ်။ ပက်ထရစ်ရှာဟာ မြန်မာစာ ပါမောက္ခ ဒေါက်တာလှဘေကို သူ့ဖခင်လို အထူးခင်မင်ပြီး သူမောင်းတဲ့ကားကိုတောင် ဆရာလှဘေ ထိုင်လို့ အဆင်ပြေအောင် စီစဉ်ခဲ့သူ ဖြစ်ပါတယ်။
သူနဲ့ လန်ဒန်မှာ ခင်မင်ခဲ့သူတွေထဲမှာ သမိုင်းက ဦးတင်လှသော်၊ ဘီဘီစီ ဦးတင်ထွေး၊ ဦးအောင်ဆန်းဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ မောင်နှမ အပြင် အဏ္ဏဝါရေကြောင်း ဥပဒေ ပညာရှင် ဒေါက်တာကျင်စွိလည်း ပါပါတယ်။ ၁၉၆၂ နောက်ပိုင်း မြန်မာပြည်ကနေ ငွေလွှဲရခက်ခဲလို့ ပိုက်ဆံမရှိဖြစ်နေတဲ့ မြန်မာကျောင်းသားတွေကိုလည်း ပက်ထရစ်ရှာက သူ့အိမ်မှာ ခေါ်ထားပြီး ဒီထဲမှာ အစိုးရအတွင်းဝန်ချုပ် အိုင်စီအက် ဦး၀င်းဖေရဲ့သား ဓာတုဗေဒပညာရှင် ဒေါက်တာမြင့်မောင်တို့ ညီအစ်ကိုလည်း ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Courtesy of Family
၁၉၇၀ ကျော်မှာ ဒေါက်တာကျင်စွိနဲ့ လက်ထပ်ပြီး မြန်မာပြည်ကို ပက်ထရစ်ရှာ လိုက်သွားပါတယ်။ သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနက ကြယ်ငါးပွင့်သင်္ဘောလိုင်းအတွက် ဒေါက်တာကျင်စွိက အကြံပေး လုပ်ချိန်မှာ မြန်မာပြည်မှာ သုံးနှစ်နေစဉ်အတွင်း သူ့ရဲ့ ပါရဂူဘွဲ့ယူကျမ်းအတွက် ဂဠုန်ဆရာစံ အကြောင်း သုတေသနပြုခဲ့ပါတယ်။ မြန်မာပြည်မှာ နေရေးစားရေး ကျပ်တည်းတဲ့ ဆိုရှယ်လစ်ခေတ်မှာ ပက်ထရစ်ရှာ ဟားဘတ် ဖြစ်အောင် နေခဲ့ပြီး မြန်မာဟင်းချက်နည်းတွေကိုတောင် အရှေ့တောင်အာရှ ဟင်းချက်နည်းစာအုပ်တအုပ်အတွက် ရေးပေးခဲ့ကြောင်း ဒေါက်တာ ခင်သက်ထားက ပြောပါတယ်။
ပက်ထရစ်ရှာဟာ မြန်မာပြည်မှာ ပျော်ပြီး နယ်တွေဘက် ခရီးထွက်ချင်ပေမယ့် ခင်ပွန်းဖြစ်သူက ခွင့်မပြုခဲ့ကြောင်း သူနဲ့ အထူးခင်မင်တဲ့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူး (အငြိမ်းစား) ဒေါက်တာသော်ကောင်းက ပြောပါတယ်။ နောက်ပိုင်းမှာတော့ ခင်ပွန်းဖြစ်သူက မြန်မာပြည်မှာ မပျော်လို့ စင်္ကာပူထွက် အလုပ်လုပ်ချင်ပြီး ပက်ထရစ်ရှာက မြန်မာပြည်မှာ ဆက်ပြီး နေချင်ပါတယ်။ ဂျပန်ခေတ်မှာတောင် မြန်မာပြည်မှာ ဖြစ်အောင် နေခဲ့တဲ့ အင်္ဂလိပ်အမျိုးသမီး မစ္စစ်မော်နီကာမြမောင်ကို နမူနာပြပြီး ဆက်နေဖို့ ပက်ထရစ်ရှာက ပြောပေမယ့် ဖြစ်မလာဘဲ သူတို့ လင်မယားပြတ်စဲပြီး သူလည်း လန်ဒန် ပြန်ခဲ့ရပါတယ်။
ဗုဒ္ဓ၀င် စာကြည့်တိုက်မှူး

