ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ - ကြေမွလာတဲ့ နှစ်နိုင်ငံဆက်ဆံရေး

 မိတ်ဆွေကနေ ရန်သူတွေ ဖြစ်လာနိုင်တဲ့ သက်ဆင်နဲ့ဟွန်ဆန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မိတ်ဆွေကနေ ရန်သူတွေ ဖြစ်လာနိုင်တဲ့ သက်ဆင်နဲ့ဟွန်ဆန်
    • ရေးသားသူ, ဂျွန်နသန် ဟက်ဒ်
    • ရာထူးတာဝန်, ဘီဘီစီ အရှေ့တောင်အာရှ သတင်းထောက်

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ကြားမှာ ပဋိပက္ခက အရင်ကတည်းက မကြာမကြာ ဖြစ်လေ့ရှိခဲ့ပါတယ်။

နှစ်နိုင်ငံကြားမှာ ရှည်လျားပြီး သစ်တောဖုံးလွှမ်းနေတဲ့ နယ်စပ်ရှိပြီး နှစ်နိုင်ငံစလုံးက သူတို့ပိုင်ပါတယ်လို့ အငြင်းပွားနေခဲ့တဲ့ နေရာတွေလည်း ရှိနေပါတယ်။

အရင်ကလည်း နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ဖူးပါတယ်။ ၂၀၀၈ နဲ့ ၂၀၁၁ ခုနှစ်တွေက ပစ်ခတ်မှုတွေမှာဆို လူ ၄၀ သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားခဲ့တာ များပါတယ်။

ဒီနှစ် မေလတုန်းကတောင် ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဥ် ရှိခဲ့ပါတယ်။ နှစ်ဖက်စလုံးက နောက်ထပ် သွေးထွက်သံယိုဖြစ်လာမှာကို မလိုလားဘဲ အခြေအနေကို ထိန်းသိမ်းဖို့ နှစ်ဖက်တပ်မှူးတွေ တွေ့ဆုံကြပါတယ်။

၂၀၂၅ ဇူလိုင် ၂၄ ရက်နေ့က နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ဖြစ်ခဲ့ပါတယ်။ ထိုင်းဘက်က အရပ်သား ၁၄ ဦးနဲ့ စစ်သားတစ်ဦးသေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုတွေက ဒီသတင်းရေးသားချိန် ဇူလိုင် ၂၅ သောကြာနေ့မှာလည်း ဆက်ဖြစ်နေပါတယ်။

ကမ္ဘောဒီးယားဘက်ကတော့ အခုချိန်ထိ အနည်းဆုံး အရပ်သားတစ်ဦးသေဆုံးတယ်လို့ ဒေသန္တရအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

အခုနောက်ဆုံးဖြစ်စဥ်ကတော့ ဗုဒ္ဓဟူးနေ့တုန်းက ထိုင်စစ်သား ၅ ဦး မြေမြှုပ်မိုင်းပေါက်ကွဲလို့ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်ကနေ စခဲ့တာပါ။

ဒီနှစ်ဖက်နယ်စပ်တိုက်ခိုက်မှုတွေ ဘာကြောင့် ကြီးကြီးမားမား ပြန်ဖြစ်လာရသလဲ။

တကယ်တော့ နှစ်နိုင်ငံဆက်ဆံရေးက ပြီးခဲ့တဲ့လကစလို့ ယိုယွင်းလာခဲ့တာပါ။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ အဲဒီအချိန်က ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်တို့ နယ်စပ်အငြင်းပွားမှုနဲ့ပတ်သက်ပြီး ဖုန်းစကားပြောဆိုတဲ့အသံဖိုင်ကို ဟွန်ဆန်က ဖွင့်ထုတ်ဖောက်ချရာကနေ ပေထုန်တန်အတွက် ကြီးကြီးမားမား အရှက်ရစေခဲ့ပါတယ်။

အသံဖိုင်ထဲမှာ ပေထုန်တန်က ဟွန်ဆန်ကို "အန်ကယ်" လို့ ခေါ်ဆိုခဲ့ပြီး သူ့ရဲ့ တပ်မှူးတစ်ဦးကို ဝေဖန်ခဲ့တာကလည်း ထိုင်းလူထုကြား ဒေါသဖြစ်စေခဲ့ပါတယ်။ ပေထုန်တန်ကို ထိုင်းဖွဲ့စည်းပုံခုံရုံးက ဝန်ကြီးချုပ်ရာထူးကနေပါ ဆိုင်းငံ့လိုက်ပါတယ်။ သူ့ကို ဝန်ကြီးချုပ်ရာထူးက အပြီးတိုင် ဖယ်ရှားဖို့ တောင်းဆိုမှုကိုတောင် ခုံရုံးက စဥ်းစားနေပါတယ်။

