ဇူလိုင် ၂၆ ရက် နိုင်ငံတဝန်း သတင်းများ အနှစ်ချုပ်- လိုအပ်ရင် ကလပ်စတာဗုံးသုံးမယ်လို့ ထိုင်းစစ်တပ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘောဒီးယားရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို လေကြောင်းကခေါ်ယူမယ်
ကမ္ဘောဒီးယားရဲ့စစ်ရေးပစ်မှတ်တွေကို ပိုပြီးထိရောက်စေဖို့ လိုအပ်ရင် ကလပ်စတာဗုံးတွေ သုံးသွားမယ်လို့ ထိုင်းဘုရင့်တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်ထိုင်းဆူဗာရီ က ဇူလိုင် ၂၅ ရက်မှာ ပြောပါတယ်။
ကလပ်စတာဗုံးဟာ ပေါက်ကွဲတဲ့အခါ ပင်မဗုံးအပြင် ဗုံးအသေးစားတွေပါ ဆက်ပြီးပေါက်ကွဲစေတဲ့ အမျိုးအစားဖြစ်ပါတယ်။
ထိုင်းစစ်တပ်ရဲ့ စစ်ဆင်ရေးတွေဟာ လက်နက်နဲ့ ရန်သူ အချိုးကိုက်ညီရေးဆိုတဲ့ မူကို လိုက်နာမှာဖြစ်ပြီး စစ်ရေးပစ်မှတ်တွေအတွက်ပဲ ကလပ်စတာဗုံးတွေ အသုံးပြုမယ်လို့ ထိုင်းဘုရင့်တပ်မတော်က အတည်ပြုပါတယ်။
ထိုင်းနိုင်ငံဟာ ကလပ်စတာဗုံးတွေကို အသုံးမပြုဖို့ တားမြစ်ထားတဲ့ Convention on Cluster Munitions (CCM) ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတာ မရှိဘူးလို့ ထိုင်းစစ်တပ်က ပြောပါတယ်။
ထိုင်းစစ်တပ်အနေနဲ့ စစ်ဆင်ရေးအတွင်းမှာ စစ်ရေးပစ်မှတ်တွေအပေါ်မှာသာ အသုံးပြုမှာဖြစ်ပြီး တိကျမှန်ကန်တဲ့ အသုံးပြုမှုဖြစ်အောင် ဆောင်ရွက်မယ်လို့လည်း အတိအလင်း ထုတ်ပြန်ပါတယ်။
ထိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးလေးဦးဟာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ထားတဲ့နယ်မြေတွေက ပြည်သူတွေကို အကူအညီပေးဖို့နယ်စပ်ကို သွားကြမယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားမှာ ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေကို ခေါ်ယူဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက လေကြောင်းလိုင်း ၇ ခုနဲ့ တွေ့ဆုံပြီး ပြင်ဆင်နေပါတယ်။
ဂါဇာက လူသုံးဦးမှာ တစ်ဦး အငတ်ဘေးကြုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဂါဇာက လူသုံးဦးမှာ တစ်ဦးဟာ အစားအစာမရဘဲနေနေရတယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က သတိပေးလိုက်ပါတယ်။
အာဟာရပြတ်လပ်သူဦးရေ မြင့်တက်နေပြီး အမျိုးသမီးနဲ့ ကလေး ၉၀၀၀၀ ခန့်ဟာ အရေးပေါ်ကုမှုလိုအပ်နေတယ်လို့ WFP က ပြောပါတယ်။
လွန်ခဲ့တဲ့အပတ်အတွင်း ဂါဇာမှာ အငတ်ဘေးဆိုက်တော့မယ်လို့ သတိပေးချက်တွေ ပိုမိုများပြားလာပြီး လူသားချင်းစာနာထောက်ထားအကူအညီပေးရေး အဖွဲ့အစည်းတွေက နောက်ထပ်အကူအညီတွေ ဝင်ခွင့်ပေးဖို့ အစ္စရေးကို တိုက်တွန်းနေကြပါတယ်။
အကူအညီတွေကို ပိတ်ဆို့ထားတာမရှိဘဲ လာမယ့်နေ့တွေမှာ နိုင်ငံခြားတိုင်းပြည်တွေကို ဂါဇာထဲ လေကြောင်းကနေ စားနပ်ရိက္ခာတွေ ချပေးတာကို ခွင့်ပြုမယ်လို့ အစ္စရေးက ပြောထားပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာဟာလည်း ဂါဇာကို လေကြောင်းကနေ အကူအညီတွေ ချပေးရာမှာ ဗြိတိန်လည်း ပါဝင်မယ့် အကြောင်း ပြောပါတယ်။
