ဖေဖော်ဝါရီ ၇ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ဘန်ကောက်က လုပ်ငန်းခွင်မတော်တဆမှု မြန်မာ၂ ဦးဒဏ်ရာရ

ဖတ်ရန်အချိန်: မိနစ် ၁၀

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထဲက လူစည်ကားတဲ့ နေရာတစ်ခုဖြစ်တဲ့ Asoke Terminal 21 ဈေးဝယ်စင်တာနားက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မျှော်စင်ကရိန်းလက်တံ ပြုတ်ကျလို့ မြန်မာအလုပ်သမားနှစ်ယောက် ဒဏ်ရာရတယ်လို့ ထိုင်းသတင်းတွေက ရေးသားပါတယ်။

ဖေဖော်ဝါရီ ၇ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ဆောက်လုပ်ရေးသုံး မျှော်စင်ကရိန်းလက်တံဟာ အောက်မှာရှိတဲ့ မြန်မာအလုပ်သမားတွေအပေါ် ပြုတ်ကျခဲ့တာလို့ သိရပါတယ်။

မြန်မာအလုပ်သမား အမျိုးသားက ဒဏ်ရာပြင်းထန်ပြီး မေ့မြောသွားသလို မြန်မာအလုပ်သမား အမျိုးသမီးတစ်ယောက်ကတော့ ခြေထောက်ဒဏ်ရာ ရခဲ့ပါတယ်။

မတော်တဆမှု ဖြစ်ပြီး အချိန်မကြာခင်မှာပဲ ထိုင်းရဲတပ်ဖွဲ့တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး မေ့မြောသွားတဲ့ မြန်မာအလုပ်သမားကို အရေးပေါ် အသက်ကယ်ဆယ်ရေး လုပ်ခဲ့ကြရပါတယ်။

မေ့မြောတာကနေ သတိပြန်လည်လာတဲ့ အလုပ်သမားနဲ့ ခြေထောက်ဒဏ်ရာခဲ့တဲ့ အလုပ်သမားတို့ကို ဆေးရုံပို့ဆောင်ခဲ့ကြပါတယ်။

မျှော်စင်ကရိန်းလက်တံ ပြုတ်ကျရတဲ့ အကြောင်းအရင်းနဲ့ လုပ်ငန်းခွင် လုံခြုံရေးနဲ့ ဘေးကင်းမှုတွေကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

လားရှိုးမှာ ရှော့တိုက်ဒုံး နှစ်လုံးကျ

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်တပ်က ပြန်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ဒီနေ့ မနက်ပိုင်းက ရှော့တိုက်ဒုံးနှစ်လုံး ကျပြီး တစ်လုံးက ပေါက်ကွဲခဲ့ပေမဲ့ နောက်တစ်လုံးကတော့ မပေါက်ကွဲသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့ ၉ ရပ်ကွက် ဆင်တောင်ဘုရားကျောင်းနားကို ကျလာတဲ့ ရှော့တိုက်ဒုံးကတော့ ပေါက်ကွဲသွားပြီး မီးလောင်တာ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေရာကို စစ်တပ်က ရောက်လာပြီး ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ထားတယ်လို့ ဒေသခံက ပြောပါတယ်။

၁၁ ရပ်ကွက်ထဲက နည်းပညာကျောင်းရှေ့က နေအိမ်တလုံးပေါ် ကျတဲ့ ရှော့တိုက်ဒုံးကတော့ မပေါက်ကွဲသေးပါဘူး။

"အိမ်ခေါင်မိုးကနေ ဖောက်ပြီး နံရံကို ဖောက်သွားတယ်။ အဲဒါက အခုချိန်အထိတော့ မပေါက်သေးဘူး။ ဖယ်လည်းမဖယ်ရသေးဘူး"လို့ လားရှိုးမြို့ ခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

လားရှိုးကို ကိုးကန့်တပ်- MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် စစ်တပ်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှာ ပြန်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ရှော့တိုက်ဒုံးနှစ်လုံးကျရောက်ပေါက်ကွဲမှုက ဘယ်အဖွဲ့လက်ချက်လဲ ဆိုတာတော့ မသိရသေးပါဘူး။

ကရင်နီ- ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်ကြားမှာ တိုက်ပွဲပြင်းထန်