ဟွန်ဆန်ဘက်က ဘာကြောင့် ဒီလို လုပ်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ တကယ်တော့ ဟွန်ဆန်မိသားစုနဲ့ ပေထုန်တန်ရဲ့ ဖခင် သက်ဆင် ရှင်နာဝပ် မိသားစုကြားက ရင်းနှီးခင်မင်မှုက ဆယ်စုနှစ်တွေနဲ့ချီ ရှိနေပါပြီ။

ပေထုန်တန် ရှင်နာဝပ်ကို ဇူလိုင်လဆန်းက ထိုင်းဝန်ကြီးချုပ်ရာထူးကနေ ဆိုင်းငံ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပေထုန်တန် ရှင်နာဝပ်ကို ဇူလိုင်လဆန်းက ထိုင်းဝန်ကြီးချုပ်ရာထူးကနေ ဆိုင်းငံ့

လူအများအပြားကတော့ ဟွန်ဆန်ရဲ့ ပြောဆိုမှုမှာ ပေထုန်တန်ရဲ့အမှားတွေကို ထောက်ပြကြပါတယ်။ သူ့ဖခင်နဲ့ ဟွန်ဆန်တို့ရဲ့ ရင်းနှီးမှုကို အသုံးချပြီး ဒီနယ်စပ်ကိစ္စ ဖြေရှင်းဖို့ ကြိုးစားနိုင်မယ်လို့ ပေထုန်တန်က ယူဆပုံရပါတယ်။

အရင်ကလည်း သက်ဆင်ရဲ့ အတိုက်အခံတွေက သက်ဆင်ဟာ ထိုင်းအကျိုးစီးပွားထက် ကမ္ဘောဒီးယားအကျိုးစီးပွားကို ပိုအလေးပေးတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

၂၀၁၄ တုန်းက သက်ဆင်ရဲ့ ညီမ ယင်လတ် ရှင်နာဝပ်ရဲ့ အစိုးရဟာ စစ်အာဏာသိမ်း ဖယ်ရှားခံရတုန်းကလည်း ဟွန်ဆန်က သက်ဆင်ထောက်ခံသူအများအပြားကို ခိုလှုံခွင့်ပေးခဲ့ပါတယ်။

နှစ်နိုင်ငံကြားမှာ တခြား လူသိမခံချင်တဲ့ ပူးပေါင်းလုပ်ဆောင်မှုတချို့လည်းရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက ကမ္ဘောဒီးယားအတိုက်အခံ ၆ ဦးကို ထိုင်းကနေ ကမ္ဘာဒီးယားကို လွှဲပေးခဲ့ပါတယ်။ အဲဒီထဲမှာ ကလေးငယ် တစ်ဦးလည်း ပါပါတယ်။ သူတို့ဟာ ကမ္ဘာဒီးယားကို ရောက်ရောက်ချင်း ထိန်းသိမ်းခံရပါတယ်။ ဒီလူတွေက ကုလသမဂ္ဂကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူတွေ ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၀ တုန်းကလည်း ကမ္ဘောဒီးယားဘက် ထွက်ပြေးတဲ့ ထိုင်းတက်ကြွလှုပ်ရှားသူ ဝမ်ချလမ် ဆပ်ဆက်စစ်ဟာ ပြန်ပေးဆွဲခံရပြီး ပျောက်ကွယ်ခဲ့ဖူးပါတယ်။ ဒါက ထိုင်းလက်ချက်လို့ အများက ယူဆကြပါတယ်။

ဇန်နဝါရီလတုန်းက ဘန်ကောက်မြို့လယ်မှာ ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရတုန်းကလည်း တက်ကြွလှုပ်ရှားသူတွေက ဒါဟာ နှစ်နိုင်ငံလုံခြုံရေးအဖွဲ့တွေကြား နားလည်မှုယူထားတာရဲ့ ရလဒ်ဖြစ်နိုင်တယ်လို့ ရှုမြင် ကြပါတယ်။

ဒီလိုနောက်ခံအခြေအနေတွေအောက်မှာ ပေထုန်တန်ရဲ့ ဖုန်းစကားပြောအသံဖိုင် ပေါက်ကြားတာက သက်ဆင်မိသားစုအတွက် အငိုက်မှာ အရှိုက်ထိသွားပုံပါပဲ။

