ထိုင်းရဲ့ အသက်အငယ်ဆုံးအမျိုးသမီးဝန်ကြီးချုပ်ပေထုန်တန် ရာထူးက ဆိုင်းငံ့ခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီး တစ်နှစ်ပြည့်ဖို့ တစ်လအလို ဇူလိုင် ၁ ရက်မှာ ဝန်ကြီးချုပ်ပေထုန်တန် ရှင်နာဝပ်ဟာ ထိုင်းအစိုးရအိမ်တော်ကနေ ထွက်ခွာသွားရပါပြီ။
ထိုင်းနိုင်ငံဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ကို ရာထူးကနေ ဆိုင်းငံ့ကြောင်း ဇူလိုင် ၁ ရက်က ဆုံးဖြတ်ခဲ့ပါတယ်။
ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ပြဿနာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ပေထုန်တန်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းပြောဆိုမှု အသံဖိုင်ပေါက်ကြားခဲ့တဲ့နောက် ဒီဆိုင်းငံ့မှုဖြစ်လာတာပါ။
ထိုင်းဝန်ကြီးချုပ်ပြောခဲ့တဲ့စကားတချို့ဟာ နိုင်ငံသားတွေအပေါ် ကာကွယ်မှုမရှိတာ၊ စစ်တပ်ကို ပြစ်တင်ဝေဖန်တာမျိုးတွေရှိခဲ့တာက ကျင့်ဝတ်နဲ့မညီဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထိုင်းအတိုက်အခံလွှတ်တော်အမတ်တွေရဲ့ အသံကို စုစည်းပြီး အထက်လွှတ်တော် ဥက္ကဋ္ဌက ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အဲဒီတင်ပြမှုကို ခုံရုံးက ဇူလိုင် ၁ ရက်မှာ ကြားနာခဲ့ပြီးတဲ့နောက်မှာ ခုံရုံးအဖွဲ့ဝင်တွေက မဲအများစုနဲ့ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ပေထုန်တန်အနေနဲ့ အခုဆုံးဖြတ်ချက်ကို ၁၅ ရက်အတွင်း ပြန်လည်ချေပနိုင်မယ်လို့လည်း ခုံရုံးက ဆုံးဖြတ်ပါတယ်။ ပေထုန်တန်ဟာ သူ့ရဲ့ဖခင် သက်ဆင်ရှင်နာဝပ်နဲ့ အဒေါ် ယင်လက်ခ် ရှင်နာဝပ်တို့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ချိန်တုန်းက တွေ့ကြုံခဲ့တဲ့အတိုင်း ရာထူးကနေ လုံးဝဖြုတ်ချခံရနိုင်တဲ့အထိ အခြေဆိုက်လာတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မစ္စတာ ဟွန်ဆန်က သူနဲ့ ပေထုန်တန်ပြောခဲ့တဲ့ အသံဖိုင်ထဲက တစိတ်တပိုင်းအသံဖိုင်ကို နိုင်ငံရေး သမား အယောက် ၈၀ နဲ့ မျှဝေခဲ့တယ်လို့ပြောပြီး သူတို့ထဲက တစ်ဦးဟာ အဲဒီအသံဖိုင်ကို ဖွင့်ချခဲ့တာလို့ ဆိုပါတယ်။
အသံဖိုင်ထဲမှာ ပေထုန်တန်က ဟွန်ဆန်ကို ဦးလေးလို့ သုံးနှုန်းခဲ့သလို ထိုင်းစစ်တပ်အရာရှိတစ်ဦးကို ရည်ညွှန်းတဲ့အဓိပ္ပါယ်ပါတဲ့စကားတချို့ကိုလည်း ပြောခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီအသံဖိုင် ပေါက်ကြားခဲ့တဲ့အပေါ် ပေထုန်တန်က စစ်တပ်နဲ့ လူထုကို တောင်းပန်ခဲ့သလို နယ်စပ်အငြင်းပွားမှုအရေးနဲ့ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းနည်းတစ်ခုအနေနဲ့ အခုလိုပြောဆိုခဲ့တာလို့ တုံ့ပြန်ခဲ့ပါတယ်။
ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကြား မေလနှောင်းပိုင်းတုန်းက ဖြစ်ခဲ့တဲ့နယ်မြေအငြင်းပွားမှုအတွင်း ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးမှုဖြစ်ခဲ့တဲ့နောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုဖြစ်ခဲ့ပါတယ်။
ဒီအငြင်းပွားမှုကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံရဲ့ဆက်ဆံရေးဟာ ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးကို ရောက်လာခဲ့ပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံတင်းမာမှုဟာ အခုမှမဟုတ်ပါဘူး။ ကမ္ဘောဒီးယားကို ပြင်သစ်သိမ်းပြီးတဲ့နောက် ရေးဆွဲခဲ့တဲ့ နယ်စပ်အရေးကြောင့် တင်းမာမှုဖြစ်နေတာ ရာစုနှစ်တစ်ခုကျော်နေပြီဖြစ်ပါတယ်။
အခုတော့ နှစ်နိုင်ငံ နယ်စပ်ကန့်သတ်ချက်တွေ လုပ်ခဲ့ပြီး ကမ္ဘောဒီးယားဟာ ထိုင်းရဲ့ အစားအသောက်နဲ့ လျှပ်စစ်ဖြန့်ဖြူးတာကို ပိတ်ပင်တားမြစ်လိုက်သလို ထိုင်းရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း တားမြစ်ထားပါတယ်။
ဒီလိုတင်းမာမှုတွေကြောင့်ပဲ ပေထုန်တန်က ဟွန်ဆန်ဆီ ဖုန်းခေါ်ဆိုခဲ့မှုဟာ ပေါက်ကြားမှုဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်နုတ်ထွက်ဖို့ ထိုင်းလူထုက ဆန္ဒပြတာတွေလည်းဖြစ်ခဲ့ပါတယ်။
နှစ်နိုင်ငံကြား ဒီလိုတင်းမာမှုတွေရှိနေပေမဲ့လည်း ရှင်နာဝပ် မိသားစုဟာ ဟွန်ဆန်မိသားစုနဲ့ ဆယ်စုနှစ်ကြာအောင် ရင်းနှီးချစ်ကြည်မှုရှိနေခဲ့သူတွေဖြစ်ပါတယ်။ ဟွန်ဆန်နဲ့ ပေထုန်တန်ရဲ့ဖခင် သက်ဆင်တို့နှစ်ဦးကြားမှာ ရင်းနှီးမှုက ညီရင်းအစ်ကို ဆက်ဆံရေးအဖြစ် ဒေသတွင်းမှာရှုမြင်ထားကြတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရာထူးဆိုင်းငံ့ခံလိုက်ရပေမဲ့ ပေထုန်တန်ရှင်နာဝပ်ဟာ အစိုးရအဖွဲ့မှာ ယဥ်ကျေးမှုဝန်ကြီးအဖြစ်ဆက်ရှိမှာပါ။
ခုံရုံးရဲ့ ဆုံးဖြတ်ချက် မတိုင်ခင်မှာ အစိုးရအဖွဲ့ ရာထူးအပြောင်းအလဲကို ထိုင်းဘုရင်မင်းမြတ်က တရားဝင်ထောက်ခံပေးထားပြီးဖြစ်လို့ အစိုးရအသစ်မှာ ပေထုန်တန်ဟာ ဒုတိယဝန်ကြီးချုပ်နဲ့ ယဉ်ကျေးမှုဝန်ကြီး တာဝန်ကို ဆက်ယူမှာဖြစ်ပါတယ်။
ပေထုန်တန်ဟာ ယဉ်ကျေးမှုဝန်ကြီးရာထူးကို ကြာသပတေးနေ့မှာ ကျမ်းကျိန်ဆိုပြီးရယူမှာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ရာထူးလစ်လပ်နေတဲ့ အချိန်မှာ ယာယီဝန်ကြီးချုပ်နေရာကို လက်ရှိဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး တာဝန်ယူထားတဲ့ ဆူရိယ ဂျွန်ရွန်းရန်ကီက တာဝန်ယူမှာဖြစ်ပါတယ်။
တကယ်တမ်းတော့ ကမ္ဘောဒီးယား - ထိုင်းနယ်စပ်ပြဿနာအပြင် အစိုးရအဖွဲ့အတွင်းမှာလည်း မညီညွတ်မှုတွေရှိခဲ့ပါတယ်။ ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်းမှာ ပြည်ထဲရေးဝန်ကြီးအပါအဝင် ဝန်ကြီးတချို့ နုတ်ထွက်စာတင်ခဲ့ကြပါတယ်။
နုတ်ထွက်ခဲ့တဲ့ဝန်ကြီးတွေက ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှာ ဝန်ကြီးနေရာ ၇ နေရာထက်မနည်းယူထားခဲ့တဲ့ ဖွန်ကျန်ထိုင်းပါတီက ဖြစ်ပါတယ်။ ဒီပြဿနာတွေမတိုင်ခင်မှာလည်း ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ ပေထုန်တန်အပေါ် ဖခင်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ စိုးမိုးခြယ်လှယ်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိခဲ့ပါတယ်။
ဒါတင်မက ဖွန်ကျန်ထိုင်းပါတီက တာဝန်ယူထားတဲ့ ပြည်ထဲရေးဝန်ကြီးနေရာကို ဝန်ကြီးချုပ်ရဲ့ ဖုအာထိုင်းပါတီဘက်က လိုလားသူနဲ့ လဲလှယ်မယ်ဆိုတဲ့ သက်ဆင်ရဲ့ ပြောဆိုချက်တွေကြောင့် အစိုးရအဖွဲ့အတွင်း အကွဲအပြဲတွေ စတင်ခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်တွေနောက်မှာတော့ ထိုင်းဝန်ကြီးချုပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ဖိအားပေးမှုတွေ တိုးခဲ့သလို ဆန္ဒပြမှုတွေလည်း ဖြစ်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းဝန်ကြီးချုပ်ဟောင်း ဘီလျံနာသူဌေးကြီး သက်ဆင်ရှင်နာဝပ်ရဲ့ အငယ်ဆုံးသမီးဖြစ်တဲ့ ပေထုန်တန် ရှင်နာဝပ်ဟာ ထိုင်းလွှတ်တော်တွင်းက ဝန်ကြီးချုပ်ပြန်လည်ရွေးချယ်မဲပေးပွဲမှာ မဲအရေအတွက် ၃၁၉ မဲ နဲ့ မဲအများဆုံးရပြီး ထိုင်းနိုင်ငံရဲ့ ဒုတိယမြောက်အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခဲ့သူပါ။
အသက် ၃၈ နှစ်ရှိတဲ့ သူဟာ အဒေါ်ဖြစ်သူ ယင်လက်ခ်ရှင်နာဝပ်ရဲ့ နောက်မှာ နိုင်ငံရဲ့ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်ခဲ့သလို အာရှရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်းဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်က ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက၀န်ကြီးချုပ်ဟောင်း ဆေထာထဝီဆင်ကို ဝန်ကြီးချုပ်အဖြစ်ဖယ်ရှားတယ်လို့ ဆုံးဖြတ်ပြီး နှစ်ရက်အကြာမှာ ဖုအာထိုင်းပါတီရဲ့ ခေါင်းဆောင် ပေထုန်တန်ကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်မှု ဖြစ်ခဲ့တာပါ။
သူဟာ ထိုင်းမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ရှင်နာဝပ်မျိုးနွယ်ရဲ့ စတုတ္ထမြောက် အစိုးရဦးဆောင်သူဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖခင် သက်ဆင်ရှင်နာဝပ်၊ အဒေါ်ဖြစ်သူ ယင်လက်ခ်တို့ အပါအဝင် သုံးဦးကို စစ်တပ်က အာဏာသိမ်းမှု ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက စီရင်ချက်တွေနဲ့ ဖယ်ရှားခဲ့တဲ့အတိုင်း ကြုံလာခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ထိုင်းရွေးကောက်ပွဲမှာမဲအများဆုံးရတဲ့ Move Forward (ရှေ့သို့ချီပါတီ)ကို စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော်က အစိုးရအဖွဲ့ ဖွဲ့စည်းခွင့်ကို တားမြစ်ခဲ့ပြီးနောက် ဖုအာထိုင်းပါတီ ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးအစိုးရအဖွဲ့ ဖွဲ့စည်းခွင့်ရလာတာ ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၄ သြဂုတ်လ အစောပိုင်းမှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက Move Forward ပါတီကို ဖျက်သိမ်းခဲ့ပြီး ခေါင်းဆောင် ၁၁ ဦးကို နိုင်ငံရေးအရ ဆယ်စုနှစ်တစ်ခုကြာ ပိတ်ပင်ကြောင်း အမိန့်ချထားပါတယ်။
