ထိုင်း- ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခ စစ်ရှောင် တစ်သိန်းကျော်ရှိလာ

မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်လေးဦးကို အမေရိကန်ဆန်ရှင်ပြန်ရုပ်သိမ်း၊ ထိုင်း- ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခ သတင်းအပါအဝင် ဇူလိုင် ၂၅ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ကရင်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကိုစစ်ကောင်စီပြန်ထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေးလုပ် လမ်းပြန်ဖွင့်မယ်လို့ ပြောပါတယ်။
  • စစ်တပ်နဲ့ အကျိုးစီးပွားဆက်စပ်တယ်ဆိုပြီး အမေရိကန်ရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားရတဲ့ ဦးဂျွန်နသန် မျိုးကျော်သောင်း၊ ဦးအောင်လှိုင်ဦး၊ ဦးစစ်တိုင်းအောင်နဲ့ ဒေါ် တင်မင်းလတ် တို့ကို အမေရိကန်က ပိတ်ဆိုအရေးယူမှုစာရင်းကနေ ပယ်ဖျက်လိုက်ပါတယ်။
  • ကမ္ဘောဒီးယားအစိုးရ က ထိုင်းနဲ့ နှစ်ဖက်ထိတွေ့မှုတွေ စတင်ခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကစလို့ ဖြစ်စဉ်တွေကို အချိန်အလိုက် ထုတ်ပြန်လာပါတယ်။
  • ကမ္ဘောဒီးယားနဲ့နယ်စပ် ထိုင်းဘက်ခြမ်း ဆူရင်ခရိုင် ရဲ့ နေရာတချို့မှာ တော့ ဇူလိုင် ၂၅ ရက် မနက်ပိုင်းအထိ ပစ်ခတ်သံ တွေ ကြားနေရဆဲဖြစ်ပါတယ်။
  • တီမော ကို အာဆီယံအဖွဲ့ဝင်နိုင်ငံသစ်အဖြစ် ကန့်ကွက်တယ်လို့ မြန်မာစစ်ကောင်စီက ပြောတဲ့နောက် စစ်ကောင်စီ ဒုဝန်ကြီး နဲ့ တီမောသံရုံးတာဝန်ခံ နေပြည်တော်မှာတွေ့ဆုံကြပါတယ်။
  • မွန်၊ ပေါင်မြို့၊ ကတွန်ရွာမှာ ဒီကနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်းက လေပွေလှိုင်းတွေ တိုက်လို့ နေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီးသွားပြီး လူ ၇ ဦးဆေးရုံတင်ထားရပါတယ်။
  • ထိုင်းထိပ်တန်း ချူလာလောင်ကွန်း တက္ကသိုလ် က ကမ္ဘောဒီးယားကျောင်းသားတွေရဲ့ လုံခြုံရေး ကို အာမခံသွားမယ်လို့ ကြေညာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင် ၂၅ ရက် နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု ဒီမှာတင်ပြီးဆုံးပါပြီ။ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မွန်၊ ပေါင်မြို့မှာ လေပွေလှိုင်း တိုက်လို့ နေအိမ် ဆယ်နဲ့ချီ ထိခိုက်ပျက်စီးခဲ့

    ပေါင်မြို့၊ ကတွန်ရွာ မှာ လေပွေလှိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ်

    ဓာတ်ပုံ ရင်းမြစ်, Ashin Sanda Zawti

    ဓာတ်ပုံ ပုံစာ, ပေါင်မြို့၊ ကတွန်ရွာ မှာ လေပွေလှိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ်

    မွန်၊ ပေါင်မြို့၊ ကတွန်ရွာမှာ ဒီကနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်းက လေပွေလှိုင်းတွေ တိုက်လို့ နေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီးသွားပြီး လူ ၇ ဦးဆေးရုံတင်ထားရတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “တိုက်တာ မိနစ် ၂၀ လောက်ကြာတယ်။ သွပ်တွေ လေထဲ ပျံဝဲနေတာ။ အကုန် ဘုရားတနေခဲ့ကြရတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဆေးရုံတင်ထားရတဲ့ ၇ ဦးထဲမှာ ၁ ဦးဟာ စိုးရိမ်ရပြီး အရေးပေါ်ကုသရေးခန်းကို ပို့ဆောင် ထားရတယ်လို့ သူကပြောပါတယ်။