သက်ဆင်နဲ့ ပေထုန်တန်တို့ဘက်က တုံ့ပြန်မှုတွေမှာတော့ ဒါက သစ္စာဖောက်ခံရတဲ့ပုံစံမျိုး ဖော်ပြတာ တွေ့ရပါတယ်။ နှစ်နိုင်ငံကြားမှာ ခါးသီးတဲ့စကားလုံးတွေနဲ့ အပြန်အလှန်ထိုးနှက်တိုက်ခိုက်မှုတွေကလည်း ပြင်းထန်လာခဲ့ပါတယ်။

ဒါပေမဲ့ စကားလုံးတိုက်ပွဲထက် ပိုလာခဲ့ပါပြီ။

ထိုင်းရဲက တရားမဝင်လောင်းကစားမှုတွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိတဲ့ ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို စတင်စုံစမ်းစစ်ဆေးနေပါတယ်။ နှစ်နိုင်ငံကြား နှစ်စဥ် ဒေါ်လာသန်းထောင်နဲ့ချီ တန်ဖိုးရှိတဲ့ ကုန်သွယ်ရေးလည်း ရပ်တန့်နေပါတယ်။

နယ်စပ်မှာဆိုရင် နှစ်ဖက်စစ်တပ်တွေကြား ပိုပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်ခြေကလည်း အရင်ထက် ပိုများလာနေပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကလည်း နောက်ဆုတ်ဖို့အနေအထားမရှိဘဲ ထိုင်းနိုင်ငံနဲ့ သက်ဆင်မိသားစုကို ထိုးနှက်တိုက်ခိုက်နိုင်မယ့် အခွင့်အလမ်းကို ပိုအသုံးချဖွယ် ရှိနေပါတယ်။

ဟွန်ဆန်က သူ့မှာ သက်ဆင်ကို ရာဇဝတ်မှုနဲ့ အရေးယူခံရနိုင်တဲ့ လျှို့ဝှက်စာရွက်စာတမ်း အထောက်အထားတွေ လက်ဝယ်ပိုင်ဆိုင်ထားတယ်လို့ ပြောပါတယ်။ သက်ဆင်က ဘုရင်စနစ်ကို စော်ကားမှု မြောက်တယ်လို့ သက်သေပြနိုင်တဲ့ အထောက်အထားတွေ ရှိတယ်လို့တောင် ဆိုပါတယ်။ ဒီပြစ်မှုက ထိုင်းမှာ ထောင်နှစ်ရှည်ကျနိုင်တဲ့ အမှုမျိုးပါ။

ထိုင်းအစိုးရက ဗုဒ္ဓဟူးနေ့တုန်းက ကမ္ဘောဒီးယားသံအမတ်ကို နှင်ထုတ်ခဲ့ပါတယ်။ ထိုင်းသံအမတ်ကိုလည်း ကမ္ဘောဒီးယားကနေ ပြန်ခေါ်ခဲ့ပါတယ်။ နှစ်ဖက် ထိပ်တိုက်ဖြစ်မယ့် နောက်ဆုံးအခင်းအကျင်းဖြစ်ပါတယ်။

ဟွန်ဆန်နဲ့ သက်ဆင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဟွန်ဆန်နဲ့ သက်ဆင်

အခုချိန်မှာတော့ နှစ်ဖက်စလုံးက နောက်ဆုတ်ချင်တဲ့ အနေအထား မတွေ့ရပါဘူး။ နှစ်ဖက်စလုံးမှာ ညှိနှိုင်းအဖြေရှာရေး ယုံကြည်မှုရှိတဲ့ ခေါင်းဆောင်၊ အားကောင်းတဲ့ ခေါင်းဆောင်မျိုး မရှိပါဘူး။

လက်ရှိကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ကမ္ဘောဒီးယားကို နှစ်ပေါင်းများစွာ ချုပ်ကိုင်လာတဲ့ ဟွန်ဆန်ရဲ့ သားဖြစ်ပေမဲ့ အတွေ့အကြုံမရှိသေးသလို သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို မပြသနိုင်သေးပါဘူး။ ဟွန်ဆန်ဘက်ကလည်း ဒီပဋိပက္ခကို ပိုကြီးမားအောင် ဆွဲဆန့်ချင်နေပုံ ရပါတယ်။