ဓာတ်ပုံ ရင်းမြစ်, © British Library Board Or.4762, ff.9-10
ဒေါက်တာကျင်စွိနဲ့ ပြတ်စဲခဲ့ပြီးနောက် ၁၉၇၅ မှာ ပက်ထရစ်ရှာ လန်ဒန် ပြန်လာပြီး ဆရာဖြစ်သူ လန်ဒန်တက္ကသိုလ် မြန်မာစာပါမောက္ခ ဒေါက်တာလှဘေ အကူအညီနဲ့ ဗြိတိသျှ စာကြည့်တိုက်အတွက် မြန်မာစာကြည့်တိုက်မှူး ဖြစ်လာသလို အရှေ့တောင်အာရှ စာကြည့်တိုက်မှူးထိ ဖြစ်လာပြီး ၁၉၉၈ ထိ လုပ်ကိုင်ခဲ့ပါတယ်။
ဒီအတောအတွင်း ပက်ထရစ်ရှာ ပြုစုခဲ့တဲ့ စာအုပ်တွေထဲမှာ ၁၉၉၃ က ထုတ်တဲ့ မြန်မာဗုဒ္ဓဝင် ပုရပိုက်တွေအကြောင်း စာအုပ်က မြန်မာပြည်မှာ အထင်ရှားဆုံးဖြစ်ပြီး ကုန်းဘောင်ခေတ် မြန်မာပုရပိုက်ပန်းချီအလှနဲ့ ရေးဆွဲတဲ့ ခေတ်ကာလနောက်ခံမြင်ကွင်းတွေကို သိနိုင်တာမို့ သမိုင်းတန်ဖိုးကြီးတဲ့ စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို မြန်မာလိုလည်း ပြန်ဆို ရိုက်နှိပ်ခဲ့ကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တခါ ၁၉၉၁ က ထုတ်တဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်စာတမ်းတွေအကြောင်း ပက်ထရစ်ရှာရဲ့စာစုစာရင်းကလည်း ပညာရှင်တွေကြားမှာ ထင်ရှားပါတယ်။ ဒီစာစုစာရင်းကို ကိုးကားပြီး မြန်မာပြည်က ပါရဂူကျမ်းပြုတွေကို ကူညီနိုင်ကြောင်းလည်း ရည်ညွှန်းစာကြည့်တိုက်မှူးတယောက်က ပြောပါတယ်။ အင်တာနက်မရှိ၊ ပြည်ပစာအုပ်စာတမ်း စုံစုံလင်လင် မရတဲ့ မြန်မာပြည်မှာ တချိန်က ဒီစာစုစာရင်းကို မိတ္တူဆွဲပြီး ပြည်တွင်းက ပညာရှင်တွေ လေ့လာခဲ့ကြပြီး ဘာသာရပ်ပေါင်းစုံက စာအုပ်စာတမ်း ၁၅၀၀ လောက်အကြောင်းကို အနှစ်ချုပ် ရေးပြပြီး ပညာရှင်နဲ့ သုတေသီ ကျောင်းသားတွေအတွက် အားထုတ် ပြုစုပေးခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။
ဒီစာအုပ်မှာ အဲဒီအချိန်က ထုတ်ခါစ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး စာအုပ်အကြောင်း စက်ရပ်အနေနဲ့ ထည့်နိုင်တဲ့အထိ အားထုတ်ခဲ့တယ်လို့လည်း ပက်ထရစ်ရှာဟားဘတ်က အမှာစာမှာ ရေးခဲ့ပါတယ်။ မြန်မာပြည်အကြောင်း ပါရဂူဘွဲ့ယူစာတမ်းတွေအကြောင်း စာစုစာရင်းတွေရှိပေမယ့် စာအုပ်တွေအကြောင်းက ပက်ထရစ်ရှာက ပထမဆုံး စုံစုံလင်လင် ပြုစုခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၀၄ မှာ လန်ဒန်တက္ကသိုလ်က ပါမောက္ခမိုက်ကယ်ချာနေရဲ့ မြန်မာသုတေသန တဆင့်ခံ စာစုစာရင်း ပေါ်ထွက်လာပေမယ့် စာအုပ်အမည်တွေပဲ ပါရှိပါတယ်။ ပက်ထရစ်ရှာ စာစုစာရင်းကိုလည်း အနှစ် ၃၀ ကျော်အတွင်း အသစ်ဖြည့်စွက်မထုတ်နိုင်သေးတာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပညာရှင် စာကြည့်တိုက်မှူးအဖြစ် ပက်ထရစ်ရှာ အောင်မြင်ခဲ့ပေမယ့် ပါရဂူဘွဲ့ယူဖို့ ကြိုးစားမှုတွေက အရာမထင်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်နဲ့ လန်ဒန်တက္ကသိုလ်တွေမှာ အရှေ့တောင်အာရှ သမိုင်း ပါမောက္ခ လုပ်ခဲ့တဲ့ ဒီဂျီအီးဟောလ် မစ်ချီဂန်၊ ကော်နဲလ် စတဲ့ အမေရိကန်တက္ကသိုလ်တွေမှာ သွားပြီး ပို့ချချိန်မှာ သူလိုက်သွားပြီး ကျောင်းတက်ခဲ့သလို မြန်မာပြည် ပြန်လာပြီး သုတေသနပြုဖို့လည်း ပက်ထရစ်ရှာ ဟားဘတ် ကြိုးစားပါတယ်။
၁၉၈၀ မှာ မြန်မာပြည်ကို သူ သုံးလလာပြီး သုတေသနလုပ်ဖို့ ဦးသော်ကောင်းကို အကူအညီတောင်းရာမှာ အဲဒီအချိန်က မြန်မာပြည် သမ္မတ ဦးနေ၀င်းဆီ သွားပြောပေးရပါတယ်။ မင်းတို့ မိတ်ဆွေဆိုတော့ ငါ့ဧည့်သည်အနေနဲ့ ဖိတ်လိုက်ပါ ဆိုပြီး ဦးနေ၀င်းရဲ့ ခွင့်ပြုချက်နဲ့ ပက်ထရစ်ရှာ ပြန်လာပြီး သုတေသနတွေ လုပ်ပါတယ်။ ဆရာစံသူပုန်မှာ တသက်တကျွန်းကျပြီး ကပ္ပလီကျွန်းမှာ အကြာကြီးနေခဲ့ကြတဲ့ ကျွန်းပြန်လယ်သမားကြီးတွေနဲ့ ပက်ထရစ်ရှာ တွေ့ဆုံမေးမြန်းထားတာတွေကိုလည်း ရန်ကုန်က တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ကို ပေးထားခဲ့တဲ့အတွက် မေထရီအောင်သွင် စတဲ့ နောက်ထပ် ဆရာစံသူပုန်အကြောင်း သုတေသနပြုကြတဲ့ ပညာရှင်တွေ ကိုးကားစရာ ဖြစ်ခဲ့ကြောင်း ဦးသော်ကောင်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါရဂူဘွဲ့မရခဲ့ပေမယ့် ဆရာစံ သူပုန်ကို ပြန်လည်အကဲဖြတ်ခြင်းဆိုတဲ့ ပက်ထရစ်ရှာ ဟားဘတ်ရဲ့ ဆရာစံစာတမ်းမှာ ဆရာစံကို မင်းလောင်းရူး ရူးနေသူ ရှေးရိုးစွဲဆိုပြီး ပြောဆိုချက်တွေ မဟုတ်ကြောင်း ချေပခဲ့တယ်လို့ မြန်မာ သမိုင်းပညာရှင် ဒေါက်တာဖြိုး၀င်းလတ်က ရေးပါတယ်။ မြန်မာ ရာမာယဏ၊ ဆာအာသာဖယ်ယာရဲ့ မြန်မာစာစု၊ ဗြိတိသျှစာကြည့်တိုက်မှ မြန်မာပုရပိုက်များ၊ ဦးဖေမောင်တင် စာစုစာရင်း စတဲ့ စစာတမ်းတွေကိုလည်း ပက်ထရစ်ရှာ ပြုစုခဲ့ပါတယ်။
