ဗျူဟာမြောက် မိုးဗြဲကို ပြန်ရဖို့ စစ်တပ်သုံးတဲ့စစ်ဆင်ရေး

ဓာတ်ပုံ ရင်းမြစ်, CINCDS
ရှမ်းတောင်ပိုင်းနဲ့ ကယား(ကရင်နီ)ဒေသကိုချိတ်ဆက်နေတဲ့ အဓိကလမ်းပိုင်းပေါ်မှာ ရှိနေတဲ့ မိုးဗြဲမြို့ကို စစ်တပ်က ၆ လကြာ တိုက်ယူပြီး ပြန်သိမ်းလိုက်ပါတယ်။
မိုးဗြဲမြို့ဟာ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်းကြောင်းပေါ်မှာရှိနေတဲ့အတွက် နှစ်ဖက်လုံးအတွက် ဗျူဟာအရအရေးပါတဲ့မြို့ဖြစ်ပါတယ်။
"မိုးဗြဲမြို့ပေါ် ရပ်ကွက်အကုန်လုံးကို စစ်ကောင်စီတပ်တွေက တပ်စွဲလိုက်ပြီ" လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ တာအယ်စိုးက ပြောပါတယ်။
ကရင်နီဒေသနဲ့ဆက်နေတဲ့ ရှမ်းတောင်ပိုင်းထဲက မိုးဗြဲကို ပြန်သိမ်းပိုက်ဖို့ ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး တိုက်ပွဲပေါင်းရာချီဖြစ်တဲ့အထိ ၆ လကြာထိုးစစ်ဆင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဒရုန်းအားပြုတိုက်ခိုက်မှုနဲ့ လေကြောင်းဗုံးကြဲမှုတွေက တိုက်ပွဲရဲ့ အဆုံးအဖြတ်ဖြစ်ခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်တွေဘက်က တုံ့ပြန်ပါတယ်။
မိုးဗြဲက စစ်ကောင်စီအတွက်ဘယ်လောက်အရေးကြီးလဲ။ ဘာကြောင့် ကရင်နီတော်လှန်ရေးအဖွဲ့တွေလက်လွှတ်ခဲ့ရသလဲ။
တိုက်ပွဲ ၆၀၀ ကျော်နဲ့ စစ်ကောင်စီထိုးစစ်

ဓာတ်ပုံ ရင်းမြစ်, CINCDS
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာစတဲ့ ၁၁၁၁ - တစ်လေးလုံး စစ်ဆင်ရေးနဲ့ ကရင်နီတပ်ပေါင်းစုတွေကကယား (ကရင်နီ) တပြည်လုံးနဲ့ ရှမ်းတောင်နဲ့ဆက်နေတဲ့မြို့တွေကို တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ပါတယ်။ ရှမ်းတောင်ထဲက မိုးဗြဲမြို့ကိုတော့ စစ်ဆင်ရေးစတဲ့ နိုဝင်ဘာလမှာ သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်ခဲ့တဲ့လွိုင်ကော်မြို့ရဲ့အစိတ်အပိုင်းအများစုကိုတော့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်မှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ လွိုင်ကော်လမ်းကြောင်းက မိုးဗြဲနဲ့လည်း ဆက်နွှယ်နေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီတပ်တွေက ဟိုပုံး၊ ဆီဆိုင်၊ လွိုင်ကော်လမ်းကြောင်းကို ၂၀၂၄ ခုနှစ်မှာ စိုးမိုးခဲ့သလို မိုးဗြဲကို ဆက်သွယ်နေတဲ့ ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်ကော်လမ်းကိုပါ ပြန်သိမ်းပိုက်ဖို့ စစ်ကြောင်းထိုးခဲ့ပါတယ်။
၂၀၂၅ နှစ်စပိုင်းမှာတော့ မိုးဗြဲမြို့ အရှေ့ဘက်ခြမ်းကို ထိန်းချုပ်နိုင်တဲ့ လမ်းကြောင်းတွေဖြစ်တဲ့ သစ်ရာကုန်းရပ်ကွက်နဲ့ စည်ကားရပ်ကွက်တွေကို လက်နက်ကြီး၊ လေကြောင်းအကူအညီတွေနဲ့ နေရာဝင်ယူခဲ့ပါတယ်။
စစ်တပ်အပြောအရ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter Terrorism Operation)ကို သုံးပြီး မိုးဗြဲကို ပြန်ယူခဲ့တယ်လို့ ဆိုပါတယ်။
"မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီ အားသာချက်က အဆင့်မြင့် ဒရုန်းတွေ သုံးလာတယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ ပြီးတော့ PNO ပြည်သူ့စစ်တွေ၊ စစ်မှုထမ်း လူသစ်တွေက ကြည်းကြောင်းကနေ စစ်ကြောင်းထိုးတယ်" လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ တာအယ်စိုးက ပြောပါတယ်။
မြေပြင်ထိုးစစ်လမ်းကြောင်းမှာ တပ်အင်အားဟာ ၇၀၀ ဝန်းကျင်ခန့် သုံးခဲ့တယ်လို့ ဆိုပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အပါအဝင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေကလည်း ခုခံခဲ့ပေမဲ့ လက်လွှတ်ခဲ့ရတယ်လို့ တာအယ်စိုးက ရှင်းပြပါတယ်။
ကရင်နီတော်လှန်ရေးအဖွဲ့တွေလက်လွှတ်လိုက်ရတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Mobye Recue Team
"ကျွန်တော်တို့တွေ ဘန်ကာတွေ၊ ခံတပ်တွေ လုပ်ပြီး ခုခံခဲ့တယ်။ အစွမ်းကုန် ခုခံခဲ့ပေမဲ့ မြို့ပေါ် ရပ်ကွက်တွေကနေ စွန့်ခွာခဲ့ရတယ်" လို့ KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ တာအယ်စိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်တွေမှာ မိုးဗြဲသာမက ဖရူဆို၊ ဘောလခဲမြို့တွေဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ရှေ့တိုးလို့မရအောင် ကရင်နီတော်လှန်ရေး အဖွဲ့တွေက ခုခံခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီနှစ်တွေတုန်းက ကြည်းကြောင်းတွေသာမက စစ်ကောင်စီ အသုံးပြုတဲ့ဒရုန်းတွေကို တန်ပြန်တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။
၂၀၂၅ ခုနှစ်မှာတော့ စစ်ကောင်စီတပ်တွေဟာ ရုရှားနဲ့ တရုတ်နိုင်ငံက အဆင့်မြင့်နည်းပညာသုံး ဒရုန်းတွေ သုံးလာသလို အရေအတွက်တွေလည်း ပိုသုံးလာတယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။
ဒရုန်းတွေနဲ့ ဗုံးကြဲတာတင်မက လက်နက်ကြီးပစ်ဖို့အတွက် ကင်းထောက်တဲ့နေရာတွေမှာလည်းအသုံးပြုတယ်လို့ဆိုပါတယ်။ ဒါတင်မက စစ်မှုထမ်းအင်အား အလုံးအရင်းကို အသုံးပြုခဲ့တာတွေက စစ်တပ်ရဲ့ အားသာချက်ဖြစ်ခဲ့တယ်လို့ တွက်ချက်ကြပါတယ်။
လေကြောင်းကနေ ဗုံးကြဲတာတွေ ဆက်တိုက်ရှိနေခဲ့တာကလည်း တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်အားကို လျော့စေခဲ့တယ်လို့ ကရင်နီတပ်တွေက ပြောပါတယ်။
"တော်လှန်ရေးဘက်က ဒရုန်းတွေ တက်လာလို့မရအောင်လည်း စစ်ကောင်စီဘက်က ဒရုန်းဖျက်နည်းပညာတွေကလည်း ကောင်းလွန်းတယ်"လို့ တာအယ်စိုးက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် မြို့ပေါ်ရပ်ကွက်တွေကနေ ဆုတ်ခွာခဲ့ကြရပေမဲ့ စစ်ကောင်စီတပ်တွေ ရှေ့ကို တက်မလာနိုင်အောင် ဆက်ကာကွယ်နေတာကြောင့် တိုက်ပွဲတွေဆက်ရှိနေတယ်လို့ ဆိုပါတယ်။
မိုးဗြဲ ဘာ့ကြောင့်အရေးကြီး

ဓာတ်ပုံ ရင်းမြစ်, KNDF
မိုးဗြဲမြို့ရဲ့ အရေးပါချက် တစ်ခုကတော့ ရှမ်းတောင်ပိုင်းကနေ ကယား (ကရင်နီ) ပြည်နယ်ကို ဝင်နိုင်တဲ့ ဝင်ပေါက်မြို့ ဖြစ်တာကြောင့်ပါ။ စစ်တပ်က ၂၀၂၄ ခုနှစ် ဇူလိုင်မှာ ပြန်ထိန်းချုပ်ထားတဲ့ မြို့တော် လွိုင်ကော်နဲ့ ကပ်လျက်မြို့လည်း ဖြစ်ပါတယ်။
