ဘတ်စ်ကားစီးပြီး ရုံးတက်တဲ့ ဘိလပ်ပြန် ညွှန်ကြားရေးမှူးချုပ်

burma

ဓာတ်ပုံ ရင်းမြစ်, Smith Collection/Gado

ဓာတ်ပုံ ပုံစာ, အမျိုးသားစာကြည့်တိုက် ဖြစ်ခဲ့တဲ့ ဂျူဗလီဟော
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

နိုင်ငံတခု ထူထောင်တဲ့အခါမှာ စစ်တပ်၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တရားရုံးစတဲ့ ပင်မအဖွဲ့အစည်းတွေသာမက စာပေ ယဉ်ကျေးမှု စိတ်ဓာတ်ပိုင်းကလည်း နိုင်ငံသိစိတ် ချစ်စိတ်တွေ ပေါ်လာအောင် ဆော်ဩ ပေးရပါတယ်။ ဒါကိုသိတဲ့ လူကြီးပိုင်းက မြန်မာပြည်အတွက် ပြတိုက် စာကြည့်တိုက်နဲ့ အနုပညာတိုက်တွေ ရှိဖို့လိုတဲ့အကြောင်း ကိုလိုနီခေတ်ကစပြီး တိုက်တွန်းခဲ့ကြသလို ဒီယဉ်ကျေးမှု အဆောက်အဦတွေကို ကွပ်ကဲဖို့ အတွက် ပညာရှင်တွေ ပေါ်ထွက်ဖို့လည်း ကမ္ဘာစစ် မဖြစ်ခင်ကတည်းက စိုင်းပြင်းခဲ့ကြပါတယ်။ ဒါကြောင့် ဦးခင်ဇော်နဲ့ ဦးသိန်းဟန်ကို ပိဋကတ်တိုက်ပညာလို့ ခေါ်တဲ့ စာကြည့်တိုက်လုပ်ငန်းအတွက် ဗြိတိန်ကို စေလွှတ်ခဲ့ သလို ပန်းချီပညာသင်အဖြစ် ဦးဘဉာဏ်နဲ့ ဦးဘဇော်ကိုလည်း ဒီ့အရင်ကတည်းက လန်ဒန်ကို ပို့ခဲ့ပါတယ်။

ဒါပေမဲ့ ကိုလိုနီခေတ်မြန်မာနိုင်ငံမှာ အဲဒီအချိန်ထိ အမျိုးသားစာကြည့်တိုက်နဲ့ ပြတိုက်၊ အနုပညာပြခန်းတွေ မရှိသေးဘဲ ရန်ကုန် တက္ကသိုလ် ပိဋကတ်တိုက်နဲ့ ရန်ကုန်မြို့ထဲက ဗားနတ်ပိဋကတ်တိုက်နဲ့ ပြတိုက်အပြင် ပြည်နားက မှော်ဇာ၊ ရခိုင်က မြောက်ဦးနဲ့ အညာက ပုဂံ၊ ရွှေဘိုနဲ့ မန္တလေးမှာ ကမ္ပည်းကျောက်စာဌာန ပြတိုက်ကလေးတွေပဲ ရှိခဲ့ပါတယ်။

စစ်အတွင်းမှာတော့ ရှားပါးစာအုပ်စာတမ်းနဲ့ ပေပုရပိုက်တွေ ထားရှိရာ တက္ကသိုလ် ပိဋကတ်တိုက်နဲ့ ဗားနတ်ပိဋကတ်တိုက်တွေ လုယက်ဖျက်ဆီးခံရပါတယ်။ ဗားနတ်က ကျန်သမျှကို ဦးသိန်းဟန်ခေါ် ဇော်ဂျီနဲ့ ဝန်ထမ်း တွေက သိမ်းဆည်းပြီး ရွှေတိဂုံဘုရား ဇရပ် တဆောင်မှာ စုစည်းထားခဲ့တယ်လို့ ဆိုသလို ဂျပန်ခေတ်မှာ ဗန္ဓုလ အမျိုးသား စာကြည့်တိုက် ဆိုပြီး ရှိခဲ့တယ်လို့လည်း စာရေးဆရာ အောင်စိုးက ရေးပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, တက်တိုး၊ တိုက်စိုး၊ ဒဂုန်တာရာ၊ တက္ကသိုလ်ထင်ကြီးနဲ့ နထိုးစံဝင်းအကြောင်း