    ကတွန်ရွာမှာ ရပ်ကွက် ၈ ခုရှိပါတယ်။ ပျက်စီးသွားတဲ့ နေအိမ် ၄၀ ကျော်ဟာ ရပ်ကွက် ၈ က ဖြစ်တယ်လို့ သိရပါတယ်။

    အဲ့ဒီရွာဟာ မော်လမြိုင်မြို့နဲ့ ဆို မိုင် ၂၀ ကျော်ဝေးပါတယ်။ အိမ်အပျက်အစီးတွေ ပြန်ပြီး ပြုပြင်ဖို့ အိမ်ဆောက်ရေးပစ္စည်းအကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းက ဝီဇာမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတဝန်းမှာ လေပွေလှိုင်းတွေ တိုက်ခတ်ခဲ့ပြီး ရန်ကုန်မှာ ဆိုရင် လည်း သမ္ဗာန်လှေမှောက်ခဲ့ပြီး လူ ၃ ဦး ပျောက်ဆုံးခဲ့ပါသေးတယ်။

  3. ကမ္ဘောဒီးယားကျောင်းသားတွေကိုအကာအကွယ်ပေးမယ်လို့ ချူလာလောင်ကွန်းတက္ကသိုလ်ကြေညာ

    ချူလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသားများ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ချူလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသားများ

    ထိုင်းထိပ်တန်း ချူလာလောင်ကွန်း တက္ကသိုလ် က ကမ္ဘောဒီးယားကျောင်းသားတွေရဲ့ လုံခြုံရေး ကို အာမခံသွားမယ်လို့ ကြေညာပါတယ်။

    “ မိမိတို့ တက္ကသိုလ်အနေနဲ့ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတဲ့ ရပ်ဝန်းကို လုံးဝလက်ခံသွားမှာမဟုတ်ပါဘူး။” လို့ ထုတ်ပြန်ပါတယ်။

    အသားရောင်၊ လူမျိုး၊ ဘာသာ၊ နိုင်ငံ ခွဲခြားမှုမရှိပဲ ကျောင်းသားတွေ ရဲ့ စိတ်လုံခြုံမှုရှိစေရေး ကတိကဝတ်ပြုတယ်လို့ တက္ကသိုလ်ကြေညာချက်မှာ ဖော်ပြပါတယ်။

    ကျောင်းသားတွေအားလုံးအတွက် အပြန်အလှန်လေးစားမှု၊ လုံခြုံမှု၊ အားလုံးပါဝင်မှု ရှိတဲ့ ပတ်ဝန်းကျင်ဖြစ်စေဖို့ လည်း ဆောင်ရွက်သွားမယ်လို့ ကြေညာပါတယ်။

    အကယ်လို့ ကျောင်းသားတွေ အနေနဲ့ မလုံခြုံမှုခံစားရရင်ဖြစ်ဖြစ်၊ အကူအညီလိုအပ်တဲ့ အခါ တက္ကသိုလ်ရဲ့ သက်ဆိုင်ရာ ကျောင်းသားရေးရာမှာ အကူအညီတောင်းခံနိုင်တယ်လို့ ပြောထားပါတယ်။

  4. ကမ္ဘောဒီးယားနိုင်ငံသားနဲ့ မှားယွင်းပြီး မြန်မာ၂ ဦး ထိုးကြိတ်ခံရ

    ကမ္ဘောဒီးယားနိုင်ငံသားနဲ့ မှားယွင်းတဲ့ မြန်မာနိုင်ငံသား ၂ ဦးရိုက်နှက်ခံရတဲ့ဖိုင်

    ဓာတ်ပုံ ရင်းမြစ်, Screengrab

    ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယားနိုင်ငံသားနဲ့ မှားယွင်းတဲ့ မြန်မာနိုင်ငံသား ၂ ဦးရိုက်နှက်ခံရတဲ့ဖိုင်

    ကမ္ဘောဒီးယားနိုင်ငံသားနဲ့ မှားယွင်းပြီး မြန်မာနိုင်ငံသား ၂ ဦးရိုက်နှက်ခံရတယ်လို့ ထိုင်းဒေသတွင်းသတင်းတချို့နဲ့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်အရ ‌တွေ့ရပါတယ်။

