သိန်းဖေမြင့်နဲ့ ဗန်းမော်တင်အောင်၊ စာရေးဆရာကြီးနှစ်ယောက်ရဲ့ တူညီကွဲပြားမှုများ

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
စာရေးဆရာကြီး ဗန်းမော်တင်အောင်နဲ့ သိန်းဖေမြင့် ကွယ်လွန်တာ အနှစ် ၄ဝ ပြည့်ခဲ့ပါပြီ။ ဒီစာရေးဆရာကြီး နှစ်ယောက်ဟာ မြန်မာပြည်မှာ တချိန်က နာမည်ကြီးခဲ့ပြီး ခုထိလည်း လူဖတ်များဆဲ စာရေးဆရာတွေထဲမှာ ပါပါတယ်။
ဒါပေမဲ့ သူတို့ဘဝမှာ ဘဝလမ်းကြောင်း တူညီမှုနဲ့ ကွဲပြားမှုလေးတွေလည်း ရှိပါတယ်။
ဒီထဲက တချို့ကတော့

ငယ်ကတည်းက နာမည်ကျော်
စာရေးဆရာနှစ်ယောက်စလုံးဟာ ကလောင်ပျိုဘဝကတည်းက ထင်ရှားခဲ့သူတွေပါ။ သိန်းဖေ အမည်နဲ့ ရေးခဲ့တဲ့ သိန်းဖေမြင့်ရဲ့ တက်ဘုန်းကြီး ဝတ္ထုကြောင့် သံဃာတွေကို ရွှေတိဂုံမှာ တောင်းပန်ခဲ့ရသလို ဗန်းမော်တင်အောင်ဟာလည်း ပြည်တော်သာ ခင်ခင်ဦး၊ အမေနဲ့ သူပုန်ကြီး ဝတ္ထုတွေကြောင့် ဖဆပလခေတ်မှာ ပထမဆုံး အဖမ်းခံရတဲ့ စာရေးဆရာ ဖြစ်ခဲ့ပါတယ်။
နောက်ပြီး သိန်းဖေရဲ့ ဆရာလွန်း၊ တက်ခေတ်နတ်ဆိုး စတဲ့ အတ္ထုပ္ပတ္တိနဲ့ ဝတ္ထုတွေဟာ သရုပ်ဖော် စာပေရေးနည်းမှာ အစအဦးပိုင်းက ပါသလိုပဲ ဗန်းမော်တင်အောင်ရဲ့ ဒေါက်တာရေချမ်း၊ ပါမောက္ခအုန်းကျော်၊ လွမ်းရစ်တော့ သက်လယ်ရယ် စတဲ့ ဝတ္ထုတွေဟာလည်း စစ်ပြီးခေတ် လူငယ်ထုအပေါ်မှာ အင်မတန် လွှမ်းမိုးခဲ့ပါတယ်။
သိန်းဖေမြင့်ရဲ့ မြန်မာစာအရေးအသားက မင်းတိုင်ပင်၊ စစ်သည်တော် စတဲ့ ဝတ္ထုတိုတွေကတည်းက ပြောစမှတ်ပြုရသလိုပဲ ဗန်းမော်တင်အောင်ရဲ့ တော့ကာသာဘဲရယ်နဲ့ စကားလုံး ၆ လုံး အများကြီးပါတဲ့ ရေးသားမှုကလည်း နာမည်ကြီးခဲ့ပါတယ်။
သိန်းဖေမြင့်ရဲ့ ဇာတ်ကောင်တွေဟာ ရည်းစားများတယ်၊ နိုင်ငံရေးမှာ တွေဝေတယ်လို့ ပြောစမှတ်ရှိသလိုပဲ ဗန်းမော်တင်အောင်ရဲ့ ဇာတ်လိုက်တွေကတော့ တယောထိုး၊ ဆေးတံခဲတဲ့ သတင်းစာဆရာ နိုင်ငံရေးသမားတွေ များတယ်လို့ ဆိုပါတယ်။ လူ့အောက်ဆုံးအလွှာတွေက လူတွေအကြောင်းကိုလည်း သူတို့နှစ်ယောက်စလုံး ရေးသားခဲ့ကြပြီး သီချင်းဆို၍ငိုရသည်၊ ငသြ၊ ရိုးမတိုက်ပွဲ စတဲ့လက်ရာတွေမှာ တွေ့ရပါတယ်။