ကြောင်နှစ်ကောင်နဲ့ လင်းကွင်း

လွတ်လပ်ရေးမရခင် တနှစ်အလိုမှာတော့ မြန်မာနိုင်ငံကနေ စာကြည့်တိုက်ပညာသင် လူငယ် တယောက် ဗြိတိန်ကို စေလွှတ်ခဲ့ပါတယ်။ စစ်ပြီးခေတ်မှာ ပထမဆုံး လွှတ်တဲ့ စာကြည့်တိုက်ပညာသင် ကိုသန်းထွတ်ဟာ ငယ်စဉ်ကတည်းက ပညာထူးချွန်သူဖြစ်ပြီး သူ့ကို သူ့ဖခင်က အိုင်စီအက်ခေါ် ပဋိညာဉ်ခံဝန်ထမ်း အုပ်ချုပ်ရေးအရာရှိကြီး ဖြစ်ဖို့ အားပေးခဲ့တယ်လို့ သမိုင်းပညာရှင် ဒေါ်ကြန်က ရေးပါတယ်။

နောက် ရန်ကုန်တက္ကသိုလ်မှာ တက်တိုး၊ ဒဂုန်တာရာနဲ့ ညိုမြစတဲ့ လူငယ် စာရေးဆရာ တွေနဲ့ ခင်မင်လာတဲ့ ကိုသန်းထွတ်ဟာ စာပေဝါသနာပါပေမယ့် စာရေးတာတော့ မလုပ်သေးပါဘူး။ ခွေးသမင်မျက်နှာမှာ ရွှေမျက်မှန် တပ်ထားတာနဲ့ တူတယ်ဆိုပြီး တက်တိုးက ကျီစယ်ရေးသားခံရတဲ့ ကိုသန်းထွတ်ဟာ ချစ်သူနားမှာ ကြောင်နှစ်ကောင်ကို လင်းကွင်းတီးပေးပြီး ပျော်ပျော်နေချင်တဲ့သူလို့လည်း တက္ကသိုလ်တွင် မကျော်ကြားသော ပုဂ္ဂိုလ်ကြီးငါးဦး ဆိုတဲ့ တက္ကသိုလ်မဂ္ဂဇင်းပါ ဆောင်းပါးမှာ ၁၉၄ဝ က စာဖွဲ့ခံခဲ့ရပါတယ်။

uk
ဓာတ်ပုံ ပုံစာ, ပြတိုက်ဖြစ်သွားတဲ့ ဗြိတိသျှ စာကြည့်တိုက်ဟောင်း

စစ်အတွင်းမှာ ဦးသိန်းဟန်ရဲ့ စာကြည့်တိုက်အကြောင်း ဟောပြောချက်ကို နားထောင်မိပြီး ကိုသန်းထွတ် စာကြည့်တိုက်ပညာသင်ချင်ခဲ့ပါတယ်။ အင်္ဂလန်မသွားခင် ဦးသိန်းဟန်ဆီမှာ ထောက်ခံစာတောင်းတော့ မြန်မာပြည်မှာ ခေတ်မီ စာကြည့်တိုက်တွေ နည်းတဲ့ အလုပ်ရဖို့ ခက်ကြောင်း သတိပေးလိုက်ပါတယ်။

ဗြိတိသျှစာကြည့်တိုက်မှာလေ့လာ

ကိုသန်းထွတ်ဟာ တခြားပညာသင်တွေနဲ့မတူဘဲ ပညာဗဟုသုတကို ရှာဖွေလေ့လာခဲ့သူ ဖြစ်ပါတယ်။ သူနဲ့ သင်္ဘောအတူစီးပြီး ဗြိတိန်ကို လာခဲ့တဲ့ သံအမတ်ဖြစ်လာမယ့် ဦးသက်ထွန်းဆီ ရေးတဲ့ စာတစောင်မှာ ကျောင်းပြင်ပစာတွေ ဖတ်နိုင်တယ်ဆိုလို့ ဝမ်းသာတယ်လို့ သူကဆိုပါတယ်။ သူလည်း သူနေတဲ့ လပ်ဗရာမြို့ကနေ လန်ဒန်ကို မကြာခဏသွားပြီး ဗြိတိသျှပြတိုက်၊ အာရှအာဖရိကကျောင်းစာကြည့်တိုက်၊ အိန္ဒိယရုံး စာကြည့်တိုက်တွေ သွားပြီး မြန်မာပြည်နဲ့ ဆိုင်တဲ့ ရှားပါးစာအုပ် ပေပုရပိုက်တွေ ပန်းချီကားတွေကို လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