လန်ဒန်ကနေ မြန်မာကို ကူသူ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပက်ထရစ်ရှာဟားဘတ်ဟာ ဆိုရှယ်လစ်ခေတ် မြန်မာပြည် တက္ကသိုလ်စာကြည့်တိုက်တွေအတွက် စာအုပ်စာတမ်းတွေ ရအောင် ကူညီပေးခဲ့ကြောင်းလည်း ဦးသော်ကောင်းက ပြောပါတယ်။ ဦးသော်ကောင်း စာကြည့်တိုက်မှူး ဖြစ်စက မြန်မာကျပ်ငွေ ခုနစ်သိန်းဖိုး ပြည်ပစာအုပ်တွေ ၀ယ်နိုင်ခဲ့ပေမယ့် နောက်ပိုင်း ဒီငွေတွေ ကုန်ခမ်းလာလို့ မ၀ယ်နိုင် ဖြစ်နေချိန်မှာ မြန်မာနဲ့ အင်္ဂလိပ်စာအုပ်တွေ လဲလှယ်ရေး အစီအစဉ်နဲ့ ပက်ထရစ်ရှာဟားဘတ်က ကူညီပေးခဲ့ပါတယ်။ ပက်ထရစ်ရှာဟားဘတ်ဟာ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ဇနီး ဒေါ်နီနီမြင့်ရဲ့ Burma's Struggle Against British Imperialism စာအုပ်ရေးသားတဲ့ သုတေသနလုပ်ငန်းမှာလည်း များစွာ ကူညီခဲ့ပါတယ်။
ဇော်ဂျီနဲ့ မင်းသု၀ဏ်တို့ ရွေးပေးခဲ့တဲ့ အစောပိုင်းမြန်မာစာအုပ်တွေနဲ့ မြန်မာပြည်အတွက် ရှားပါး ကိုလိုနီမှတ်တမ်းတွေကို မိုက်ခရိုဖလင်နဲ့ ပက်ထရစ်ရှာ ကူးပေးခဲ့ပေမယ့် မြန်မာပြည် ရာသီဥတုနဲ့ သိမ်းဆည်းမှု နေရာမကျတာတွေကြောင့် မိုက်ခရိုဖလင်အများအပြား ပျက်စီးခဲ့ပါတယ်။ ပက်ထရစ်ရှာ မြန်မာပြည်မှာ မနေနိုင်တော့ပေမယ့် လန်ဒန်မှာ သူရှိနေတဲ့အတွက် မြန်မာပြည် သုတေသနလုပ်ငန်းတွေအတွက် အားကိုးရတယ်ဆိုပြီး ဦးသော်ကောင်းက မှတ်ချက်ချပါတယ်။

ဓာတ်ပုံ ရင်းမြစ်, https://iisg.amsterdam/en/blog
မြန်မာပြည်နဲ့ မြန်မာအကြောင်း လေ့လာသူတွေအတွက် ဗြိတိသျှ စာကြည့်တိုက်ကနေ ပက်ထရစ်ရှာ ကူညီရုံသာမက အမ်စတာဒမ်မြို့က နိုင်ငံတကာ လူမှုသမိုင်း အင်စတီကျုမှာလည်း ၂၀၁၈ က စလို့ ပက်ထရစ်ရှာ ဟားဘတ်စာစု ထားရှိပြီး ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်မှူးချုပ်မောင်မောင်၊ သမ္မတဟောင်း ဒေါက်တာမောင်မောင် စတဲ့ မြန်မာပြည်က ထင်ရှားသူတွေနဲ့ ဆက်သွယ်ပေးစာတွေအပြင် ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုအကြောင်း မှတ်တမ်းတွေပါ သိမ်းဆည်းထားပြီး စစ်တပ်အောက်က မြန်မာပြည်အကြောင်း သုတေသန ပြုလိုသူတွေအတွက် မှီငြမ်းကိုးကားစရာအဖြစ် သုံးနိုင်အောင် ပက်ထရစ်ရှာ စုဆောင်း ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီပေးစာတွေထဲ ၁၉၈၆ က ဦးနေ၀င်းဆီ ပက်ထရစ်ရှာက ဗုဒ္ဓ၀င်ဆိုင်ရာ စာအုပ်တအုပ်ပို့ပေးလို့ လမ်းစဥ်ပါတီ ဥက္ကဋ္ဌကြီးက ကျေးဇူးတင်ကြောင်း ရေးတဲ့စာပါသလို သမ္မတဟောင်း ဒေါက်တာမောင်မောင်ရဲ့ ၁၉၈၈ မှတ်တမ်းအကြောင်း ရေးတဲ့စာတွေလည်း ပါပါတယ်။ အဲဒီအချိန်က ဗုဒ္ဓ၀င်နဲ့ ပတ်သက်ပြီး ရေးသားနေတဲ့ ပက်ထရစ်ရှာ ဟားဘတ်က တရားထိုင်တာနဲ့ ပတ်သက်ပြီး ဒေါက်တာမောင်မောင်ဆီ မေးမြန်းရာမှာ ရုံးထဲမှာ၊ လမ်းသွားရင်း မီးနီမိတဲ့အခါတွေမှာလည်း တရားမှတ်လို့ရကြောင်း ဒေါက်တာမောင်မောင်က ပြန်ကြားခဲ့ပါတယ်။