    ဇူလိုင် ၂၄ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရမ်အင်းသရာနယ်မြေရှိ စိုင်းနိတ်ဈေးထဲမှာ အစားအစာ ဝယ်နေတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းမျိုးချစ်အဖွဲ့လို့ယူဆရတဲ့ အဖွဲ့ဝင်တချို့က မေးမြန်းခြင်းမရှိဘဲ ထိုးကြိတ်ခဲ့တာလို့ ထိုင်းဒေသတွင်းသတင်းတချို့မှာဖော်ပြထားပါတယ်။

    အဲဒီ မြန်မာနိုင်ငံသား ၂ ဦး အထိုးခံရမှုကို အလုပ်ရှင်ဖြစ်သူက သိရှိပြီးနောက် ခမ်းနယွန်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနိုင်ဖို့ ဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။

    နယ်စပ်ပဋိပက္ခမှာ ရွှေ့ပြောင်းအလုပ်သမားများပါဝင်ကြတာမရှိလို့ အလားတူလုပ်ရပ်မျိုးတွေမလုပ်ကြဖို့ ထိုင်းအလုပ်ရှင်အများစုကတိုက်တွန်းနေကြပါတယ်။

    တချိန်တည်းမှာပဲ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး နဲ့ ဖနွမ်းပင် အခြေစိုက် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး‌က မြန်မာနိုင်ငံသားတွေ သတိထားနေထိုင်ဖို့ ထုတ်ပြန်လာပါတယ်။

    မြန်မာနိုင်ငံသားများအတွက် အသိပေးကြေညာချက်ဆိုတဲ့ အဲဒီထုတ်ပြန်စတွေမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ဒေသက အပြန်အလှန်ပစ်ခတ်မှုတွေရှိတာကြောင့် မြန်မာနိုင်ငံသားတွေ လုံခြုံရေးသတိထားဖို့ ပြောထားပါတယ်။

    ဒါအပြင် ထိုင်း- ကမ္ဘောဒီးယား နယ်စပ်ဒေသတွေကို ခရီးသွားလာတာရှောင်ဖို့နဲ့ နှစ်နိုင်ငံကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများအကြား မလိုလားအပ်တဲ့ ဖြစ်ရပ်များဖြစ်ပေါ်တာ မရှိစေဖို့ လုံခြုံရေးကို သတိပြုကြဖို့ တိုက်တွန်းပါတယ်။

    ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံဟာ မြန်မာနဲ့ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ်တာကြောင့် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

  5. ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ကို ခရီးမသွားဖို့ နိုင်ငံအများစုက သတိပေး

    ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်

    ပဋိပက္ခဖြစ်နေတဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ကို ခရီးသွားလာမှုကို သတိထားဖို့ နိုင်ငံတော်တော်များများက သတိပေးလာပါတယ်။

    ဗြိတိန် ဓနသဟာယရေးရာနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေးဝန်ကြီးဌာန သတိပေးထားတဲ့ နေရာတွေကတော့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်က Preah Vihear ခရိုင်၊ အငြင်းပွား Ta Moan ဘုရားကျောင်း နဲ့ Ta Krabey ဘုရားကျောင်းတွေ ဖြစ်ပါတယ်။

    “အဲ့ဒီ နေရာတွေကို ခရီးသွားမယ်ဆို အထူးဂရုပြုပါ။ ဒေသအာဏာပိုင်တွေ ရဲ့ လမ်းညွှန်ချက်တွေ ကိုလိုက်နာပါ” လို့ ဗြိတိန်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ဩစတေးလျ၊ နယူးဇီလန်၊ စင်ကာပူ နဲ့ အမေရိကန်နိုင်ငံတွေကလည်း နှစ်ဖက်စစ်တပ် ထိတွေ့တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေကို ရှောင်ကြဉ်ကြဖို့ ခရီးသွားသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

    ဟောင်ကောင် နဲ့ တရုတ်နိုင်ငံတွေကတော့ ခြိမ်းခြောက်မှုအဆင့်သတ်မှတ်ချက်သုံးဆင့်မှာ အနိမ့်ဆုံးအဆင့်သတ်မှတ်ချက် ထုတ်ပြန်ထားပါတယ်။

  6. ကမ္ဘောဒီးယားရဲ့ စစ်ရေးပစ်မှတ်ကို ထိုင်းက မောင်းသူမဲ့ဒရုန်းနဲ့တိုက်ခိုက်

    ကမ္ဘောဒီးယားစစ်လက်နက်ပစ္စည်းဌာနကို မောင်းသူမဲ့ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို ထိုင်းစစ်တပ်ဖွင့်ချလိုက်တယ်ဆိုတဲ့ ရုပ်သံ ထွက်ပေါ် လာပါတယ်။