ကရင်နီ (ကယား) ပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်ကြားမှာ ဖေဖော်ဝါရီ လဆန်းပိုင်းကလို့ တိုက်ပွဲတွေ ပြန်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲကာလတွေအတွင်းမှာ စစ်ကြောင်းထိုးတာတွေ လျော့နည်းခဲ့တာကြောင့် တိုက်ပွဲတွေ ငြိမ်သက်ခဲ့ပေမဲ့ ဒီရက်ပိုင်းအတွင်းမှာ စစ်ကြောင်းပြန်ထိုးလာတာလို့ ပြောပါတယ်။

ဒါ့ကြောင့် ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်ကြားက ကျေးရွာတချို့လည်း စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ မဖြေကြားနိုင်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

မြေပြင်စစ်ရေးအခြေအနေအရ ဒီမော့ဆိုး- ဖရူဆို- တာလဲ- နန်းဖဲ- ဘောလခဲ လမ်းမကြီးနဲ့ ဆက်စပ်လမ်းသွယ်တွေအားလုံးကို အရေးအပေါ် အခြေအနေ သတ်မှတ်ပြီး ဖေဖော်ဝါရီ ၆ ရက်ကစလို့ လုံးဝသွားလာခွင့်မပြုဘူးလို့လည်း KNDF က ထုတ်ပြန်ထားပါတယ်။

စစ်တပ်စစ်ကြောင်းတချို့ဟာ ဖရူဆို-ထာလဲ လမ်းမနဲ့ နန်းဖဲကျေးရွာဘက်ကို ဖေဖော်ဝါရီ ၅ ရက်ကစပြီး စစ်ကြောင်းထိုး လှုပ်ရှားနေတာဖြစ်တာကြောင့် ရက်အကန့်အသတ်မရှိ လမ်းပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဝ ဒေသမှာ လုယက်၊ လူသတ်သူတွေကို သေဒဏ်ချ

ဝ တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေ မိုင်းပေါက် ခရိုင်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ လုယက် လူသတ်ခဲ့လို့ဆိုပြီး လူ ၃ ယောက်ကို သေဒဏ်နဲ့ တသက်တကျွန်း ချမှတ်လိုက်ပါတယ်။

နှစ်ဦးကိုသေဒဏ်နဲ့ နောက်တစ်ဦးကို တသက်တကျွန်း ချမှတ်လိုက်တာလို့ ဝ ဒေသ သတင်းတွေကို တင်ဆက်ပေးနေတဲ့ Wa News Land က ရေးထားပါတယ်။

ပြစ်ဒဏ်ချမှတ်ခံထားရသူ ၃ ယောက်ထဲမှာ နှစ်ယောက်က ၁၇ နှစ်သာ ရှိနေသေးတယ်လို့လည်း လို့ Wa News Land က ဖော်ပြပါတယ်။

ကျူးလွန်သူလို့ စွပ်ခံရတဲ့ သုံးယောက်ဟာ လောင်းကစားအကြွေးတွေ ရှိနေတာကြောင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တက္ကစီငှားရမ်းဟန်ဆောင်ပြီး ယာဉ်မောင်းဖြစ်သူကို လူပြတ်တဲ့နေရာဆီ လှည့်ဖျား ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီနောက် ယာဉ်မောင်းဆီက လုယက်ချိန်မှာ ယာဉ်မောင်းက ခုခံတာကြောင့် သတ်လိုက်သလို တရုတ်ငွေ ယွမ် ၇၀၀ ကို ယူသွားတာ၊ လူသတ်မှု ဖုံးကွယ်ဖို့ အလောင်းဖျောက်တာ၊ သက်သေဖျောက်ဖျက်တာတွေ လုပ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဘယ်လို အခက်အခဲဖြစ်စေ၊ စိတ်ခံစားချက်ပဲ ဖြစ်စေ၊ ဝ ပြည်နယ်မှာ ချမှတ်ထားတဲ့ ဥပဒေတွေကို မလိုက်နာဘူးဆိုရင် ဆင်ခြေပေးလို့မရဘဲ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ဝ ပြည်နယ် တရားစီရင်ရေး ကော်မတီ- WSP က ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

ကိုးကန့်တပ်က ဖမ်းသွားတဲ့ လားရှိုးမြို့ခံ ကိုးဦး တစ်ပတ်ကြာအထိ ပြန်မလွတ်သေး

ကိုးကန့်တပ်- MNDAA က ဖမ်းဆီးထားတဲ့ လားရှိုးမြို့နယ်၊ နမ့်‌ပေါင်ကျေးရွာအုပ်စု၊ မန်စယ်ကျေးရွာက ဒေသခံ ၉ ယောက်ကို ပြန်လွှတ်ပေးဖို့ ရှမ်းလူမှုအဖွဲ့အစည်း ၁၁ ဖွဲ့က ဖေဖော်ဝါရီ ၆ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