အစ္စရေးဟာ ဂါဇာထဲကို နိုင်ငံခြားမီဒီယာတွေကို ဝင်ခွင့်မပေးတာကြောင့် နိုင်ငံတကာသတင်းမီဒီယာတွေဟာ ဂါဇာက ဒေသခံသတင်းသမားတွေရဲ့ သတင်းပေးပို့မှုတွေကိုသာ အားကိုးနေရပါတယ်။
ဂါဇာမှာ အရိုးပေါ်အရေတင်နေတဲ့ ကလေးငယ်တွေရဲ့ ဓာတ်ပုံတွေနဲ့ ငတ်ပြတ်လို့သေဆုံးသူတွေအကြောင်း ထွက်ပေါ်လာပြီးနောက် တစ်ကမ္ဘာလုံးတုန်လှုပ်ခဲ့ရပြီး အစ္စရေးအပေါ် ဖိအားပေးမှုတွေရှိလာပါတယ်။
ဂါဇာကမ်းမြောင်တစ်လျောက် အစားအစာ အရေးတကြီးလိုအပ်သူ နှစ်သန်းရှိနေတာကြောင့် လေကြောင်းကနေ အကူအညီတွေ ချပေးတာဟာ ကူညီပေးနိုင်တဲ့အရာဖြစ်ပေမဲ့ မလုံလောက်ဘူးလို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF) က ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ဒါကြောင့် ကုလက စီစဉ်တဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အတားအဆီးမရှိပေးပို့နိုင်မှသာဖြစ်နိုင်မယ်လို့ ကရိုလင်း ဗီလဲမန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
MSF ရဲ့ အာဟာရပြတ်လပ်မှုကုသရေးအစီအစဉ်မှာ စာရင်းပေးသွင်းတဲ့ လူနာဦးရေဟာ မေက စလို့ လေးဆမြင့်တက်လာတာမို့ ဒါဟာ အသက်ငါးနှစ်အောက်ကလေးများအနက် ၂၅ ရာခိုင်နှုန်းဟာ အာဟာရပြတ်လပ်တယ်လို့ ဆိုလိုကြောင်း သူက ပြောပါတယ်။
ဂါဇာမှာနေထိုင်တဲ့ ဟဲဒါယာ အယ်လ်-မူတာဝီက သူရဲ့ အသက် ၁၈ လသားအရွယ် သားဖြစ်သူ မိုဟာမက်ဟာ အာဟာရပြတ်လပ်နေပြီး အခုအချိန်မှာ ကိုယ်အလေးချိန် ၆ ကီလိုဂရမ်( ၁၃ပေါင်) သာရှိတယ်လို့ ပြောပါတယ်။ အစ္စရေးရဲ့ပိတ်ဆို့မှုကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဝင်ရောက်မှုမှာ အကန့်အသတ်ဖြစ်နေတယ်လို့ ကုလ၊ ပရဟိတအဖွဲ့တွေနဲ့ နိုင်ငံများစွာကပြောဆိုခဲ့ပါတယ်။
အစားအစာကို လက်နက်အဖြစ်အသုံးပြုတာဟာ စစ်ရာဇဝတ်မှုပဲလို့ ကုလအရာရှိတွေက ပြောပါတယ်။ ဂါဇာမှာလက်ရှိဖြစ်ပျက်နေတာတွေဟာ အစ္စရေးရဲ့ မူဝါဒတွေကြောင့်ဖြစ်တယ်ဆိုတာ ငြင်းမရနိုင်တဲ့ အထောက်အထားအပုံလိုက်ရှိတာတောင်မှ အစ္စရေးကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ဂါဇာထဲကို အကူအညီတွေ ပေးပို့နေဆဲဖြစ်ပြီး နယ်စပ်ဖြတ်ကျော်နေရာတွေ ပြန်လည်ဖွင့်လှစ်တဲ့ မေကစလို့ အစားအစာ မက်ထရစ်တန် ၂၂၀၀၀ ခန့်ပေးပို့ခဲ့ပြီပေမဲ့ ဒါဟာ လူဦးရေနှစ်သန်း အသက်ရှင်သန်ဖို့ လိုအပ်တဲ့ အကူအညီရဲ့ အင်မတန်ကိုသေးငယ်တဲ့ အစိတ်အပိုင်းသာဖြစ်တယ်လို့ WFP က ပြောပါတယ်။ အကူအညီပေးပို့နိုင်ရေး တောင်းဆိုချက်တွေကို အကန့်အသတ်နဲ့ခွင့်ပြုတာ၊ ယာဉ်တန်းတွေ နှောင့်နှေးတာနဲ့ ပို့ဆောင်ရေးလမ်းကြောင်းတွေရှားပါးတာကြောင့် အကူအညီပေးပို့နိုင်ရေးခက်ခဲနေတယ်လို့ WFP က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကျောက်မဲမြို့နယ် နောင်ပိန်ရွာ လက်နက်ကြီးကျလို့ ဒေသခံတွေ တိမ်းရှောင်