    ဒီရုပ်သံဖိုင်က ဘယ်နေ့ ကတိုက်ခိုက်မှုလဲဆိုတာနဲ့ ကမ္ဘောဒီးယားရဲ့ ဘယ်နေရာမှာဖြစ်လဲဆိုတာကိုတော့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

    ဗီဒီယို ပုံစာ, Thai army says footage shows its drones striking Cambodian arms depot
  7. ထိုင်း- ကမ္ဘောဒီးယားပဋိပက္ခ နောက်ဆုံးသိရသမျှ

    ဒီဆယ်စုနှစ်တွေအတွင်း အာဆီယံနိုင်ငံနှစ်ခုကြားမှာ အမြင့်ဆုံးစစ်ရေးတင်းမာမှုကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

    ရာစုနှစ်တိုင်အောင် ရှည်လျားတဲ့ နယ်စပ်အငြင်းပွားမှုက တိုက်လေယာဥ်နဲ့ တိုက်ခိုက်တဲ့စစ်ရေးအခြေအနေအထိ ရောက်ရှိလာပါပြီ။

    ထိုင်း- ကမ္ဘောဒီးယား နယ်စပ်ပြဿနာ ပဋိပက္ခအကြောင်းရှင်းပြထားတဲ့ ‌ဆောင်းပါးကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါပြီ။

    ထိုင်း- ကမ္ဘောဒီးယား နယ်စပ်က ကမ္ဘောဒီးယားစစ်တပ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ထိုင်း- ကမ္ဘောဒီးယား နယ်စပ်က ကမ္ဘောဒီးယားစစ်တပ်
  8. ထိုင်းဘက်က တုံ့ပြန်မှုတွေကို က‌မ္ဘောဒီးယားက အချိန်အလိုက်ထုတ်ပြန်

    ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်

    ဓာတ်ပုံ ရင်းမြစ်, Samdech Hun Sen of Cambodia (Facebook)

    ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်

    ကမ္ဘောဒီးယားအစိုးရ က ထိုင်းနဲ့ နှစ်ဖက်ထိတွေ့မှုတွေ စတင်ခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကစလို့ ဖြစ်စဉ်တွေကို ထုတ်ပြန်လာပါတယ်။

    ဇူလိုင် ၂၄ ရက် မှာ ထိုင်းက Ta Moan Thom ဘုရားကျောင်း မှာ တိတ်တဆိတ် ခြံစည်းရိုးခတ်ပြီး ရန်လိုစွာနဲ့ပဲ အပြန်အလှန် သဘောတူညီမှုတွေ ချိုးဖောက်ခဲ့တယ်လို့ ကမ္ဘောဒီးယားက ထုတ်ပြန်ပါတယ်။

    အဲ့ဒီနောက်မှာ ထိုင်း ရဲ့ ဒရုန်းတွေ ၂ မိနစ်ခန့် ပျံဝဲ ခဲ့ပြီးတဲ့နောက်မှာ ကောင်းကင်ကို ချိန်ရွယ်ပြီး ပစ်ခတ်မှုတွေစတင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

    ဒါ့ကြောင့် ထိုင်း စစ်တပ် ရန်လိုပြမူမှုတွေကြောင့် ကမ္ဘောဒီးယားက မလွှဲသာ မရှောင်သာ ခုခံခဲ့တယ်လို့ ဆိုပါတယ်။

    ဒီကနေ့မှာတော့ ကမ္ဘောဒီးယားအစိုးရ က ဇူလိုင် ၂၅ ရက် ထိုင်းစစ်တပ်ရဲ့ တုံ့ပြန် တိုက်ခိုက်မှုတွေ အချိန်အလိုက် ထုတ်ပြန်လာပါတယ်။

    ·၀၃:၂၀ နာရီ - ထိုင်းက ကမ္ဘောဒီးယားရဲ့ Kmoach၊ Tathav နဲ့ ၃၀၃ တောင်တန်း တွေကို ပစ်ခတ်

    ·၀၅:၂၅ နာရီ - ထိုင်းက ကမ္ဘောဒီးယားရဲ့ Kmoach တောင်ပေါ်ကို အတွဲလိုက်ဗုံးတွေနဲ့ တိုက်ခိုက်