မန်စယ်ရွာက လယ်မြေတွေမှာ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတဲ့ ကိုးကန့်တပ်-MNDAA နဲ့ လယ်ပိုင်ရှင် ဒေသခံတွေအကြား အငြင်းပွားခဲ့ပြီးနောက် ဒေသခံတွေ ဖမ်းဆီးခံရတာလို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁ ရက်က MNDAA ဖမ်းဆီးချိန်မှာ ဒေသခံ ၃၆ ယောက် အဖမ်းခံရပြီး ၂၇ ယောက် ပြန်လွတ်လာပေမဲ့ ကျန်တဲ့ ၉ ယောက်ကတော့ ဒီနေ့အထိ မလွတ်မြောက်သေးဘူးလို့ Tai Students' Union က မယိင်းမွေလျန်းက ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ ကိုးကန့်တပ်-MNDAA တို့က လားရှိုးမြို့နယ်၊ သံလွင်ရွာမှာ ဖေဖော်ဝါရီ ၆ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ အဖြေရလဒ်တွေ ဒေသခံတွေ မသိကြရဘူးလို့လည်း သူက ပြောပါတယ်။

"ရွှေတူးမယ့်ကိစ္စရော၊ ဒေသခံ ၉ ယောက် အဖမ်းခံရတဲ့ ကိစ္စရော ဆွေးနွေးကြတယ်။ အခုထိလည်း အဖမ်းခံရသူတွေ မလွတ်လာသေးဘူး။ သူတို့ကို သိန္နီမှာ ဖမ်းတားတာ။ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး။ ဖမ်းတုန်းကလည်း သူတို့တွေ အရိုက်ခံရတော့ မိသားစုတွေလည်း စိတ်ပူနေတယ်"လို့ မယိုင်းမွေလျန်းက ပြောပါတယ်။

မန်စယ်ရွာမှာ ဒေသခံတွေက ရိုးရာနည်းနဲ့ ရွှေတူးတာတွေကို ချောင်းနဲ့ တောင်ပေါ်တွေမှာ ၁၀ စုနှစ်ကြာအောင် လုပ်ကိုင်ခဲ့ကြပေမဲ့ အခု ကိုးကန့်တပ်က ရွှေတူးဖို့ ပြင်ဆင်တဲ့အခါမှာ စက်ယန္တရားကြီးတွေပါ ရောက်လာတယ်လို့လည်း သိရပါတယ်။

ဒ့ါကြောင့် ရှမ်းပြည်နယ်အတွင်း ငြိမ်းငြိမ်ချမ်းချမ်းနဲ့ အတူယှဉ်တွဲ နေထိုင်ရေးကို ထိခိုက်စေတဲ့ ချိုးဖောက်မှုတွေ ရပ်ဖို့၊ လယ်မြေတွေသိမ်းယူပြီး ရွှေတူးဖော်တာတွေကို ရပ်ပေးဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ကို တောင်းဆိုထားကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကိုးကန့်တပ် MNDAA ကို ဘီဘီစီကဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

အိမ်ခြံမြေ၊ ရွှေနဲ့ ဒေါ်လာ ဈေးကစားတာမရှိအောင် ကြီးကြပ်မယ်လို့ ဗဟိုဘဏ်ပြော

ဘဏ်တွေကနေ ချေးငွေတွေ ထုတ်ယူပြီး အိမ်ခြံမြေ၊ ရွှေ၊ ငွေ၊ ဒေါ်လာတွေမှာ ဈေးကစားတာတွေ မရှိအောင် ကြီးကြပ်ဖို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှာ ပြောပါတယ်။

ဘဏ်တွေအနေနဲ့ ဒီဂျစ်တယ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို တိုးမြှင့်ဖို့၊ ငွေကြေးတွေကို စီးပွားရေး လုပ်ငန်းတွေမှာသာ ပိုပြီးထိထိရောက်ရောက် အသုံးပြုနိုင်အောင် စောင့်ကြည့်ဖို့၊ ချေးငွေ ဆုံးရှုံးနိုင်ခြေတွေကို သေချာစိစစ်ဖို့တွေကိုပါ ဘဏ်ခွဲတွေအဆင့်အထိ ကြီးကြပ်ဆောင်ရွက်ဖို့ ပြောပါတယ်။