ဓာတ်ပုံ ရင်းမြစ်, CJ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်က နောင်ပိန်ကျေးရွာကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲမြို့နယ်နဲ့ ကပ်ရပ် နောင်ချိုမြို့နယ်ထဲကို ရောက်နေတဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်တာ ဖြစ်တယ်လို့လည်း ဒေသခံက ပြောပါတယ်။
နောင်ပိန်ရွာထဲ လက်နက်ကြီးကျတာ ရှစ်လုံးအထိရှိလို့ ရှောင်ကြဖို့ လူမှုကူညီရေးအဖွဲ့ ဦးဆောင်သူတစ်ယောက်က လူမှုကွန်ရက်မှာ သတိပေးထားပါတယ်။
လူမှုကွန်ရက်မှာ တွေ့ရတဲ့ ရုပ်သံဖိုင်အရ နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျလို့ မီးခိုးတွေ ထွက်နေတာကို ဒေသခံတချို့က အကဲခတ် ကြည့်ရှုနေတာ တွေ့ရပါတယ်။
ဒီနေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်တုန်းကလည်း ကျောက်မဲမြို့နယ်၊ အထက်ကြူရှောကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသား တစ်ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၈ လုံးပျက်စီးသွားပါတယ်။
တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ ကျောက်မဲမြို့နယ်ထဲကို ဇွန် ၂၄ ကနေ ဇူလိုင် ၁၃ ရက်အထိ လေကြောင်းနဲ့ ၁၀ ကြိမ် ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၇ ယောက် သေဆုံးပြီး ၃၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ် ၉၀ ကျော်၊ စာသင်ကျောင်း ၄ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်းလည်း ပျက်စီးခဲ့တယ်လို့ TNLA တအာင်းတပ်က ထုတ်ပြန်ထားပါတယ်။
တရားသူကြီး ၄ ယောက်ကို NUG တာဝန်ရပ်စဲ

ဓာတ်ပုံ ရင်းမြစ်, Ministry of Justice
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တရားသူကြီးအဖွဲ့ထဲက လေးယောက်ကို တာဝန်မှ ရပ်စဲလိုက်တဲ့အကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ တရားရေးဌာနက ကန့်သတ်ညွှန်ကြားချက်နဲ့ ထုတ်ပြန်ထားပါတယ်။
NUG တရားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီတရားသူကြီးအဖွဲ့ကြားမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ဆက်လက်တာဝန်ပေးဖို့ မသင့်တော်တော့တာကြောင့် တာဝန်ကနေ ရပ်စဲလိုက်တာလို့ တွေ့ရပါတယ်။
မြို့နယ်တရားသူကြီးဥက္ကဋ္ဌ ဒေါ်ပန်ထွာ၊ တရားသူကြီး အဖွဲ့ဝင် ဦးပင်လုံ၊ ဦးဇာမဏီ၊ ဦးဂဠုန် ဆိုပြီး အမည်ဝှက်ပေးထားတဲ့သူတွေကို ရပ်စဲခဲ့တာ ဖြစ်ပါတယ်။
ဒီတရားသူကြီးအဖွဲ့ကို NUG က စတင်ဖွဲ့ပေးစဉ်ကတည်းက တာဝန်နဲ့ လူပုဂ္ဂိုလ်တွေ နေရာလွဲနေတာလို့ ကနီမြို့နယ် တရားရေးနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
ဥက္ကဋ္ဌ နေရာ တာဝန်ပေးခံရတဲ့ ဒေါ်ပန်ထွာတစ်ယောက်သာ ဥပဒေဘွဲ့ရ ရှေ့နေတစ်ယောက်ဖြစ်ပြီး ကျန်တဲ့သူတွေက CDM ကျောင်းဆရာ၊ ဥပဒေဘွဲ့ရထားတဲ့ ပြင်ပကျောင်းဆရာ၊ နောက်တစ်ယောက်က အထက်တန်း ပညာရေးကို မအောင်မြင်ထားတဲ့သူတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။