နိုင်ငံရေး ဂယက်ထဲက ဆရာသမားများ
သူတို့နှစ်ယောက်စလုံးကို လက်ဝဲစာရေးဆရာတွေလို့ လူသိများပါတယ်။ ကွာခြားတာက သိန်းဖေမြင့်က ကွန်မြူနစ်ပါတီနဲ့ အစေးမကပ်သူ ဖြစ်ပြီး ဗန်းမော်တင်အောင်ကိုတော့ ဗကပလူလို့ တံဆိပ်ကပ်ကြပါတယ်။
ကွန်မြူနစ်ပါတီ ထူထောင်စကတည်းက ပါခဲ့တဲ့ သိန်းဖေမြင့်ဟာ ၁၉၄၈ ကွန်မြူနစ်ပါတီ တောခိုပြီးနောက်ပိုင်း စစ်တပ်ကို စည်းရုံးပြီး တောခိုဖို့ ကြိုးစားမှုနဲ့ ထိန်းသိမ်းခံရပါတယ်။
သိန်းဖေမြင့်ဟာ သူ့နိုင်ငံရေးဘဝကို စာပေနဲ့ မှတ်တမ်းတင်ရာမှာလည်း ထင်ရှားပါတယ်။ သပိတ်မှောက်ကျောင်းသား၊ စစ်အတွင်းခရီးသည်၊ မဟာမိတ်နှင့်ဗမာ့တမန်၊ အရှေ့ကနေဝန်းထွက်သည့်ပမာ စတဲ့ သူ့စာပေလက်ရာတွေကြောင့် သူ့နိုင်ငံရေးဘဝကို လူတွေက သိနေကြတာ ဖြစ်ပါတယ်။ ဒီလိုစာအုပ်တွေကြောင့်ပဲ မြန်မာပြည်ရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုကြီးကို နောက်မျိုးဆက်တွေ မှတ်မိနေကြတာပါ။

ဗန်းမော်တင်အောင်ကိုတော့ ထိန်းသိမ်းခံရမှုနှစ် စံချိန်တင်တဲ့ စာရေးဆရာတယောက် အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဖဆပလနဲ့ တော်လှန်ရေးကောင်စီ နှစ်ခေတ်စလုံး ထိန်းသိမ်းခံရတဲ့အပြင် မြသန်းတင့်တို့နဲ့အတူ ကိုကိုးကျွန်းပါ အပို့ခံခဲ့ရပါတယ်။
တော်လှန်ရေးကောင်စီ တက်လာချိန်မှာ ထောက်ခံခဲ့တဲ့ သိန်းဖေမြင့်ဟာ ဆိုဗီယက်လိုလားသူ ဖြစ်လို့ တရုတ်လိုလားတဲ့ ဗန်းမော်တင်အောင်တို့ဘက်နဲ့ အမြင်ကွာဟပါတယ်။
ဒါကြောင့် သူတို့ရဲ့ နိုင်ငံတကာအမြင် သုံးသပ်ချက်တွေကလည်း ကွာပါတယ်။

သိန်းဖေမြင့်ကို ဆရာအိုပြဿနာ လို ဝတ္ထုတိုမျိုးရေးတဲ့အတွက် တက္ကသိုလ်ကျောင်းသူကို ဆရာက စိတ်ကစားတဲ့ စိတ်ခံစားမှုမျိုးကို မဖော်ပြသင့်ဘူး ဆိုပြီး ခေတ်ပြိုင်စာသမားတွေက ဝေဖန်ကြပါတယ်။ အနှစ် ၅ဝ ကြာတဲ့အခါမှာတော့ ဒီလို ခံစားမှုရေးဖွဲ့တာတွေက ပုံမှန်ဖြစ်သွားပါတယ်။