ဒီအချက်တွေကို ဖေဖော်ဝါရီ ၅ ရက်မှာ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့ပြီးနောက်ပိုင်း ဘဏ်တွေမှာ အပ်ငွေကိုတောင် အကန့်အသတ်နဲ့ ထုတ်ယူနေကြရပါတယ်။

အပ်ငွေကို အကန့်အသတ်မရှိ လက်ခံပြီး ငွေထုတ်တဲ့အခါမှာ ကန့်သတ်ထုတ်ပေးနေတယ်လို့ ဘဏ်ဝန်ဆောင်မှု သုံးစွဲသူတချို့က လူမှုကွန်ရက်မှာ ရေးသားကြပါတယ်။

ရှမ်းပြည်နယ်ထဲက လက်နက်ကိုင်တွေ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင် ဖိတ်ခေါ်

ရှမ်းပြည်နယ်ထဲက တိုင်းရင်းသား လက်နက်ကိုင်တွေ၊ တော်လှန်ရေးမှာ ပါဝင်သူတွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကားဝိုင်းကို လာရောက်ကြဖို့ ဖိတ်ခေါ်တဲ့အကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မှာကျရောက်တဲ့ ၇၉ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့တာပါ။

ရှမ်းပြည်နယ်ထဲမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးတာတွေ၊ အွန်လိုင်းလောင်းကစား လိမ်လည်မှုတွေ၊ တရားမဝင် ကုန်သွယ်မှုတွေက မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေတာဖြစ်လို့ ပပျောက်အောင် ပူးပေါင်းပေးဖို့ကိုလည်း ထည့်သွင်းပြောထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ရှမ်းပြည်နယ်ထဲမှာ ၂၀၂၅ ခုနှစ် မတ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးတာတွေကို ပြန်လည်ထူထောင်ဖို့ ငွေကြေး ကျပ် ၁၄၇ ဘီလျံကျော် ချထားပေးတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ရှမ်းပြည်နယ်ထဲမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS/SSA၊ တအာင်းလွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ကိုးကန့်တပ်- MNDAA၊ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် -UWSA တပ်တွေနဲ့ အာဏာသိမ်း စစ်တပ်ကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေ ရှိနေပါတယ်။

NCGUB အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းကွယ်လွန်

၁၉၉၀ ပြည့်ရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က အသိအမှတ်မပြုဘဲနေခဲ့တာကြောင့် ရွေးကောက်ခံလွှတ်တော်အမတ်တွေ နယ်စပ်နဲ့ပြည်ပကိုထွက်ခွာခဲ့ပြီး ထူထောင်ခဲ့တဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း အမေရိကန်ပြည်ထောင်စုမှာ ဖေဖော်ဝါရီ ၆ ရက်နေ့မနက်က ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်ရှိပါပြီ။

ဒေါက်တာစိန်ဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကို ဦးဘဝင်းရဲ့သားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဝမ်းကွဲတော်စပ်သူပါ။

ဒေါက်တာစိန်ဝင်းဟာ သင်္ချာပါရဂူဘွဲ့ကို ဂျာမနီနိုင်ငံက ရရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ်၊ သီရိလင်္ကာနိုင်ငံ ကိုလံဘိုတက္ကသိုလ်နဲ့ ကင်ညာနိုင်ငံ နိုင်ရိုဘီတက္ကသိုလ်တို့မှာ နည်းပြ/ကထိက တာဝန်တွေထမ်းခဲ့ဖူးပါတယ်။

၁၉၈၈ မှာ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီပါတီ) ကို တည်ထောင်ခဲ့တဲ့အခါ ဒေါက်တာစိန်ဝင်းက အဲန်အယ်လ်ဒီပါတီကနေ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်ကနေ ဝင်အရွေးခံပြီး အနိုင်ရခဲ့ပါတယ်။

NCGUB အဝေးရောက်အစိုးရအဖွဲ့ကို ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေမှာ ဦးဆောင်ဖွဲ့စည်းပြီး ဝန်ကြီးချုပ်တာဝန်ကို ယူခဲ့ပါတယ်။

နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်ရင်း နိုင်ငံရေးကို ဆယ်စုနှစ်တွေချီ ဆက်လုပ်ခဲ့သူပါ။

ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သမီးတစ်ဦး သားတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။