တရားသူကြီးအဖွဲ့ဝင် ဥက္ကဋ္ဌ ကတော့ NUG ကချပေးတဲ့ တရားဝင်တရားရုံးကနေ အမှုတွေကိုင်တွယ်ပေမဲ့ ကျန်တဲ့သူ သုံးဦးက တဖွဲ့ဖွဲ့ပြီး သီးသန့်ရုံးထိုင်တာလို့ သိရပါတယ်။
"ဒီလို Level မတူတဲ့သူတွေစုပြီး တရားသူကြီးအဖွဲ့ဆိုတော့ ဘယ်ရှေ့ရောက်တော့မလဲ စဖွဲ့ကတည်းကလွဲတာပဲ။ အဲ့တော့တရားရုံးက နှစ်ရုံးပေါ့။ ရှေ့နေလုပ်ခဲ့တဲ့သူက တရုံး၊ ကျန်တာက တရုံးဖြစ်ကုန်ရော"လို့ တရားသူကြီးအဖွဲ့ အချင်းချင်းကြား ကွဲပြားနေတဲ့ အခြေအနေကို တရားရေးနဲ့ နီးစပ်သူက ရှင်းပြပါတယ်။
ဒီတရားသူကြီးအဖွဲ့ မှာ ပါဝင်သင့်သူတွေရဲ့ နာမည်စာရင်းတွေကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေက NUG ကို ပေးပို့ခဲ့တာဖြစ်ပြီး NUG က လက်မှတ်ရေးထိုး ဖွဲ့စည်းပေးခဲ့တာလို့ သူက ပြောပါတယ်။
ရပ်စဲတဲ့ ထုတ်ပြန်ချက်ကို ဇူလိုင် ၁၇ ရက်စွဲနဲ့ ထုတ်ပြန်ထားတာ ဖြစ်ပေမဲ့ ဇူလိုင် ၂၅ ရက်စပြီး သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကနီမြို့နယ်ရဲ့ ဒီတရားသူကြီးအဖွဲ့ကို ရပ်စဲလိုက်တာနဲ့ ပတ်သက်ပြီး NUG အနေနဲ့လည်း ပြည်သူတွေကို ရှင်းပြသင့်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။
ကနီမြို့နယ်မှာ အခုရပ်စဲလိုက်တဲ့ တရားသူကြီးအဖွဲ့ဝင်နေရာတွေကို အသစ်ပြန်လည်ဖွဲ့စည်းဖို့နဲ့ ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဘီဘီစီက မေးမြန်းပေးမယ့် ဖြေဆိုတာ မရှိပါဘူး။
အငြင်းပွားနေတဲ့ နယ်စပ်အနီးက တောင်ကုန်းကို ထိုင်းသိမ်းယူ

ဓာတ်ပုံ ရင်းမြစ်, SMART Soldiers Strong ARMY
အငြင်းပွားနေတဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က ဖူမာခူအာတောင်ကုန်းကို ဒီမနက်မှာပဲ ထိုင်းစစ်တပ်က သိမ်းပိုက်လိုက်ပြီလို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
မနေ့ညနေက စစ်ဆင်ရေးစတင်ခဲ့ပြီး ဒီမနက်မှာ ထိုင်းအလံစိုက်ထူခဲ့တာဖြစ်ပါတယ်။
ဖူမာခူအာတောင်ဟာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က အငြင်းပွားနေတဲ့ ပရိဝိဟာ ဟိန္ဒူ ဘုရားကျောင်းရဲ့ အနောက်ဘက်မှာရှိပါတယ်။
အဲဒီနယ်စပ်မှာ ကမ္ဘောဒီးယားကလည်း စစ်တပ်ချထားပြီး ပြန်လည်ပစ်ခတ်နေပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ နယ်စပ်အငြင်းပွားမှုကြောင့်ဖြစ်တဲ့ ပဋိပက္ခကို စစ်ရေးမျက်နှာစာမှာရော သံတမန်ရေးမျက်နှာစာမှာ အပြိုင်နွှဲနေပါတယ်။
နယ်စပ်မှာ စစ်ရှောင်တစ်သိန်းကျော်လာပြီး နှစ်ဘက်အထိအခိုက်အကျအဆုံးလည်း ရှိနေပါတယ်။
စစ်ကြောင်းနဲ့ နီးကပ်လာလို့ နန်းမယ်ခုံ ဒေသခံတွေ တိမ်းရှောင်

ဓာတ်ပုံ ရင်းမြစ်, ထွန်းမြန်မာဒိုနေရှင်း
ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက နန်းမယ်ခုံမြို့ကို စစ်ကောင်စီတပ်စစ်ကြောင်း နီးကပ်လာတာကြောင့် ဇူလိုင် ၂၅ ရက်ကစပြီး ဒေသခံတွေ တိမ်းရှောင်ကြရတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့က ပြောပါတယ်။
