ထိုင်းနဲ့ နယ်စပ်အငြင်းပွားမှု ဖြေရှင်းပေးဖို့ကမ္ဘောဒီးယား အိုင်စီဂျေကို ပန်ကြား

ဖနွမ်ပင်မြို့ထဲ အင်အားပြနေတဲ့ ကမ္ဘောဒီးယားစစ်ကား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖနွမ်ပင်မြို့ထဲ အင်အားပြနေတဲ့ ကမ္ဘောဒီးယားစစ်ကား

ထိုင်းနဲ့ နယ်စပ် အငြင်းပွားမှုကို ကူညီ ဖြေရှင်းပေးဖို့ ကမ္ဘောဒီးယားက နိုင်ငံတကာ တရားရုံး အိုင်စီဂျေကို တောင်းဆိုလိုက်ပါတယ်။

အရင်လက စပြီး ဒီအိမ်နီးချင်း နှစ်နိုင်ငံကြား တင်းမာလာခဲ့ပြီး အပြန်အလှန် ပစ်ခတ်ကြလို့ ကမ္ဘောဒီးယား စစ်သား တယောက် သေဆုံးခဲ့ပါတယ်။

ကမ္ဘောဒီးယားရဲ့ နိုင်ငံတကာ ဥပဒေကို လေးစားမှုနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်း အဖြေရှာလိုမှုကို ဒီ အိုင်စီဂျေကို တင်သွင်းမှုက ပြနေကြောင်း ကမ္ဘောဒီးယားဘက်က ဆိုပါတယ်။

ထိုင်းအစိုးရ ထောက်ခံဆန္ဒပြသူ အမျိုးသားရေးဝါဒီတစု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းအစိုးရ ထောက်ခံဆန္ဒပြသူ အမျိုးသားရေးဝါဒီတစု

ကမ္ဘောဒီးယား၊ ထိုင်းနဲ့ လာအိုတို့ ထိဆုံရာ နယ်မြေ အငြင်းပွားနေတဲ့ မြတြိဂံ နယ်စပ်မှာ မေလ ၂၈ ရက်က ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်တွေ ပစ်ခတ်မှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သားတယောက် သေဆုံးခဲ့တာပါ။

နှစ်ဘက်စလုံးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပစ်တာလို့ ပြောပေမယ့် ရင်ဆိုင်တွေ့မှုတွေ မဖြစ်အောင် ရှောင်ဖို့ စစ်သားတွေ နေရာ ပြန်ချဖို့ သဘောတူခဲ့ကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။

ဒီရက်ပိုင်းအတွင်း ထိုင်းက နယ်စပ်ကို ပိုပြီး ထိန်းချုပ်လာသလို ကမ္ဘောဒီးယားကလည်း စစ်သားတွေကို သောကြာနေ့က စပြီး အမြင့်ဆုံး တပ်လှန့်ထားပါတယ်။ ထိုင်းရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေ မပြဖို့လည်း ကမ္ဘောဒီးယားက ပိတ်ပင်ခဲ့ပါတယ်။

ထိုင်းအစိုးရဘက်ကလည်း နယ်စပ်ပိတ်ပြီး ကမ္ဘောဒီးယားကို လျှပ်စစ်မရောင်းဘဲ ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ကမ္ဘောဒီးယားဘက်ကလည်း ထိုင်းလျှပ်စစ်၊ အင်တာနက်နဲ့ ထုတ်ကုန်တွေ မဝယ်ဘူးဆိုပြီး ကြေညာခဲ့ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်

နယ်စပ် လေးနေရာက နယ်မြေ အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ အိုင်စီဂျေကို တရားဝင် စာတင်ခဲ့ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ တနင်္ဂနွေနေ့က ရေးသားခဲ့ပါတယ်။ ဒီနေရာတွေက အရင်လ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ နေရာနဲ့ ရှေးဟောင်း ဘုရားကျောင်း သုံးဆောင် ရှိတဲ့ နေရာတွေ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနယ်စပ်ကိစ္စမှာ တရားမျှတမှုနဲ့ ရှင်းလင်းမှု ရှိဖို့ လိုပြီး နောက်မျိုးဆက်တွေ လက်ထက်မှာ ဒီကိစ္စတွေ ဆက်ပြီး ရှင်းမနေရဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။