ဗြိတိသျှပြတိုက်နဲ့ စာကြည့်တိုက် တွဲဖွင့်တဲ့ခေတ်က ရောက်ခဲ့တဲ့ ကိုသန်းထွတ်ဟာ သူတွေ့ခဲ့တဲ့ စာကြည့်တိုက် မြင်ကွင်းကိုလည်း သူ့သူငယ်ချင်း ဒဂုန်တာရာရဲ့ တာရာ မဂ္ဂဇင်းမှာ ပြန်ပြီး ဖောက်သည်ချခဲ့ပါတယ်။ မနက် စောစော မြူတွေဆိုင်းနေချိန်မှာ ဂရိတ်ရပ်ဆယ်လမ်းထဲမှာ တွေ့လိုက်ရတဲ့ စာကြည့်တိုက်ကြီးကို သူကြည်ညိုမိပုံကို တဖွဲ့တနွဲ့ရေးခဲ့တာ ဖြစ်ပါတယ်။ ဒီစာကြည့်တိုက်မှပဲ မြန်မာပြည်က ရှားပါး မြန်မာသံတော်ဆင့်သတင်းစာ၊ သခင်ကိုယ်တော်မှိုင်း ဆရာလွမ်းအမည်နဲ့ ရေးတဲ့ ကုလားကလေး ငဗျတ်ဝိပြဇာတ် စတဲ့ စာအုပ်တွေ ရှိကြောင်းလည်း မြန်မာစာချစ်သူတွေကို အသိပေးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စာပေဗိမာန်နဲ့ ယဉ်ကျေးမှုဗိမာန်ကို အစပြုခဲ့တဲ့ ဝန်ကြီးချုပ် ဦးနု

အမျိုးသားစာကြည့်တိုက်နဲ့ ပြတိုက်

အင်္ဂလန်မှာ ပညာသင်ပြီး မြန်မာနိုင်ငံ ပြန်ရောက်ပြီးနောက် ဦးသိန်းဟန်လက်အောက်မှာ ကိုသန်းထွတ် ဝင်လုပ်ပြီး ရန်ကုန် တက္ကသိုလ်စာကြည့်တိုက် ပြန်ထူထောင်တာကို ကြုံတွေ့ခဲ့ပါတယ်။ ဒီအချိန်မှာပဲ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရစ ယဉ်ကျေးမှုဌာနတွေကို ထူထောင်ဖို့ ဆိုင်ရာက ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ၁၉၅ဝ မှာ ရန်ကုန်တက္ကသိုလ်က အထူး သမိုင်းပါမောက္ခ ဒေါက်တာလုစ်ရဲ့ မြန်မာနိုင်ငံသုတေသန အသင်းဂျာနယ်ပါ မြန်မာပြတိုက်တည်ထောင်ဖို့ အလုပ်လျာထားချက်အကြမ်း ပေါ်ထွက်ခဲ့သလို ပြည်ထောင်စု ယဉ်ကျေးမှုဌာနကို တည်ထောင်တဲ့ ၁၉၅၂ လောက်မှာပဲ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား တက္ကသိုလ်က ဗုဒ္ဓအနုပညာလက်ရာ ပါမောက္ခ နီဟာရန်ဂျန်ရေးကို ဦးနုက ဖိတ်ကြားပြီး ပြတိုက်နဲ့ စာကြည့်တိုက်တွေ ထူထောင်ရေး အတွက် အကြံတောင်းပါတယ်။

ရေးရဲ့ အစီရင်ခံစာမှာ အမျိုးသားစာကြည့်တိုက်နဲ့ ပြတိုက်၊ အနုပညာပြခန်းတွေ ထူထောင်ရာမှာ တာဝန်ကြီးတွေ ယူနေရတဲ့ ဦးသိန်းဟန်ကို ရဖို့ ခက်နိုင်တဲ့အတွက် ဦးသန်းထွတ်ကို ခန့်အပ်ပါ ဆိုပြီး ဖော်ပြခဲ့ကြောင်း တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူးဟောင်း ဒေါက်တာ သော်ကောင်းက ပြောပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Ludu Archive

ဓာတ်ပုံ ပုံစာ, ရွှေတိဂုံက ခေါင်းလောင်းတော်ကြီးနဲ့ တိုက်စိုး (ဘယ်စွန်)