မိုးဗြဲကို ထိန်းချုပ်လိုက်တဲ့ စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံ- မိုးဗြဲ- လွိုင်ကော်လမ်းမကြီးကိုပါ ထိန်းချုပ်ထားပါတယ်။
အဲဒီတပ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လွိုင်ကော်မြို့နယ် ကောခူရွာကို ရောက်ရှိခဲ့ပြီး ဇူလိုင် ၂၅ ရက်မှာ ကောခူရွာကနေ ဘုရားနီကို ရောက်ရှိလာတဲ့အတွက် ကြိုတင်ရှောင်ရှားကြရတာလို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောပါတယ်။
"နန်းမယ်ခုံကိုတော့ မရောက်သေးဘူး၊ လွိုင်ကော်မြို့နယ်က ဘုရားနီကနေ ဘီလူးချောင်းကို ဖြတ်လိုက်ရင် နန်းမယ်ခုံကို ရောက်ပြီ၊ အခု ဘုရားနီရောက်နေတယ်ဆိုတော့ အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်လို့ ရွှေ့ကြရတာ"လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ အတွင်းရေးမှူး ၂ ကိုဗညားက ပြောပါတယ်။
မိုးတွင်းကာလ ဖြစ်တာကြောင့် ညဘက်တွေမှာပါ မိုးရေထဲ အရေးပေါ် ရွှေ့ပြောင်းကြရတာလို့ ပြောကြပါတယ်။
စစ်ဘေးရှောင်နေတဲ့ ကျေးရွာပေါင်း အနည်းဆုံး ရွာ ၂၀ လောက်ရှိနေပြီး လူဦးရေ ၆ ထောင်ဝန်းကျင်လောက် ရှိတယ်လို့လည်း ခန့်မှန်းကြပါတယ်။
ဒီလိုရွှေ့ပြောင်းတဲ့အခါမှာ ကူညီပေးဖို့အတွက် စက်သုံးဆီ တစ်ဂါလံကို ၂၇၀၀၀ ဈေးဖြစ်နေတာကြောင့် အရေးပေါ် ဆီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေ ကိုထွန်းက ပြောပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုတွေကို ဘတ်တစ်သန်းစီ ထိုင်းအစိုးရထောက်ပံ့မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နှစ်နိုင်ငံ နယ်စပ်တိုက်ပွဲ တတိယမြောက်နေ့မှာ ထိုင်းရေတပ်ပါဝင်လာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တိုက်ပွဲအတွင်း ထိခိုက်၊ သေဆုံးသူခဲ့သူတွေကို ထောက်ပံ့ပေးမယ် လို့ ထိုင်းအစိုးရက ဒီနေ့ အသိပေးပါတယ်။
သေဆုံးသူတစ်ဦးအတွက် ဘတ် တစ်သန်း၊ မသန်စွမ်းဖြစ်သွားသူတွေအတွက် ဘတ် ၇ သိန်း၊ ဒဏ်ရာပြင်းထန်သူတွေအတွက် ဘတ် ၂ သိန်း၊ ဒဏ်ရာရသူတွေအတွက် ဘတ် ၁ သိန်း ထောက်ပံ့ပေးမှာဖြစ်ပါတယ်။
ကမ္ဘောဒီးယားဘက်က ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသား၊ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အို အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးတဲ့အတွက် စစ်ရာဇဝတ်မှု သတ်မှတ်နိုင်တယ်လို့လည်း ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံသားတွေ အရေးပေါ် အခြေအနေ ဖြစ်လာရင် လုံလုံခြုံခြုံ ပြန်ပို့နိုင်ဖို့အတွက် လေကြောင်းလိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။
ထိုင်းအစိုးရအနေနဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတဲ့အပေါ် လေးလေးနက်နက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသသလို ထိုင်းပြည်သူတွေကို တိုက်ခိုက်ခဲ့တဲ့ ကမ္ဘောဒီးယား စစ်တပ်အခြေစိုက် စခန်းတွေကို ဦးတည်တိုက်ခိုက်ခဲ့တယ်လို့လည်း ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်တိုက်ပွဲဟာ ဒီနေ့ဆိုရင် သုံးရက်မြောက် ဖြစ်လာပြီး ထိုင်းရေတပ်ပါ ပါဝင်လာတယ်လို့ ထိုင်းသတင်းဌာနတွေကနေ သိရပါတယ်။