ဗိုလ်တထောင် သတင်းစာက မဆလ ထောက်ခံပြီး ဗကပနဲ့ အတိုက်အခံတွေကို ရှုတ်ချတဲ့ သူ့ဆောင်းပါးတွေကြောင့် မနှစ်သက်သူတွေ များခဲ့ပါတယ်။ ခေတ်နောက်ပြန်ဆွဲနေသော စာရေးဆရာများ ၊ ခေတ်စမ်းစာပေမှတ်တိုင်ကို ရိုက်ချိုးစို့ စတဲ့ ဆောင်းပါးတွေကြောင့် သူ့ကို ဝေဖန်သူတွေ ရှိခဲ့သလို နောက်ပိုင်းမှာ မိသားစုအကြောင်းတွေပဲ ရေးတဲ့ သိန်းဖေမြင့်ကို အိမ်တံစက်မြိတ်အောက် ဝင်သွားသူ ဆိုပြီး မောင်စွမ်းရည်က ဝေဖန်ခဲ့ပါတယ်။
ဗန်းမော်တင်အောင်ကိုလည်း မြစ်ဧရာပေါ်ဝယ် ဝတ္ထုကြောင့် မိုးကြိုမုန်တိုင်း စာအုပ်မှာ လက်ဝဲစွန်း လူငယ်တစုက ဝေဖန်ခဲ့ကြသလို ကိုကိုးကျွန်းမှာလည်း ယဉ်ကျေးမှုတော်လှန်ရေးဆန်ဆန် ဂိုဏ်းဖွဲ့ ဝေဖန်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
တူညီချက်ကတော့ သူတို့နှစ်ယောက်စလုံး ကွယ်လွန်ချိန်မှာ အာဏာရ အစိုးရနဲ့ အလွမ်းမသင့်တာပဲ ဖြစ်ပါတယ်။ ဦးနေဝင်းရဲ့ ဝတ်လဲတော်စရိတ် ဆောင်းပါးကြောင့် သိန်းဖေမြင့်ဟာ တချိန်က သူပိုင် ဗိုလ်တထောင် သတင်းစာမှာ ပင်တိုင်ရေးခွင့် အပိတ်ခံရသလို လမ်းစဉ်ပါတီကို ဝေဖန်အကြံပြုတဲ့ သူ့စာတမ်းကို သူကွယ်လွန်ပြီးနောက် လက်ခံဖတ်ခွင့်ပေးတဲ့ ဟံသာဝတီ သတင်းစာတိုက်ပါ အပိတ်ခံခဲ့ရပါတယ်။
ဝိဇ္ဇာသိပ္ပံနဲ့စာဆို
သိန်းဖေမြင့်ဟာ တက္ကသိုလ်မိတ်ဆက် ဆောင်းပါးတွေ ရေးပြီး ပညာရေး အားပေးခဲ့သလို အဏ္ဏဝါခရီးသည်နှင့်ပုလဲဒေဝီ ဝတ္ထုလို ပညာပေး ဝတ္ထုမျိုးလည်း ရေးပါတယ်။ ဦးနုခေတ်က တက္ကသိုလ်မှာ မာ့က်စ်စာပေ သင်ကြားဖို့လည်း သူပဲ နှိုးဆော်ခဲ့ပါတယ်။
ဗန်းမော်တင်အောင်ကတော့ အိန်စတိန်းနှင့် သူ၏ဓမ္မတရား၊ ရုပ်ကမ္ဘာ စတဲ့ သိပ္ပံစာပေတွေ ရေးသားခဲ့သူပါ။
ဗန်းမော်တင်အောင်ရဲ့ သမိုင်းစာအုပ်တွေဟာ သူလက်ခံတဲ့ ရုပ်ဝါဒအမြင်နဲ့ ရေးသားတာဖြစ်လို့ နိုင်ငံရေးဆန်ပါတယ်။
သိန်းဖေမြင့်ကတော့ ဒီးဒုတ်ဦးဘချို၊ ဦးဖိုးလတ်စတဲ့ ယဉ်ကျေးမှုထိန်းသိမ်းရေးသမားများနဲ့ နီးစပ်လို့ ရိုးရာအနုပညာ ဖော်ထုတ်ရေးအတွက် ဇာတ်ဆရာဦးဖိုးစိန်၊ချစ်၍ခေါ်ရာ စတဲ့ သဘင်ဂီတအကြောင်းတွေ ရေးသားခဲ့ပါတယ်။