မဲအနိုင်ရ အတိုက်အခံ Move Forward ပါတီဟာ ဖျက်သိမ်းခံရပြီးနောက် လူထုပါတီ Prachachon အဖြစ် အမည်ပြောင်း ဖွဲ့စည်းပြီး ပါတီခေါင်းဆောင်လည်း အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဒုတိယမဲအများဆုံးအနိုင်ရ ဖုအာထိုင်းပါတီရဲ့ ဝန်ကြီးချုပ် မစ္စတာထဝီဆင်လည်း ဖြုတ်ချခံလိုက်ရတာ ဖြစ်ပါတယ်။
ဒီလို အခြေခံဥပဒေ တရားရုံးနဲ့ စစ်တပ်ကျောထောက်နောက်ခံပြုပါတီတွေရဲ့ လုပ်ဆောင်ချက်တွေကြား ထိုင်းနိုင်ငံရေးရေချိန်မတည်မငြိမ်ဖြစ်နေချိန်မှာ ပေထုန်တန်ရှင်နာဝပ်ဝန်ကြီးချုပ်ဖြစ်လာလို့ သူ့မှာ စိန်ခေါ် ချက်အများအပြားရှိနေတယ်လို့ လည်း မှတ်ချက်ပြုထားကြပါတယ်။
အခုတော့ တာဝန်ယူမှု တစ်နှစ်ပြည့်ဖို့ တစ်လအလိုမှာ နိုင်ငံရေးအကဲခတ်တွေ မျှော်လင့်ကောက်ချခဲ့တဲ့အတိုင်း ပေထုန်တန်ဟာ ခြေလှမ်းတချက် အမှားမှာ ရာထူးကနေ ဆိုင်းငံ့ခံရမှုဖြစ်လာတာပါ။
တဖက်မှာလည်း ဖွဲ့စည်းပုံခုံရုံးရဲ့အခုဆုံးဖြတ်ချက်ဟာ ပေထုန်တန်အစိုးရအဖွဲ့ကို နောက်ကွယ်ကနေ ကြိုးကိုင်သူလို့ ရှုမြင်ခံရတဲ့ သူ့ ဖခင် သက်ဆင် ရှင်နာဝပ်လည်း သူ့ရဲ့ နိုင်ငံရေးပြဿနာတွေ ရှင်းနေရချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
သက်ဆင်ဟာ ပြီးခဲ့တဲ့ ၉ နှစ်တုန်းက တောင်ကိုရီးယားသတင်းစာတစ်ခုကို ပြောတဲ့ အင်တာဗျူးတစ်ခုမှာ ထိုင်းဘုရင်စနစ်ကို စော်ကားတယ်ဆိုတဲ့ တရားစွဲဆိုမှုတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သက်ဆင်ဟာလည်း သမီးဖြစ်သူ ဝန်ကြီးချုပ်ရာထူး ဆိုင်းငံ့ခံရတဲ့နေ့မှာပဲ သူ့အပေါ် တရားစွဲဆိုမှုတွေကို စတင် တရားရင်ဆိုင်ရတာပါ။
သက်ဆင်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ပြည်ပမှာ နေထိုင်ခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံကို ၂၀၂၃ ခုနှစ်မှာ ပြန်ဝင်လာခဲ့ပါတယ်။ ဒါကြောင့် သက်ဆင်ဟာ ထိုင်းတော်ဝင်မိသားစု ဥပဒေနဲ့ နောက်ဆုံးတရားစွဲခံရတဲ့ လူသိရှင်သိအဖြစ်ဆုံး ထိုင်းနိုင်ငံရေးသမားတစ်ဦး ဖြစ်လာပါတယ်။
အာဏာရ ဖုအာထိုင်းပါတီနဲ့ သူ့ရဲ့ အရင်ကွန်ဆာဗေးတစ် မိတ်ဟောင်းဆွေဟောင်းတွေကြား အပေးအယူရဲ့တစ်စိတ်တစ်ပိုင်းကြောင့် သက်ဆင်ရဲ့ပြည်တော်ပြန်မှု ထွက်ပေါ်လာခဲ့တာပါ။
အဲဒီမိတ်ဟောင်းဆွေဟောင်းတွေထဲမှာ ရှင်နာဝပ်အစိုးရ နှစ်ခုကို အာဏာသိမ်းပြီး ဖြုတ်ချခဲ့တဲ့ ထိုင်းစစ်တပ်၊ ဘုရင်စနစ်နဲ့ နီးကပ်တဲ့အစုအဖွဲ့တွေထဲက ပါဝင်ပါတယ်။