ဒါကြောင့် ၁၉၅၅ က စပြီး ဂျူဗလီဟောက ယဉ်ကျေးမှုဗိမာန်မှာ အထူးအရာရှိအဖြစ် ထမ်းဆောင်ခဲ့တဲ့ ဦးသန်းထွတ်ဟာ ညွှန်ကြားရေးမှူးချုပ် ရာထူးနဲ့ အငြိမ်းစားယူတဲ့ ၁၉၈၂ ခုနှစ်အထိ ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနမှာ ထမ်းရွက်ခဲ့ပါတယ်။ ညွှန်ကြားရေးမှူးချုပ် ဘဝကလည်း ရုံးကို ထီးကောက်ကြီးချိတ်၊ လွယ်အိတ်ကြီးလွယ်ကာ ဆေးပြင်းလိပ်တိုခဲပြီး ဘတ်စ်ကားနဲ့ လာတတ်တယ်လို့ မနုဿကျော်ဝင်းက လူကြီးပီသသောလူကြီး ဆောင်းပါးမှာ ရေးပါတယ်။ မသိရင် တောက ဘုရားဖူးလာသူလို့ ထင်မှားစရာ ရှိတယ်လို့ ဆိုပါတယ်။ နောက် ဝန်ထမ်းတွေအပေါ် ငဲ့ညှာဆောင်ရွက်တတ်ပြီး အသားမယူတတ်သူ၊ ရိုးသားဖြောင့်မတ်မှုကိုသာ လက်ကိုင်ပြု သွားသူလို့လည်း မနုဿကျော်ဝင်းက ရေးပါတယ်။ ပြည်ပကို လေ့လာရေးသွားရတဲ့ ဝန်ထမ်းကို အဖိုးတန်လက်ဆောင်တွေ မဝယ်ခိုင်းဘဲ အမေရိကန် နှစ်ဒေါ်လာခွဲတန်စာအုပ်ကိုသာ တွေ့ရင် ဝယ်လာပါလို့ မှာခဲ့ပြီး စာအုပ်ဖိုးကို မြန်မာငွေနဲ့ ပြန်ပေးပါရစေလို့ ဆိုတယ်လို့လည်း သိရပါတယ်။

ဦးသန်းထွတ်လက်ထက် အမျိုးသားပြတိုက်မှာ ခေတ်ဟောင်း အနုပညာ လက်ရာနဲ့ သမိုင်းဝင်ပစ္စည်းတွေကိုသာမက ကလေးဝကျောက်မီးသွေးတွင်း၊ ရေနံတွင်း၊ နမ္မတူ ဘော်တွင်းစတဲ့ ခေတ်သစ်ပထဝီဝင်ဆိုင်ရာနေရာတွေ ကိုပါ မြန်မာပြည်မြေပုံနဲ့ ပြသ ပညာပေးခဲ့ကြောင်း ဦးဘတင့်က ပြတိုက်များနှင့် ပညာပေးလုပ်ငန်း ဆောင်းပါးမှာ ရေးပါတယ်။

uk

ဓာတ်ပုံ ရင်းမြစ်, Dora Carrington

ဓာတ်ပုံ ပုံစာ, အင်္ဂလိပ်စာရေးဆရာ လစ်တန် စထရက်ချီ

သန်းထွတ်မှ တိုက်စိုး

ဖဆပလကနေ မဆလအထိ အစိုးရ ခြောက်မျိုးအောက်မှာ ယဉ်ကျေးမှုလုပ်ငန်းတွေကို စီမံအုပ်ချုပ်ရင်း ဦးသန်းထွတ် တိုက်စိုးနာမည်နဲ့ စာတွေရေးပါတယ်။ သူနဲ့ အင်္ဂလန်မှာ သိဆုံခင်မင်ခဲ့ကြတဲ့ အဘိဓာန်ပညာသင် ဦးဝင်းမောင်ခေါ် မင်းယုဝေရဲ့ ဇနီး ကဗျာဆရာမ ငွေတာရီ ကွယ်လွန်ပြီးနောက် အမှတ်တရ ထုတ်ဝေတဲ့ ငွေတာရီမဂ္ဂဇင်းမှာ သူစာပေဆောင်းပါးနဲ့ ရုပ်ပုံလွှာတွေ ရေးခဲ့ပါတယ်။