ထိုင်းရေတပ်ဟာ ဒီနေ့မနက်မှာ ထိုင်းနယ်မြေ ၃ ခုကနေ စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ပြီး ကမ္ဘောဒီးယား စစ်တပ်ကို နယ်စပ်ကနေ ဆုတ်ခွာဖို့ ဖိအားပေးနေတယ်လို့လည်း ရေးသားထားကြပါတယ်။
ပုလောမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီးကျလို့ ဆယ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက ဇရပ်ဆိပ်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၂၅ ရက် ညပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၁၀ ဦး သေဆုံးတယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၅ ဦးရှိပါတယ်။
ဇရပ်ဆိပ်ကျေးရွာရဲ့ နေအိမ်တစ်လုံးပေါ်ကို ည ၁၀ နာရီခွဲဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးသီးချလို့ သေဆုံး၊ ဒဏ်ရာရတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ခဲ့ကြပါတယ်။
အဲဒီအချိန်မှာပဲ ပါဒစက်တော်ရာ တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ နေအိမ်ကိုပဲ ထပ်ကျခဲ့တာလို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။
အဲဒီနေအိမ်ဟာ ပုလောမြို့နယ်အတွင်း ပြည်ထောင်စု လမ်းမကြီးပေါ် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ခရီးမဆက်နိုင်ကြတဲ့ ပြည်သူတွေက နီးစပ်ရာ ကျေးရွာတွေမှာ တည်းခိုနေတာ ဖြစ်တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းကနေ သိရပါတယ်။
ပုလောမြို့နယ်ထဲမှာ ဇူလိုင် ၂၃ ရက်ကစပြီး မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ၊ မဟာမိတ်တပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ကြည်း၊ ရေ၊ လေ တပ်တွေသုံးနေတယ်လို့ သိရပါတယ်။
တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
တိုက်ပွဲတွေ ဆက်ပြင်းထန်နိုင်တာကြောင့် စစ်ကောင်စီတပ်စခန်းနားမှာ နေထိုင်တဲ့ ပြည်သူတွေကို နေအိမ်တွေကနေ ချက်ချင်းထွက်ခွာ တိမ်းရှောင်ဖို့၊ ပိတ်မိနေရင်လည်း ကျည်အကာအကွယ် ရနိုင်တဲ့ မျက်ကွယ်နေရာတွေမှာ နေဖို့ကို မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက သတိပေးထားပါတယ်။
အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်က မြိတ်- ပုလော လမ်းပိုင်းကိုလည်း ခရီးသွားလာတာတွေ မလုပ်ဖို့ကိုလည်း သတိပေးထားပြီး မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက အဲဒီလမ်းပိုင်းကို ရက်အကန့်အသတ်မရှိပိတ်ထားလိုက်ပါတယ်။
လမ်းပိုင်းပိတ်လိုက်တာကြောင့် ပုလော- ရန်ကုန်ဘက်ကို ပစ္စည်းပို့ဆောင်တာတွေ ကားဂိတ်တွေက ရပ်နားထားတယ်လို့လည်း ပစ္စည်းပို့ဆောင်သူတချို့က လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။