ထိုင်းဘက်မှာလည်း သက်ဆင်ရဲ့ ပါတီကို ဗဟိုပြုထားတဲ့ ထိုင်းညွန့်ပေါင်းအစိုးရက တည်ငြိမ်မှု မရှိသလို နှေးကွေးနေတဲ့စီးပွားရေးနဲ့ အမေရိကန်ရဲ့ သွင်းကုန်ခွန် တိုးမြှင့်မှုဒဏ်နဲ့ ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ဒီလိုအခြေအနေအောက်မှာ ထိုင်းအနေနဲ့ ကမ္ဘောဒီးယားကို ရင်ဆိုင်ရာမှာ သူတို့ရဲ့ လက်ရှိ အားနည်းချက်ကို ပြလို့ မရပါဘူး။

ကမ္ဘောဒီးယားအနေနဲ့လည်း သူ့ရဲ့စီးပွားရေးက ရုန်းကန်နေရပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ပြီးကတည်းက စီးပွားရေးက ကောင်းကောင်း နာလန်မထနိုင်သေးပါဘူး။ နိုင်ငံရဲ့ အဓိက စီးပွားရေးဒေါက်တိုင်တစ်ခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းမှာလည်း တရုတ် ခရီးသွားတွေက ပြန်ပေးဆွဲခံရမှာ၊ ငွေလိမ်ဂိုဏ်းတွေထဲ ဆွဲသွင်းခံရမှာ စိုးရိမ်ပြီး လာရောက်မှု အတော်နည်းလာပါတယ်။

ထိုင်းဘက်မှာလည်း အမေရိကန်သွင်းကုန်ခွန်တိုးမြှင့်မှုကြောင့် နိုင်ငံ့စီးပွားရေး ပိုထိခိုက်နိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံစလုံးမှာ အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားတွေလည်း ရှိပါတယ်။ အဲဒါကတော့ ဟွန်ဆန်နဲ့ သက်ဆင်ပါပဲ။ သူတို့ကသာ ဆန္ဒရှိမယ်ဆိုရင် ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာတွေ့နိုင်ပါတယ်။

နောက်တစ်ချက်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီပဋိပက္ခမှာ နှစ်နိုင်ငံ တင်းမာမှုတွေ လျော့ကျရေး နှစ်နိုင်ငံစလုံးကို စည်းရုံးဖို့ ကြိုးပမ်းလာမလားဆိုတာ ကြည့်ရမှာပါ။

အဖွဲ့ဝင်နိုင်ငံတွေကြား ပဋိပက္ခဖြစ်မှုကနေ ရှောင်ရှားရေးဆိုတာ အာဆီယံအဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခု ဖြစ်ပါတယ်။ တချို့အာဆီယံအဖွဲ့ဝင်တွေအတွက် ဒီနှစ်နိုင်ငံရဲ့ ပဋိပက္ခ ဖြေရှင်းရေးမှာ ကြားဝင်ကူညီဖို့က ဦးစားပေးတစ်ခု ဖြစ်လာပါမယ်။

အခုချိန်မှာ ပဟေဠိဖြစ်နေဆဲ အရာတစ်ခုကတော့ ဟွန်ဆန်ဘက်က နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင်၊ ဒီပဋိပက္ခကို ပိုကြီးမားအောင် ဘာကြောင့် လုပ်ချင်ခဲ့သလဲဆိုတာပါ။

ဖြစ်နိုင်ခြေတစ်ခုက ထိုင်းနိုင်ငံကနေ ဒီနှစ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လောင်းကစားကို တရားဝင်လုပ်ဖို့ သက်ဆင်ရဲ့ ရည်မှန်းချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို လုပ်လိုက်ရင် ငွေအမြောက်အမြားဝင်နေတဲ့ ကမ္ဘောဒီးယားရဲ့ ကာစီနိုလုပ်ငန်းကို ထိခိုက်လာနိုင်တဲ့အတွက် ဖြစ်ပါတယ်။

ဒါမှမဟုတ် ဒီထက်ပိုရိုးရှင်းတဲ့ အကြောင်းရင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အဲဒါကတော့ အာရှရဲ့ ဥာဏ်နီဥာဏ်နက်အများဆုံးနိုင်ငံရေးသမားတွေထဲက တစ်ဦးက သူ့မဟာမိတ်ကို ချနင်းလိုက်ဖို့ ရည်ရွယ်ချက်ဖြစ်နိုင်ပါတယ်။

သူ့မဟာမိတ် သက်ဆင်ဟာ ထိုင်းမှာ သြဇာကျဆင်းနေပြီး ထိုင်းလူထုရဲ့ အမြင်မှာ သူဟာ ထိုင်းမျိုးချစ်တစ်ဦးဖြစ်တယ်ဆိုတဲ့ ပုံရိပ်ကိုပါ ခြေမွဖျက်ဆီးဖို့ ရည်ရွယ်ချက် ဖြစ်နိုင်ပါတယ်။