ဒီအရေးအသားတွေဟာ သူနှစ်သက်တဲ့ အင်္ဂလိပ်စာရေးဆရာ လစ်တန် စထရက်ချီရဲ့ ဝိတိုရိယဘုရင်မအကြောင်းနဲ့ ဝိတိုရိယခေတ်က ထင်ရှားသူတွေအကြောင်း ရေးတဲ့ အတ္ထုပ္ပတ္တိတွေကို နည်းယူရေးသားတာလို့လည်း သူနဲ့အတူ သုတေသနစာတမ်းတွေ ရေးခဲ့တဲ့ ဒေါက်တာ သော်ကောင်းက ပြောပါတယ်။ နောက် ရှေးခေတ် မြန်မာပြည်အကြောင်း သူ့ရဲ့နှံ့စပ်မှုနဲ့ လူ့သဘာဝ ဆန်းကြယ်ပုံတွေကို သူသိထား ဖတ်ထားသမျှ ပြန်ကြားသိနေရတဲ့ မိတ်ဆွေတွေက စာရေးဖို့ တောင်းဆိုလို့ ရေးစပြုလာတယ်လို့လည်း သံအမတ်ကြီး ဦးသက်ထွန်းကရေးပါတယ်။

ဗြိတိန်မှာ သူလေ့လာဆည်းပူးလာခဲ့တဲ့ မြန်မာစာပေအမွေအနှစ်တွေအပြင် ယဉ်ကျေးမှု ဗိမာန်မှာ သူထပ်လောင်းလေ့လာမှုတွေကို ပေါင်းစုပြီး တိုက်စိုးစာတိုနံ့နံ့တွေ ပေါ်ထွက် ခဲ့ပါတယ်။ အဲဒီခေတ်က စာရေးဆရာအများစု ရေးတတ်တဲ့ ဖွဲ့နွဲ့ရေးဟန်၊ ခံစားချက်နဲ့ ဖွဲ့တဲ့စာပေသမိုင်းလက်ရာတွေနဲ့မတူဘဲ တိုက်စိုးစာတွေက အထောက်အထား တိတိကျကျ အရေးအသားကျစ်ကျစ်နဲ့ ဆင်ခြင်သုံးသပ်မှုတွေ ကဲပါတယ်။ စာရေးသူအသံမပါအောင် ပညာရပ်ဆန်ဆန်ရေးနည်းကို မြန်မာပြည်မှာ အစောဆုံးမိတ်ဆက်သူတွေထဲမှာ ဦးသိန်းဟန်ခေါ် ဇော်ဂျီနဲ့ မင်းသုဝဏ်ပြီးရင် တိုက်စိုးနဲ့ မင်းယုဝေလည်း ပါပါတယ်။ တိုက်စိုးရဲ့စာရေးနည်းဟာ ဇော်ဂျီလိုပဲ အကွက်ချပြီး ပညာသားပါပါ ရေးတဲ့နည်း ဖြစ်တယ်လို့လည်း ဇော်ဇော်အောင်က တိုက်စိုးလို ဖြစ်ချင်တယ် ဆောင်းပါးမှာ ဖော်ပြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Yar Pyae

ဓာတ်ပုံ ပုံစာ, ရှေးဟောင်းမှတ်တမ်းပုံပြင်တွေ ပြုစုသူ မော်ပီဆရာသိန်း

နောက် တိုက်စိုးဟာ သုတေသီဖြစ်တဲ့အတွက် အချက်အလက်ကို လက်ကုန်နှိုက် ရှာတတ်သူ ဖြစ်ပါတယ်။ စာရေးဆရာကြီး ဦးလတ်အကြောင်း ရေးသားရာမှာ ဗန်းမော်မှာ ပုလိပ်အရာရှိအဖြစ် အမှုထမ်းခဲ့တယ်ဆိုတဲ့ အစဉ်အလာရေးသားချက်ကို ဘားမားဂေဇက်ခေါ် မြန်မာနိုင်ငံပြန်တမ်းအဟောင်းတွေကို လှန်ပြီး မဟုတ်ကြောင်း၊ ဗန်းမောက်သာ ဖြစ်ကြောင်း ရေးပြခဲ့ပါတယ်။ နောက် အနိုင်မခံကဗျာကို ဗိုလ်ချုပ်အောင်ဆန်းရေးတယ် ဆိုပြီး ရေးသားမှုတွေကိုလည်း ဦးညိုမြရေးတာသာ ဖြစ်ကြောင်း အတ္ထုပ္ပတ္တိအမှားအမှန် ဆောင်းပါးမှာ ဖော်ထုတ်ခဲ့ပါတယ်။

