ဂဠုန်ဦးစော အမှုတွဲမှတ်တမ်း ဘယ်ရောက်နေသလဲ

ဓာတ်ပုံ ရင်းမြစ်, Getty
ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လုပ်ကြံ သတ်ဖြတ်ခဲ့သူ ဂဠုန်ဦးစောရဲ့ အမှုတွဲ မှတ်တမ်းဟာ တရားရုံးချုပ်မှာ မရှိတော့ဘဲ ပျောက်ဆုံးနေပါတယ်။
အမျိုးသား မော်ကွန်းတိုက် ညွှန်ကြားရေးမှူးချုပ် အဖြစ် ၂၀၀၂ ခုနှစ်ကနေ စတင် တာဝန်ယူခဲ့ဖူးသူ သမိုင်းပညာရှင် ဒေါက်တာ အောင်မျိုးက သူ တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း တရားရုံးချုပ်ကို သွားပြီး ဂဠုန်ဦးစောရဲ့ နိုင်ငံတော် လုပ်ကြံမှု အမှုတွဲမှတ်တမ်းကို တောင်းယူရာမှာ အမှုတွဲ ပျောက်ဆုံးနေတာကို သိခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံတော်အဆင့် မှတ်တမ်း ဖြစ်တဲ့အတွက် အမျိုးသား မော်ကွန်းတိုက်မှာ ထားရှိသင့်တာကြောင့် ဒေါက်တာ အောင်မျိုးက တောင်းယူခဲ့တာ ဖြစ်ပါတယ်။
တရားရုံးချုပ် တာဝန်ရှိသူတွေက အဲဒီ အမှုတွဲ မှတ်တမ်းတွေကို နိုင်ငံတော် သမ္မတဟောင်း ဒေါက်တာ မောင်မောင် ယူသွားခဲ့တာ ဖြစ်ပြီး ပြန်မရခဲ့ဘူးလို့ ဆိုပါတယ်။
ဒီအမှုတွဲဟာ ဥပဒေအရ အမျိုးသား မော်ကွန်းတိုက်မှာသာ ထိန်းသိမ်း ထားရှိရမှာ ဖြစ်ပြီး တခြား မော်ကွန်းတိုက်တွေမှာ ထားခွင့် မရှိဘူးလို့ ဆိုပါတယ်။
ပျောက်ဆုံးနေတယ် ဆိုတာကို သိတာ ဆယ်နှစ်ကျော် ကြာပြီ ဖြစ်ပေမယ့် ဒီနေ့ အထိ ပြန်မတွေ့သေးသလို စနစ်တကျ ပြန်လည် ရှာဖွေတာမျိုးလည်း မလုပ်ကြသေးဘူး။
ဒီအမှုတွဲ မှတ်တမ်းဟာ တနေရာရာမှာ အမှတ်မထင် ချောင်ထိုး ပျောက်ကွယ်နေသလား၊ ဒါမှမဟုတ် တစုံတယောက်ရဲ့ ပေါ့ဆမှုကြောင့် ပျောက်ဆုံးသွားခဲ့သလား၊ ဒါမှမဟုတ် နိုင်ငံရေး အကြောင်းတခုခု ကြောင့် ရည်ရွယ်ချက်ရှိရှိ ကွယ်ဝှက် ဖျက်ဆီးခဲ့သလား ဆိုတာကိုလည်း ဘယ်သူမှ မမှန်းဆနိုင်သေးပါဘူး။