    ·၀၅:၃၀ နာရီ - ထိုင်းက Ta Moan Thom နဲ့ Ta Krabei ဘုရားကျောင်းတွေဘက်ကို ပစ်ခတ်

    ·၀၅:၄၀ နာရီ - ထိုင်းက ကမ္ဘောဒီးယားဘက်က Mom Bei ဒေသကို ပစ်ခတ်

    ·၀၆: ၅၀ နာရီ - ထိုင်းက Preah Vihear ခရိုင်၊ Techo Thomacheat ရွာကို အတွဲလိုက်ဗုံး တွေထပ်မံဖောက်ခွဲ

    ·၀၇:၀၃ နာရီ - ထိုင်းစစ်တပ်က နယ်စပ်ဒေသ Choam Te ကို ဖိအားပေးတိုက်ခိုက်လာ

  9. ထိုင်းစစ်ရှောင် တစ်သိန်းကျော်အထိ ရှိလာ

    ဆူရင်ခရိုင်က စစ်ရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, LULU/BBC NEWS

    ဓာတ်ပုံ ပုံစာ, ဆူရင်ခရိုင်က စစ်ရှောင်စခန်း
    ဆူရင်ခရိုင်က စစ်ရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, LULU/BBC NEWS

    ဓာတ်ပုံ ပုံစာ, ဆူရင်ခရိုင်က စစ်ရှောင်စခန်း

    ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ ဒီကနေ့ ဆို ဒုတိယနေ့ရောက်လာပါပြီ။

    ထိုင်းဘက်ခြမ်း ဆူရင်ခရိုင် ရဲ့ နေရာတချို့မှာ တော့ ဒီကနေ့နံနက်အထိ ပစ်ခတ်သံ တွေ ကြားနေရဆဲဖြစ်တယ်လို့ အဲ့ဒီကိုရောက်နေတဲ့ ဘီဘီစီ အဖွဲ့သားတွေက ပြောပါတယ်။

    အရပ်သား ထိခိုက်သေဆုံးသူ ၄၅ ဦး အထိ ရှိလာပြီ လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    အရပ်သားသေဆုံးသူ ၁၃ ဦး၊ ထိခိုက်သူ ၃၂ ဦးရှိပါတယ်။

    ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့ အူဘွန် ရချသနီ နဲ့ ဆူရင် ခရိုင် တွေမှာ တော့ ဒဏ်ရာရသူ ဒါဇင်ချီ ရှိပြီး နေရပ်စွန့်ခွာသူ အရပ်သား ၁ သိန်းကျော် ရှိလာပါပြီ။

    ဆူရင်ခရိုင်က စစ်ရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, LULU/BBC NEWS

    ဓာတ်ပုံ ပုံစာ, ဆူရင်ခရိုင်က စစ်ရှောင်စခန်း

    ထိုင်းအာဏာပိုင်တွေက လူအမြောက်အများဆံ့တဲ့ စစ်ရှောင်စခန်းတွေ လုပ်ထားပါတယ်။

    စားနပ်ရိက္ခာအပြင် ကျန်းမာရေးဝန်ထမ်းတွေပါ ထိုင်းအာဏာပိုင်တွေက ထောက်ပံ့ ပေးထားတယ်လို့ သိရပါတယ်။

    ဘီဘီစီ အဖွဲ့သားတွေရောက်ရှိနေတဲ့ စစ်ရှောင်စခန်းမှာ ဆို ကလေးငယ် တွေ သက်ကြီးရွယ်အို တွေ အများဆုံး တွေ့ရပါတယ်။

    စစ်ရှောင်လာသူတွေက တော့ အခုချိန် အထိ လက်နက်ကြီး အသံ ကြားရင်ကို တုန်လှုပ်နေဆဲဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

    ကမ္ဘောဒီးယားဘက်ခြမ်းက Oddar Meanchey ပြည်နယ်မှာ မိသားစု ၁,၅၀၀ လောက်ကို ဘေးလွတ်ရာရွေ့ပြောင်းထားပါတယ်။

    ထိုင်းစစ်တပ်ကတော့ နယ်စပ်မှာ တပ်အင်အားတွေ ထပ်ဖြည့်တင်းထားပါတယ်။

    မနေ့ညပိုင်းအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတာပါ။

    နှစ်နိုင်ငံစလုံးကတော့ ဒီ ပဋိပက္ခအရေး ကုလသမဂ္ဂမှာ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ် ဖို့ တောင်းဆိုထားပါတယ်။