အ၀ေးရောက် မြန်မာတွေကို ကူညီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မော်လမြိုင်မှာ အငြိမ်းစား နေနေတဲ့ သူ့ဆရာရင်း ဒေါက်တာလှဘေက လန်ဒန်မှာ သုတေသနလာပြုတဲ့ မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆု ပေးနိုင်အောင် ပက်ထရစ်ရှာ ဟားဘတ် စီစဉ်ပေးခဲ့ပါတယ်။ နောက်ပိုင်း ၁၉၈၉ မှာတော့ Prospect Burma ဆိုပြီး ပညာသင်ဆု ပေါ်လာအောင် ပက်ထရစ်ရှာ ကူညီကြီးမှူးပေးခဲ့ပါတယ်။ ဒီပညာသင်ဆုက မြန်မာပြည်ကနေ ပြည်ပထွက်ပြီး ပညာသင်ဖို့ ကြိုးစားတဲ့ မြန်မာတွေအတွက် ပေးတဲ့ ပညာသင်ဆု ဖြစ်ပါတယ်။
မြန်မာပြည်အနာဂတ်အတွက် အရေးကြီးတဲ့ ပညာရပ်တွေ သင်ကြားဖို့ ပေးတဲ့ ပညာသင်ဆုအတွက် ပက်ထရစ်ရှာရဲ့ ၂၆ နှစ်တိုင်တိုင် ကူညီပေးမှုကြောင့်လည်း ဗြိတိသျှ အစိုးရက အင်္ဂလိပ်-မြန်မာဆက်ဆံရေး တိုးမြင့်အောင် ဆောင်ရွက်သူအဖြစ် သူ့ကို ၂၀၁၇ မှာ MBE (Member of the Most Excellent Order of the British Empire) ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ ပက်ထရစ်ရှာဟားဘတ်ဟာ ပညာသင်ဆုရ ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်အကြောင်းကို စိတ်၀င်တစားရှိပြီး ကမ္ဘာအရပ်ရပ်က တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး မြန်မာလူငယ်တွေရဲ့ ပညာရေးကို ကူညီပေးကြဖို့ တိုက်တွန်းခဲ့ကြောင်း Prospect Burma ပညာသင်ဆုအဖွဲ့ဘက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လန်ဒန်မှာ စာကြည့်တိုက်မှူးလုပ်နေစဉ် ဘီဘီစီ ပြင်သစ်စာပေကဏ္ဍမှာ အလုပ်လုပ်တဲ့ အေရီယယ် ဒေးဂရားနဲ့ ပက်ထရစ်ရှာ ဟားဘတ် လက်ထပ်ခဲ့ပြီး သမီးတယောက် ထွန်းကားခဲ့ပါတယ်။ ဒီလို အိမ်ထောင်ထပ်ပြုပေမယ့် ခင်ပွန်းဟောင်းနဲ့ ခင်မင်မှု မပျက်ဘဲ မိသားစု၀င်လို ခင်မင်ခဲ့ကြပါတယ်။ ဒေါက်တာကျင်စွိဟာ ပက်ထရစ်ရှာကို လူမမာ လာမေးရင်း ၂၀၁၅ က လန်ဒန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ပက်ထရစ်ရှာဟာ အဲဒီအချိန်က လန်ဒန်မှာ ရှိတဲ့ မြန်မာသံအမတ် ဦးတင်ထွန်းနဲ့ ခင်သလို မြန်မာပြည်က သုတေသနအတွက် လာတဲ့ ဒေါ်ကြန်၊ ဒေါက်တာခင်လှဟန် စတဲ့ ပညာရှင်တွေနဲ့လည်း ရင်းနှီးကျွမ်း၀င်ပါတယ်။ လန်ဒန်က ပက်ထရစ်ရှာဟားဘတ်ရဲ့ အိမ်အပေါ်ဆုံးထပ်ဟာ မြန်မာဧည့်သည်တွေရဲ့ နေရာလို ဖြစ်နေကြောင်း ဦးသော်ကောင်းက ပြောပါတယ်။