ဒီလို သူများအမှားသာ ပြင်ပေးရုံမက သူ့အမှားကိုလည်း ဝန်ခံတတ်ပြင်တတ်သူ ဖြစ်ပါတယ်။ မော်ပီဆရာသိန်းအကြောင်း ရေးရာမှာတော့ အင်္ဂပူမှာ ဒွါရဂိုဏ်းက ပရိတ်ယိမ်း ကတယ်ဆိုပြီး ပါရှိတာကို ဒွါရဂိုဏ်း မဟုတ်ကြောင်း သတင်းစာကနေ သူပြန်ရှင်းခဲ့သလို နောက်အကြိမ်ထုတ်စာအုပ်တွေမှာလည်း ပြင်ဆင်ပေးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Patrick AVENTURIER

ဓာတ်ပုံ ပုံစာ, မြန်မာပြည်ရဲ့ အသက်သွေးကြော မြစ်ဧရာ

ဂျူဗလီဟောနဲ့ ဧရာဝတီ

တိုက်စိုးဟာ ပီမိုးနင်း၊ ဦးဖိုးကျား၊ ဇေယျ စတဲ့ နာမည်ကျော် စာပေပညာရှင်တွေနဲ့ ကျန်စစ်သား၊ မင်းတုန်းမင်းနဲ့ ကင်းဝန်မင်းကြီး လို ဘုရင်တွေ မှူးမတ်တွေအကြောင်း တွေသာမက အဆောက်အအုံနဲ့ မြစ်လို မြန်မာပြည်မှာ ရေးလေ့မရှိတဲ့ နေရာတွေ အကြောင်း သမိုင်းစာအုပ်တွေ ရေးခဲ့ပါတယ်။ တိုက်စိုးဟာ သူ (၁၃) နှစ်လောက် ရုံးထိုင်ခဲ့တဲ့ ဂျူဗလီဟော အဆောက်အအုံအကြောင်းကို စာအုပ်ရေးခဲ့ပေမယ့် သူအသက်ရှိ နေခိုက်မှာ ဒီစာအုပ်ကို ပြန်ထုတ်ခွင့်မရဖြစ်ခဲ့တယ်လို့လည်း ဒေါက်တာ သော်ကောင်းက ပြောပါတယ်။

၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း ရေးလို့မရတဲ့ လူပုဂ္ဂိုလ်တွေ စာရင်းတိုးလာလို့ မြစ်တွေ အဆောက်အဦတွေအကြောင်း လှည့်ရေးရတယ်ဆိုပြီး ဦးသက်ထွန်းက ဆိုပေမယ့် လမ်းစဉ်ပါတီခေတ်မှာ ဘုရင်ခံနဲ့ သမ္မတ အဆက်ဆက် နေထိုင်ရာ အိမ်တော်ကြီးကို ဖြိုချတာနဲ့ ကိုလိုနီလက်ကျန် အဆောက်အဦတွေကို မစောင့်ရှောက် မထိန်းသိမ်းဘဲ ထားခဲ့တာတွေကို တိုက်စိုး တွေ့မြင်ခဲ့ပါတယ်။ ဒါကြောင့် ဂျူဗလီဟောရဲ့ တန်ဖိုးကို သိပြီး ထိန်းသိမ်းလာအောင် ၁၉၇၈ က ရေးထုတ်ခဲ့ပေမယ့် ၁၉၈၅ မှာ ဖြိုဖျက်ပြီး စစ်သမိုင်းပြတိုက် ဆောက်ခဲ့သလို ယခုလည်း အဲဒီပြတိုက်ကို ဖျက်ပြီးပြီ ဖြစ်ပါတယ်။

တခြားနိုင်ငံက မြစ်ကြီးတွေရဲ့သမိုင်းစာအုပ်တွေလို မြန်မာမြစ်သမိုင်းရယ်လို့ ရှိအောင် ရေးခဲ့တဲ့ ဧရာဝတီစာအုပ်ကိုလည်း ဂျူဗလီဟောလိုပဲ စစ်အစိုးရက နှစ်ပေါင်းများစွာ ပြန်ထုတ်ခွင့် မပြုခဲ့ဘူးလို့ ဒေါက်တာသော်ကောင်းက ဆိုပါတယ်။