'' မိုးဗြဲက လမ်းဆုံလမ်းခွမှာ ရှိတယ်။ မိုးဗြဲကနေ လွိုင်ကော်ကို စစ်ကြောင်းထိုးလို့ ရသလို ဒီးမော့ဆိုဘက်ကို လှည့်လို့ရတယ်။ မိုးဗြဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ တောက်လျှောက် ဒီလမ်းကြောင်းကနေ သွားလို့ရတယ်" လို့ မြေပြင်ပထဝီအနေအထားကို သိသူကပြောပါတယ်။
ကရင်နီတော်လှန်ရေးတပ်တွေက နန်းမယ်ခုံ၊ ဖရူဆို၊ မော်ချီး၊ မယ်စဲ့၊ ရှားတော တို့ကို သိမ်းပိုက်ထားပါတယ်။ ကယား(ကရင်နီ) ပြည်နယ်တစ်ခုလုံးထဲကမှ လွိုင်ကော်မြို့ တစ်မြို့တည်းမှာသာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိနေပါတယ်။
ဒါ့ကြောင့် အနီးစပ်ဆုံး မိုးဗြဲမြို့ကို သိမ်းပိုက်တဲ့အခါ ရှမ်းပြည်နယ် တောင်ပိုင်းကနေ ကရင်နီကိုပေါက်တဲ့ ဟိုပုန်း- လွိုင်ကော် လမ်းတစ်လျှောက်ကို ထိန်းချုပ်နိုင်ဖို့အတွက် အရေးပါတယ်လို့လည်း စစ်ရေးလေ့လာသူက သုံးသပ်ပါတယ်။
မိုးဗြဲကို စစ်ကောင်စီတပ်က ပြန်သိမ်းပိုက်ပြီးတဲ့နောက်မှာတော့ မိုးဗြဲ- လွိုင်ကော်လမ်းတစ်လျှောက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေကလည်း မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ် ဆက်ပြီးရှင်းလင်းမယ်လို့ဆိုပါတယ်။ ပြီးရင်တော့ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း ဆက်သွယ်ရေးလမ်းကို ပြန်ဖွင့်မယ်လို့ ကြေညာထားပါတယ်။
ကရင်နီ စစ်ရေးအရင်းအမြစ်ကတော့ ဒါတွေက အကြောင်းပြချက်လို့ ကောက်ချက်ချပြီး အဓိက ရည်ရွယ်ချက်က ကရင်နီဒေသတစ်ခုလုံးအတွက် စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းအတွက်လို့ဆိုပါတယ်။
" လွိုင်ကော်တစ်မြို့တည်းကို ကုန်းလမ်းနဲ့သွားလို့ရတယ်။ ကျန်တဲ့မြို့တွေက ရဟတ်ယာဉ်နဲ့ ရိက္ခာ၊ အင်အားပို့တာမျိုးပဲ လုပ်လို့ရတယ်။ သူတို့က ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်း ပြန်ပွင့်ရင် တပ်အင်အား ဖြည့်တာ လုပ်လို့ရမယ်" စစ်ရေးရင်းမြစ်က မှတ်ချက်ပြုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNDF
စစ်ကောင်စီတပ်တွေ သိမ်းပိုက်လိုက်တဲ့ မိုးဗြဲမြို့မှာ ဇူလိုင် ၆ ရက် နေအိမ်တွေ မီးလောင်လို့ မီးခိုးတွေ ထွက်နေတဲ့ ရုပ်သံမှတ်တမ်းဖိုင်ကိုလည်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။
လူဦးရေ ၂ သောင်းကျော် နေခဲ့တဲ့မိုးဗြဲမြို့မှာ ၂ နှစ်နီးပါးအတွင်းတိုက်ပွဲတွေကြောင့် အနည်းဆုံး ၃ ကြိမ် ကနေ ၇ ကြိမ်အထိ စစ်ရှောင်ရသူတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသူတစ်ဦးက ပြောပါတယ်။
"မိုးဗြဲအနီးက လက်နက်ကြီးလှမ်းထုလို့ နီးတဲ့ရွာတွေတော့ ရှောင်ခိုင်းထားတယ်။ ရွေးကောက်ပွဲ လုပ်မှာဆိုတော့ လူတွေပြန်လာအောင်ခေါ် မယ်ထင်တယ်ခင်ဗျ။ ဒါပေမဲ့ မဖြစ်နိုင်ဘူး တော်လှန်ရေးဘက်ကလည်း ပြန်ချ(တိုက်ခိုက်)ဖို့ လုပ်နေတယ်"လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။
တဖက်မှာတော့ မိုးဗြဲကိုပြန်ရသွားတဲ့ စစ်ကောင်စီက ရှမ်းတောင်ပိုင်းနဲ့ ကရင်နီကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းတွေ ပြန်ဖွင့်ပေးမယ်လို့ ပြောတဲ့အပြင် အုပ်ချုပ်ရေးတွေ ပြန်လည်ပတ်မယ်လို့ ကြေညာထားပါတယ်။