ထိုင်းဘက်က ကမ္ဘောဒီးယားနဲ့ တွဲပြီး အိုင်စီဂျေမှာ ဒီအငြင်းပွားမှုကို ဖြေရှင်းမလား တုံ့ပြန်တာကို စောင့်နေတယ်လို့လည်း ဟွန်မာနတ်က သောကြာနေ့က ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေး ဌာနဘက်က ဒီကိစ္စကို ချက်ချင်း တုံ့ပြန်မှု မလုပ်ကြောင်းလည်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

ကမ္ဘောဒီးယားနယ်စပ်က ထိုင်းစစ်စခန်းကို သွားကြည့်တဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယားနယ်စပ်က ထိုင်းစစ်စခန်းကို သွားကြည့်တဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အရင် နှစ်တရာကျော် ၂၀ ရာစု ဦးက ကမ္ဘောဒီးယားနိုင်ငံ ပြင်သစ် လက်အောက်ခံဘ၀မှာ ရေးဆွဲခဲ့တဲ့ မြေပုံကြောင့် နယ်မြေတချို့နဲ့ ဘုရားကျောင်းတချို့ ပိုင်ဆိုင်မှုကို အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

ဒီနယ်စပ်က မိုင်ငါးရာ ရှည်လျားပြီး အရင်ကလည်း နယ်စပ်က ဘုရားကျောင်းဆောင် ပိုင်ဆိုင်မှု အငြင်းပွားစဉ်က ကမ္ဘောဒီးယားက အိုင်စီဂျေကို အကူအညီ တောင်းဖူးပါတယ်။

အငြင်းပွားနေတဲ့ ပရိဝိဟာ ဟိန္ဒူ ဘုရားကျောင်း ပိုင်ဆိုင်မှုနဲ့ ဘုရားကျောင်းတ၀ိုက်က မြေကို ပိုင်ဆိုင်မှုအတွက် ၁၉၆၂ နဲ့ ၂၀၁၃ နှစ်ကြိမ်လုံး အိုင်စီဂျေမှာ အရေးဆိုရာမှာ ကမ္ဘောဒီးယားဘက်က အနိုင်ရခဲ့ပါတယ်။

ဒီနယ်မြေကို ကမ္ဘောဒီးယားပိုင်ဆိုင်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပေမယ့် ထိုင်းက လက်မခံဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

၂၀၀၈ က စပြီး ဒီနယ်မြေမှာ နယ်စပ် အငြင်းပွားမှုကြောင့် ဖြစ်တဲ့ ပဋိပက္ခမှာ သေဆုံးသူ ၂၈ ယောက် ရှိခဲ့ပါတယ်။

နယ်မြေ အငြင်းပွားမှုကိစ္စ ဆွေးနွေးဖို့အတွက် နှစ်နိုင်ငံ အာဏာပိုင်တွေ ဖနွမ်ပင်မှာ စနေနေ့က တွေ့ဆုံခဲ့ပြီး အပြန်အလှန် နားလည်မှု တည်ဆောက်ရေးမှာ တိုးတက်မှု ရှိတယ် ဆိုပြီး ထိုင်းနိုင်ငံခြားရေး ဌာနက ထုတ်ပြန်ပါတယ်။

ပရိဝိဟာ ဟိန္ဒူ ဘုရားကျောင်း ပိုင်ဆိုင်မှု အငြင်းပွားခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပရိဝိဟာ ဟိန္ဒူ ဘုရားကျောင်း ပိုင်ဆိုင်မှု အငြင်းပွားခဲ့