စာအုပ်ပုံကြားကလူ

ဒီလို အခက်အခဲတွေ ရှိပေမယ့် တိုက်စိုးဟာ အငြိမ်းစားဘဝနဲ့လည်း စာဆက်ရေးခဲ့ပါတယ်။ စမ်းချောင်းက သူ့တိုက်ခန်းမှာ တထပ်လုံး စာအုပ်တွေ အပြည့်ရှိတယ်လို့ ဒေါက်တာသော်ကောင်းက ပြောကြောင်း စာကြည့်တိုက်မှူး ဒေါ်ခင်နှင်းဦးက အမှတ်တရ ရေးခဲ့ပါတယ်။ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခါနီးအထိ စာရေးစာဖတ် အစည်းအဝေးတက် စတဲ့ ပုံမှန်အလုပ်တွေ မပျက်သလို သူ့ဆရာဟောင်း အသက် (၉ဝ) ကျော် မင်းသုဝဏ်ကို သွားတွေ့တာတွေ လုပ်ခဲ့ကြောင်းလည်း ဦးသက်ထွန်းက ရေးပါတယ်။ သူနှုတ်နဲ့ပြောတာကို အခြေခံပြီး ဒေါက်တာသော်ကောင်း ရေးတဲ့ မြန်မာဝေဖန်ရေးစာပေသမိုင်း စာတမ်းလည်း သူကွယ်လွန်ပြီးနောက် အမေရိကန်မှာ ကျင်းပတဲ့ ဘားမားစတာဒီကွန်ဖရင့်မှာ စာတမ်းဖတ်ကာ ထုတ်ဝေခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Ludu Archive

ဓာတ်ပုံ ပုံစာ, ခေါင်းလောင်းတိုင်ကြီးများ လေ့လာ

တိုက်စိုးဟာ စကားနည်းပြီး လောကွတ်မချိုပေမယ့် သူ့ကို အကူအညီတောင်းလာရင် စာအုပ်စာတမ်း အကိုးအကားနဲ့ ပတ်သက်ပြီး ရှာဖွေပေးတတ်သူလို့လည်း ဒေါက်တာခင်အေး၊ ဒေါက်တာ ခင်မောင်ညွန့်စတဲ့ မြန်မာ ပညာရှင်တွေက ရေးကြပါတယ်။ သူ ဝန်ထမ်းဘဝက သူ့ရုံးခန်းစားပွဲနဲ့ အခန်းထဲမှာ စာအုပ်တွေ ပြည့်နေပြီး စာအုပ်ပုံနောက်မှာ သူရှိမှန်းတောင် မသိရ ဖြစ်တတ်တယ်လို့လည်း အဆိုရှိပါတယ်။

နောက် လမ်းစဉ်ပါတီမဝင်ပေမယ့် သူ့ရဲ့ စာပေပညာ သမာဓိတွေကြောင့် မဆလခေတ်က မဏ္ဍိုင်ကြီးလေးရပ်မှာ ပါတဲ့ စာပေလုပ်သားအစည်းအရုံးရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်ခဲ့တယ်လို့ ဦးသက်ထွန်းက ဆိုပါတယ်။ တိုက်စိုးဟာ မြန်မာနိုင်ငံသုတေသနအသင်း ဖျက်သိမ်း ခံရခါနီးမှာ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Kaung Thar

ဓာတ်ပုံ ပုံစာ, တိုက်စိုးရဲ့ ဇနီး တက္ကသိုလ်မြစိမ်းရဲ့ စာတအုပ်

တိုက်စိုးဘဝမှာ အနှိမ်ခံရသူတွေဘက်က လိုက်တာ၊ ပညာနဲ့ မပတ်သက်ရင် ဘာမှမလုပ်လိုတာ၊ မိတ်ဖြစ်ခဲသလောက် မိတ်ပျက်ခဲတာ စတဲ့ ထူးခြားချက်တွေ ရှိတယ်လို့လည်း ဦးသက်ထွန်းက မှတ်ချက်ပေးပါတယ်။ နောက်ပြီး နိုင်ငံရေးနဲ့ မပတ်သက်အောင် သတိထားတဲ့အတွက် နဝတစစ်အစိုးရခေတ်က ထုတ်တဲ့ မြန်မာပါစပက်တစ်စာစောင်မှာ သူ့ကို ဗိုလ်မှူးကြီးစံလွင်၊ မြဇင်၊ တက္ကသိုလ်ထင်ကြီး စတဲ့လူကြီးတွေနဲ့အတူ အယ်ဒီတာ အဖြစ် ထည့်ခဲ့ပေမယ့် တပ်က ထောက်ပံ့ပေးတာဖြစ်လို့ အကြောင်းပြထွက်ပစ်ခဲ့တယ်လို့ ဒေါက်တာသော်ကောင်းက ပြောပါတယ်။