    ဆူရင်ခရိုင်က စစ်ရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, LULU/BBC NEWS

    ဓာတ်ပုံ ပုံစာ, ဆူရင်ခရိုင်က စစ်ရှောင်စခန်း
  10. သပိတ်ကျင်းမြို့ ပြန်ရဖို့ စစ်တပ်သုံးတဲ့ဗျူဟာ

    တော်လှန်ရေးအင်အားစုတွေထိန်းချုပ်တဲ့ သပိတ်ကျင်းကိုပြန်ရဖို့ တပ်ဖွဲ့ဝင်အင်အား ရာချီနဲ့ ဝေဟင်၊မြေပြင်နဲ့ ရေယာဥ်တွေပါသုံးပြီး ကြည်း၊ရေ၊လေ ထိုးစစ်ဆင်ခဲ့တယ် လို့ ထုတ်ပြန်ပြောဆိုပါတယ်။

    တော်လှန်ရေးအင်အားစုတွေကလည်း သပိတ်ကျင်းမြို့လက်လွှတ်ရပြီးနောက် စဉ့်ကူးနဲ့ မတ္တရာမြို့တွေကို စစ်တပ်ဝင်မလာနိုင်အောင် ခံစစ်ပြင်ဆင်နေတယ်လို့ မြေပြင်ရင်းမြစ်တချို့က ပြောပါတယ်။

    မန္တလေးတိုင်းထဲက သပိတ်ကျင်းမြို့ကို စစ်တပ်ပြန်ရသွားတာက တော်လှန်ရေးအင်အားစုတွေအတွက်ဘာသဘောဆောင်လဲ။

    အပြည့်အစုံ အဆောင်းပါးကို ဒီလင်ခ့်အပြာရောင် ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  11. စစ်ကောင်စီ ဒုဝန်ကြီး နဲ့ တီမောသံရုံးတာဝန်ခံ နေပြည်တော်မှာတွေ့

    စစ်ကောင်စီ နိုင်ငံခြားရေးဒုဝန်ကြီး နဲ့ တီမောသံရုံးယာယီတာဝန်ခံတွေ့ဆုံ

    ဓာတ်ပုံ ရင်းမြစ်, MOFA

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ နိုင်ငံခြားရေးဒုဝန်ကြီး နဲ့ တီမောသံရုံးယာယီတာဝန်ခံတွေ့ဆုံ

    စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဒု ဝန်ကြီး ဦးကိုကိုကျော် နဲ့ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေနိုင်ငံရဲ့ သံရုံး ယာယီတာဝန်ခံ မစ္စတာ အိုလန်ဒီနို ရီရာဒီ အန်ဒရာဒီ တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

    လာမယ့် အောက်တိုဘာမှာကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံသစ်အဖြစ် လက်ခံဖို့ကိစ္စနဲ့ ပတ်သက်ပြီးကန့်ကွက်တယ်လို့ မြန်မာစစ်ကောင်စီရဲ့ ပြောဆိုချက်ရှိတယ်ဆိုတဲ့နောက်မှာ ဒီတွေ့ဆုံမှုဖြစ်လာတာပါ။

    အဲဒီတွေ့ဆုံမှုမှာ တီ‌မောသံရုံး ယာယီတာဝန်ခံက မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးထူထောင်လိုကြောင်း၊ အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ဆောင်ရွက်ရာမှာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ထောက်ခံမှုကို ရရှိလိုကြောင်း၊မြန်မာနိုင်ငံ နဲ့ တီမောနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖို့ ဆန္ဒရှိကြောင်း ပြောခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်ထဲဖော်ပြပါတယ်။

    ဒါတင်မက တီမောဘက်က မြို့တော် ဒီလီမှာ မြန်မာသံရုံးလာဖွင့်ဖို့ကိုလည်း ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီ နိုင်ငံခြားရေး ဒုဝန်ကြီးကတော့ တီမောနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်း ‌ဆောင်ရွက်ရာမှာ အာဆီယံပဋိညာဉ်နဲ့ အညီဖြစ်ဖို့ လိုအပ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့ဆိုတဲ့ အကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။

    တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်သစ်အဖြစ် လာမယ့် အောက်တိုဘာလမှာ လက်ခံသွားမယ်လို့ ပြီးခဲ့တဲ့ ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။

    တီမောနိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တရားဝင်တွေ့ဆုံထိတွေ့မှုဖြင့် အာဆီယံ နိုင်ငံတွေအကြား ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးမူကိုချိုးဖောက်တယ်ဆိုပြီး စစ်ကောင်စီက ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။

    ဒီ‌တွေ့ဆုံမှု နဲ့ ပတ်သက်လို့ တီမောဘက်က‌တော့ တစုံတရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

  12. မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်လေးဦးကို အမေရိကန်ဆန်ရှင်ပြန်ရုပ်

    မြန်မာစစ်တပ်အတွက် လက်နက်ကြားခံဝယ်ယူပေးနေသူတွေဆိုပြီး အရေးယူပိတ်ဆို့ထားတဲ့ လုပ်ငန်းရှင် လေးဦးကို အရေးယူမှုတွေ ပြန်ရုပ်သိမ်း

    ဓာတ်ပုံ ရင်းမြစ်, cincds

    ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်အတွက် လက်နက်ကြားခံဝယ်ယူပေးနေသူတွေဆိုပြီး အရေးယူပိတ်ဆို့ထားတဲ့ လုပ်ငန်းရှင် လေးဦးကို အရေးယူမှုတွေ ပြန်ရုပ်သိမ်း

    မြန်မာစစ်တပ်အတွက် လက်နက်ကြားခံဝယ်ယူပေးနေသူတွေဆိုပြီး အရေးယူပိတ်ဆို့ထားတဲ့ လုပ်ငန်းရှင် လေးဦးကို အရေးယူမှုတွေ ပြန်ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

    KT လုပ်ငန်းစုတည်ထောင်သူ ဂျော်နသန်မျိုးကျော်သောင်း၊ MCM Group တည်ထောင်သူ ဦးအောင်လှိုင်ဦး၊ Suntac Group တည်ထောင်သူ ဦးစစ်တိုင်းအောင်နဲ့ ဒေါ်တင်မင်းလတ်တို့ကို ပိတ်ဆို့အရေးယူမှုစာရင်းကနေ ဖယ်ရှားလိုက်တာဖြစ်ပါတယ်။

    ဂျော်နသန်မျိုးကျော်သောင်းဟာ မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုတွေနဲ့ ပူးပေါင်းအလုပ်လုပ်သူလို့လူသိများပြီး ဦးအောင်လှိုင်ဦးကတော့ အရှေ့ဥရောပက လက်နက်တွေကို စစ်တပ်အတွက် တင်သွင်းပေးသူလို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။

    ဦးစစ်တိုင်းအောင်က ထင်ရှားတဲ့သံမဏိလုပ်ငန်းရှင်ဖြစ်ပြီး ဒေါ်တင်မင်းလတ်ကတော့ ရွှေဗျိုင်းဖြူလုပ်ငန်းအုပ်စု ပိုင်ရှင်ဦးသိန်းဝင်းဇော်ရဲ့ ဇနီးဖြစ်ပါတယ်။

    သူတို့ကို မြန်မာစစ်တပ်အတွက်လက်နက်တင်သွင်းဝယ်ယူရေးမှာ အဓိကပါဝင်ပတ်သက်သူတွေအဖြစ် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်လက်ထက်က ပိတ်ဆို့အရေးယူခဲ့တာဖြစ်ပါတယ်။

    ဒါပေမဲ့ အမေရိကန်သမ္မတထရမ့်ရဲ့ အခွန်တိုးမြှင့်ကောက်ခံဖို့အကြောင်းကြားရာကနေ မြန်မာစစ်ကောင်စီနဲ့ အပြန်အလှန်အဆက်အသွယ်ရှိကြပြီးတဲ့နောက် အခုလို ရုပ်သိမ်းမှုပေါ်ပေါက်လာတာပါ။

  13. စစ်တပ်နဲ့ ခွဲထွက် DKBA/BGF ပူးပေါင်းပြီး ကရင်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကိုပြန်ထိန်းချုပ်

    ကျုံဒိုး- ကော့ကရိတ်လမ်းပေါ်က စစ်ကောင်စီတပ်ဖွဲ့

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ကျုံဒိုး- ကော့ကရိတ်လမ်းပေါ်က စစ်ကောင်စီတပ်ဖွဲ့

    ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ စစ်ကောင်စီက ဇူလိုင် ၂၅ ရက် သတင်းစာှာ မှတ်တမ်းဓာတ်ပုံတွေနဲ့ ထုတ်ပြန်ပါတယ်။

    မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့နဲ့ မိုင် ၄၀ နီးပါး အကွာအ‌ဝေးမှာရှိတဲ့ ဒီလမ်းပိုင်းက အာရှလမ်းမကြီး ပေါ်မှာရှိနေပြီး ကော့ကရိတ်မြို့ကနေ မြဝတီမြို့-ဘားအံ-မော်လမြိုင်နဲ့ ကြာအင်းဆိပ်ကြီးမြို့တွေကို သွားနိုင်တဲ့လမ်းပိုင်းဖြစ်ပါတယ်။

    ၂၀၂၅ ခုနှစ် ဧပြီမှာ ဒီလမ်းပိုင်းကို ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ၊ KNLA တပ်နဲ့ PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ခဲ့တာလို့ ကရင် စစ်ရေးရင်းမြစ်ကပြောပါတယ်။

    အဲဒီလမ်းပိုင်းကို ပြန်ရဖို့ စစ်တပ်က သူနဲ့ ပူးပေါင်းထားတဲ့ ခွဲထွက် DKBA /BGF ဗိုလ်ဘိ အဖွဲ့ နဲ့ ပေါင်းပြီး စစ်ကြောင်း ၂ ကြောင်းနဲ့ ပိတ်ဆို့ပြီး ညှပ်တိုက်ခိုက်ခဲ့တာလို့ သူကဆိုပါတယ်။ ဒါအပြင်စစ်တပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းစစ်ကူယူတာတွေလည်း နေ့စဥ် ရှိခဲ့တယ်လို့ ကျုံဒိုးစစ်ရေးရင်းမြစ်ကပြောပါတယ်။

    '' စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ တအားသုံးပစ်တော့ လမ်းမကနေပြန်ဆုတ်ကြရတာမျိုးဖြစ်တယ်။ စစ်ကြောင်းက ကော့ကရိတ်ဘက်က တစ်ကြောင်း ကျုံဒိုး ဘက်က နှစ်ကြောင်း ပေါင်း ၃ ကြောင်း ညှပ် တိုက်ပြီး လက်နက် ကြီးတွေ ပစ်နေတာ။ မိုးကြီး ရေကြီး ဆိုတော့ ပြန်ဆုတ်ထားကြတာပါ'' လို့ ကရင်စစ်ရေးရင်းမြစ်က ပြောပါတယ်။

    စစ်ကောင်စီတပ်ဘက်က အခု လမ်းပိုင်းကိုထိန်းချုပ် လိုက်တာကြောင့် အောင် ဇေယျ စစ်ကြောင်းရှိနေတယ်လို့ ဆိုတဲ့ ကော့ကရိတ်- အာရှလမ်းကို ထိုးစစ်ဆက်လုပ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

    '' ဒီတပ်တွေက ကော့ကရိတ်- အာရှလမ်းမှာ ရှိတဲ့ အောင်ဇေယျစစ်ကြောင်းကို စစ်ကူ ပေါင်းပြီး မြဝတီနဲ့ သဃ်န်းညီနောင်အထိ ဆက်တက် တိုက်နိုင်တယ်'' လို့ ကရင်စစ်ရေးရင်းမြစ်က ပြောပါတယ်။

    စစ်ကောင်စီကတော့ အဲဒီလမ်းပိုင်းကို စစ်ဆင်ရေးကာလ ၃ လကျော်တိုက်ခိုက်ရပြီး တိုက်ပွဲ ကြီး ၇ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၈၅ ကြိမ် ရှိခဲ့တယ်လို့ သူ့ထုတ်ပြန်ချက်ထဲထည့်ပြောပါတယ်။

    ဒါအပြင် ကျုံဒိုး-ကော့ကရိတ်မြို့တွေကို ဒုတိယအကြိမ် ပြန်လည်ထူထောင်ရေးလုပ်ပြီး အဲဒီလမ်းပိုင်းမှာ နယ်မြေရှင်းလင်းရေးဆက်လုပ်ပြီး မြဝတီက တစ်ဆင့် အာရှလမ်းမကြီးပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေး ကျန်ရှိနေတဲ့ လမ်းပိုင်းအချို့ကို အမြန်ဆုံးဆက်လက်ရှင်းလင်းနိုင်ရေး လုပ်မယ်လို့ ဖော်ပြပါတယ်။

  14. မင်္ဂလာပါ။ ဇူလိုင် ၂၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။