သူ့လို ပညာရှင်မျိုး ထပ်ပေါ်လာဖို့ မမြင်

ဓာတ်ပုံ ရင်းမြစ်, Courtesy of Family
ပက်ထရစ်ရှာ ဟားဘတ်ရဲ့ ဘ၀မှာ မြန်မာ ဗုဒ္ဓ၀င် ပုရပိုက်တွေအကြောင်း ဗြိတိသျှ စာကြည့်တိုက်မှာ ပြပွဲ လုပ် စာအုပ်ထုတ်နိုင်ခဲ့တာကို အင်မတန် ဂုဏ်ယူပြီး မြန်မာကျောင်းသားတွေ ပညာရေးအတွက် ကူညီနိုင်တဲ့အတွက်လည်း အလွန် စိတ်ချမ်းမြေ့ခဲ့ပါတယ်။ ၁၉၈၈ တ၀ိုက် ပြည်ပရောက် မြန်မာတွေ အခက်အခဲတွေနဲ့ ကြုံလာရင် ပက်ထရစ်ရှာဆီကို ဖုန်းဆက် စာရေး လုပ်ကြကြောင်း သူ့မိတ်ဆွေတွေက ပြန်ပြောင်းပြောပြပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက် သူ့မိတ်ဆွေရင်း ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေချိန်မှာ ပက်ထရစ်ရှာ ကွယ်လွန်ခဲ့ပြီး မြန်မာပြည် ပညာရေး အခက်အခဲ အဆိုးဆုံးကြုံနေရချိန်တကွေ့လည်း ဖြစ်နေပါတယ်။ ၁၉၆၀ ကျော်က မြန်မာပြည် တံခါးပိတ်ချိန်မျိုးကို ဒေါ်အောင်ဆန်းစုကြည်တို့လို လန်ဒန်ရောက် မြန်မာကျောင်းသားတွေ ကြုံခဲ့ရသလိုပဲ လက်ရှိ နိုင်ငံတကာရောက်နဲ့ ပြည်တွင်းနေ မြန်မာကျောင်းသားတွေ တွေ့ကြုံနေရပါတယ်။
၂၀၁၀ ကျော်မှာ ပညာရေး တံခါး ခဏ ပွင့်ပြီး ပြည်ပက ပညာရေး အရင်းအမြစ်တွေ မြန်မာပြည်ထဲ စီးဝင်ခဲ့ပေမယ့် ဒီအကူအညီတွေက အာဏာသိမ်းမှုအသစ်အောက်မှာ ပြန်မှေးမှိန်သွားခဲ့ပါတယ်။ ပညာရေး ကောင်း ရဖို့နဲ့ စစ်သားစုဆောင်းမှုကနေ လွတ်ကင်းအောင်လည်း ထောင်နဲ့ချီတဲ့ လူလတ်တန်းစားနဲ့ အထက် မြန်မာလူငယ်တွေ ပြည်ပထွက်ပြီး စာသင်ကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr Khin Thet Htar
ဒီလို ခေတ်ကောင်း ခေတ်ဆိုးတွေ ဘယ်လိုပြောင်းပြောင်း၊ ပက်ထရစ်ရှာဟားဘတ်လိုပဲ မြန်မာပြည်အတွက် စိတ်နှစ် ကူညီပေးမယ့် ပြည်ပနိုင်ငံသားတွေကတော့ ဆက်ရှိနေမှာပါ။ ပက်ထရစ်ရှာဟာ မြန်မာပြည်က ဆရာတိုက်စိုးလို သုတေသီ စာကြည့်တိုက်မှူးကောင်း တယောက်ဖြစ်ပြီး သူ့လို ပညာရှင်မျိုး ထပ်ပေါ်လာဖို့ မမြင်ဘူးလို့လည်း စာကြည့်တိုက်မှူးကြီး ဦးသော်ကောင်းက အမှတ်တရ ပြောကြားခဲ့ပါတယ်။