တိုက်စိုးနဲ့ ဒုတိယဇနီး တက္ကသိုလ်မြစိမ်းတို့ဟာ လမ်းဘေးက မွေးထားတဲ့ ကြောင်တွေ တလှေကြီးနဲ့ နေသွားကြတဲ့အတွက် သူ့ရဲ့ ငယ်ဘဝ မျှော်မှန်းချက်ဖြစ်တဲ့ ချစ်သူ၊ ကြောင်နှစ်ကောင်နဲ့ လင်းကွင်းနဲ့ နေဖို့ဆန္ဒ ပြည့်စုံ ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ သူ့ဘဝမှာ သူလုပ်ချင်တာတွေ လုပ်ပြီးနေသွားသူဖြစ်တဲ့အတွက် သေဖို့ကိုလည်း အကြောင့်ကြ မထားခဲ့ဘူးလို့ ဒေါက်တာသော်ကောင်းက ပြောပါတယ်။ ဒါပေမဲ့ သူငယ်ငယ်က ကြုံခဲ့ရတဲ့ ဒီမိုကရေစီခေတ်ကို ပြန်ရောက်ဖို့ကိုတော့ သူ့ဆရာ ဦးသိန်းဟန်လိုပဲ မကွယ်လွန်ခင်မှာ မျှော်လင့်ခဲ့တယ်လို့ သိရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, မြန်မာသမိုင်းနဲ့ မြန်မာစာအဖွဲ့ဝင် ဦးသန်းထွတ်

ခေတ်နောက်ကျတဲ့မြန်မာ

သူကွယ်လွန်တာ အနှစ် (၂ဝ) နီးပါး ရှိတဲ့အချိန်မှာတော့ ရန်ကုန်မြို့လယ် ဘီအိုစီကုမ္ပဏီရုံးဟောင်းမှာ ရန်ကုန်အတွက် အမျိုးသားစာကြည့်တိုက်ခွဲ ဖွင့်ပြီး အများပြည်သူ လက်လှမ်းမီအောင် ဆောင်ရွက်ထားတယ်လို့ ဒေါက်တာသော်ကောင်းက ပြောပါတယ်။ မြန်မာနိုင်ငံဟာ စာကြည့်တိုက်လုပ်ငန်းမှာ အိမ်နီးချင်းနိုင်ငံတွေထက် ခေတ်နောက်ကျ နေတဲ့အတွက် အမြန်တိုးတက်ဖို့ လိုနေတယ်လို့လည်း သူက ဆိုပါတယ်။ နောက်ပြီး မြန်မာအမျိုးသား စာကြည့်တိုက်ဟာ မြို့တော်ခန်းမ၊ ဂျူဗလီဟော၊ ခြောက်ထပ်ရုံး၊ တာမွေ၊ နေပြည်တော် စသဖြင့် အနှစ် (၆ဝ) ကျော် အတည်တကျ နေရာမရ ဖြစ်ခဲ့တဲ့အတွက် တိုးတက်မှုနှောင့်နှေးခဲ့ရပါတယ်။

တခါ ကိုလိုနီခေတ်က ဗြိတိသျှပြတိုက်ကို မြန်မာပြည်ကထုတ်တဲ့ စာအုပ်မှန်သမျှ ပို့ရသလိုမျိုး အမျိုးသားစာကြည့်တိုက်ကို ပို့အောင် တိုက်စိုးခေါ် ဦးသန်းထွတ်လက်ထက်မှာ ကြိုးစားခဲ့ပေမယ့် သေချာ မဖြစ်မြောက် ခဲ့ပါဘူး။ မြန်မာစာပေစာစုစာရင်း၊ နှစ်အလိုက် စာစုစာရင်းဆိုပြီး ဦးသန်းထွတ်တို့ ဒေါ်ညွန့်မြင့်တို့ လက်ထက်က ကြိုးစားခဲ့ တာတွေကိုလည်း ပြန်လည်ဖော်ထုတ်ဖို့ လိုနေပါတယ်။ ဒီလို စာညွှန်း စာအကျဉ်းချုံးတွေ မရှိ၊ ပျောက်ပျက်ပြီး မစုံလင်တဲ့နိုင်ငံဟာ ပညာရှာ သုတေသနပြုတဲ့လုပ်ငန်းမှာ ထိခိုက်ပြီး ခေတ်မမီဖြစ်တတ်တယ်လို့လည်း တိုက်စိုးက ၁၉၈၄ ကတည်းက သတိပေးသွားခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, National Library of Myanmar

ဓာတ်ပုံ ပုံစာ, ရန်ကုန်အတွက် အမျိုးသားစာကြည့်တိုက်ခွဲ