သူ့ရဲ့ ခရီးသွားမှတ်တမ်းတွေနဲ့ ဆောင်းပါးတွေမှာလည်း လူမျိုးစုတွေနဲ့ ပြည်မသားတွေ ချစ်ကြည်ရေး၊ ပြည်ထောင်စု ခိုင်မြဲရေးအကြောင်းတွေ အလေးထားရေးပါတယ်။
စာပေနဲ့ ဘဝ

ဗန်းမော်တင်အောင်ရဲ့ ပရိသတ်တွေက သူ့ဇနီး မခင်ဦးကို သိရှိကြသလို သိန်းဖေမြင့် ပရိသတ်တွေကလည်း ဇနီး ဒေါ်ခင်ကြည်ကြည်နဲ့ သားသမီးတွေကို သူတို့လင်မယား ၃၄ နှစ်၊ ဘိုးဘိုးဘွားဘွားအချစ်ပွား စတဲ့ စာအုပ်တွေနဲ့ သိကြပါတယ်။
သူတို့ မကွယ်လွန်ခင်မှာ ရေးခဲ့တဲ့ ဘဝမှတ်တမ်း စာအုပ်တွေကြောင့်လည်း သူတို့ခေတ်က စာရေးဆရာတွေရဲ့ လှုပ်ရှားရုန်းကန်မှုတွေကို လူတွေက သိလာကြပါတယ်။
ဗန်းမော်တင်အောင်ရဲ့ ကျွန်နော် စာအုပ်ကြောင့် မြှုံးထဲကငါးတွေလို လွတ်လပ်မှု မရှိတဲ့ တပါတီခေတ်က စာရေးဆရာတွေအကြောင်း ပေါ်လွင်လာသလို သိန်းဖေမြင့်ရဲ့ စာပေဘဝဇာတ်လမ်းစုံတွေကြောင့် ကိုလိုနီခေတ်က မြန်မာစာပေ လှုပ်ရှားမှုတွေအကြောင်း သိကြရပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ စာရေးဆရာတွေရဲ့ ခက်ခဲတဲ့ ဘဝခရီးနဲ့ လူလတ်တန်းစား စာရေးဆရာ နိုင်ငံရေးသမားတွေရဲ့ ဘဝကို သူတို့စာတွေကနေ သိနိုင်ပါတယ်။
ဆရာများရဲ့ နောက်ဆုံးခရီး

ဓာတ်ပုံ ရင်းမြစ်, Aung Myo Tun and Soe Han
ဗန်းမော်တင်အောင်ရဲ့ နောက်ဆုံးခရီးကို ဘာသာပေါင်းစုံ ဆုံစည်းရာလို့ စာရေးဆရာပါရဂူက မှတ်ချက်ပြုပါတယ်။ လိုက်ပါပို့ဆောင်သူ စာဖတ်ပရိသတ်တွေက ပန်းခွေတွေက ပန်းတွေကို ဖြုတ်ပြီး ရင်ဘတ်မှာ ထိုးတဲ့အထိ သူ့ကို အမြတ်တနိုး ထားကြတယ်လို့လည်း ဆိုပါတယ်။
သိန်းဖေမြင့်ကတော့ သူ့ဆန္ဒအတိုင်း သူ့ဇာတိ ဘုတလင်က သင်္ချိုင်းမှာပဲ ဂူဗိမာန် စိုက်ထူခဲ့ကြပါတယ်။
မြန်မာပြည်မှာ လွန်ခဲ့တဲ့ အနှစ် ၄ဝ က ကွယ်လွန်သွားတဲ့ စာရေးဆရာကြီး နှစ်ယောက်ရဲ့ စာပေလက်ရာတွေကတော့ စာဖတ်သူတွေရဲ့ နှလုံးသားမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။








