ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗဟိုဘဏ်ရဲ့ပိုလျှံငွေကြေးနုတ်သိမ်းမှု ဘဏ်အတိုးနှုန်းတွေအပေါ် ဘယ်လိုသက်ရောက်မလဲ
ဒီနှစ်ထဲမှာပဲ ပုဂ္ဂလိကဘဏ်တွေက သူတို့ဆီ ငွေပိုအပ်လာဖို့ အပြိုင်အဆိုင် အတိုးနှုန်းတွေ မြင့်ပေးခဲ့ပါတယ်။ လူထုကလည်း ငွေတွေ အပ်နှံပြီး အတိုးနှုန်းရယူကြပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအထဲမှာပဲ မြန်မာဘဏ်တွေက အရင်ထက်နည်းတဲ့ အပ်ငွေအတိုးနှုန်းတွေကို ပြောင်းလဲသတ်မှတ်ကြောင်း အသီးသီးထုတ်ပြန်လာကြပါတယ်။
အဲဒီအထဲမှာ A Bank၊ AYA Bank၊ UAB bank၊ KBZ၊ AGB ဘဏ် နဲ့ MAB ဘဏ်တို့ ပါဝင်ပါတယ်။
ဒါဟာ ဗဟိုဘဏ်က အသစ်ထုတ်ပြန်တဲ့ ပိုလျှံငွေကြေး နုတ်သိမ်းမှု မူဝါဒအသစ်နဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက ပြောပါတယ်။
"ဒီထုတ်ပြန်ချက်အရဆိုရင် ဘဏ်တွေက အတိုးကိုလျှော့ပေးမယ်၊ လူတွေလည်း အတိုးထိုင်စားတာထက် စီးပွားရေးမှာ ပိုလည်ပတ် သွားနိုင်တယ်" လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
ပိုလျှံငွေကြေးနုတ်သိမ်းမှု မူဝါဒအသစ်ဆိုတာဘာလဲ
ဒီဂျစ်တယ်ငွေကြေးကွန်ရက် သုံးစွဲမှု ပိုမြင့်တက်လာတာကြောင့် ဘဏ်လုပ်ငန်းတွေမှာ အပ်ငွေတိုးမြင့်လာပြီး ပုဂ္ဂလိကဘဏ်တွေက ဗဟိုဘဏ်ကို အပ်နှံရတဲ့သီးသန့်ငွေ အပ်နှံမှုတွေလည်း မြင့်တက်လာခဲ့တယ်လို့ ဗဟိုဘဏ်က အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ငွေကြေးပမာဏဟာ သတ်မှတ်ရည်မှန်းချက်ထက်ကျော်လွန်ပြီး ပိုလျှံငွေကြေးတွေ ဖြစ်ပေါ်နေတာကို ထိန်းဖို့ ဗဟိုဘဏ်ရဲ့ငွေကြေးမူဝါဒကော်မတီက အချက် ၃ ချက်ကို လုပ်ဆောင်နေပါတယ်။
- ငွေကြေးဖောင်းပွမှုမဖြစ်ဖို့
- နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေဖို့ဆောင်ရွက်ခြင်း (Exchange Rate Stability)
- အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အချိုးသတ်မှတ်ခြင်း (Stipulation of Minimum Reserve Requirement) စတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။
အဲဒီလုပ်ဆောင်ချက်တွေက ဘဏ်တွေက ဗဟိုဘဏ်မှာ အပ်ထားတဲ့ သီးသန့်အပ်နှံငွေတွေနဲ့ ချိတ်ဆက်နေပါတယ်။
ဗဟိုဘဏ်က ထိန်းသိမ်းထားရှိရမယ့် အနည်းဆုံးသီးသန့်ငွေပမာဏ ထက်ကျော်လွန်တဲ့အခါ အတိုးပေးရတဲ့ ပျမ်းမျှပိုလျှံသီးသန့်ငွေ (Interest on Average Excess Reserve - IOER) ပမာဏကို တိုးမြှင့်ပေးခြင်းနဲ့ IOER အတိုးနှုန်းကိုလည်း ငွေကြေးဈေးကွက်(Money Market) တစ်လ အတိုးနှုန်းနဲ့ သတ်မှတ်ပေးလိုက်တယ်လို့ ဗဟိုဘဏ်က အောက်တိုဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။
သဘောကတော့ ပုဂ္ဂလိကဘဏ်တွေ အပါအဝင် ဘဏ်တွေက ဗဟိုဘဏ်ကို အပ်နှံတဲ့သီးသန့်ငွေဟာ သတ်မှတ်ထားတဲ့ပမာဏထက် ကျော်လွန်တဲ့အခါ ဗဟိုဘဏ်က အတိုးပေးရပါတယ်။ ဒါကို အတိုးပေးရတဲ့ပျမ်းမျှပိုလျှံသီးသန့်ငွေ (Interest on Average Excess Reserve – IOER) ဆိုပြီးခေါ်ပါတယ်။
ပုံမှန်အားဖြင့် ပုဂ္ဂလိကဘဏ်တွေက ဗဟိုဘဏ်မှာ မြန်မာကျပ်ငွေနဲ့ သီးသန့်ငွေအပ်နှံတဲ့အခါ အဲဒီအပ်နှံငွေအတွက်ရတဲ့အတိုးနှုန်းကို အရင်က ရက် ၃၀ မှ ရရှိပါတယ်။
အခုတော့ ၂၈ ရက်နဲ့ တွက်ချက်ပြီး ရက်စောသတ်မှတ်ပြီး ဗဟိုဘဏ်က ဘဏ်တွေကို အတိုးပေးမှာဖြစ်ပါတယ်။ ဒါအပြင် အတိုးနှုန်းကိုလည်း တိုးမြှင့်ပေးမယ့် သဘောဖြစ်ပါတယ်။
အရင် ရက် ၃၀ ပြည့်ရင် အတိုးပေးတာကနေ အခု ၂၈ ရက် နဲ့ အတိုးပေးမယ်လို့ သတ်မှတ်လိုက် တာကြောင့် ကျန်တဲ့ ၂ ရက်ရဲ့အတိုးနှုန်းကိုပါ ဘဏ်လုပ်ငန်းတွေက ထပ်ဆောင်းရရှိမှာဖြစ်တယ်လို့ ဘဏ်အသိုင်းအဝိုင်းက ပြောပါတယ်။
အရင်က ပိုလျှံငွေပမာဏ မြန်မာကျပ်ငွေ ၇ ဘီလျံအထက်နဲ့ ကျပ် ၅၀ ဘီလျံအောက်ကိုသာ အတိုးပေးပါတယ်။ အခုတော့ ပိုလျှံသီးသန့်ငွေ ပမာဏကို ထပ်တိုးပေးလိုက်ပါတယ်။
ပမာဏအတိအကျကို ဗဟိုဘဏ်က မပြောထားပေမယ့် အများဆုံး ကျပ် ၅၀ ဘီလျံထက် ပိုပြီး ထားရှိနိုင်တယ်လို့ ဘဏ်အသိုင်းအဝိုင်းက ပြောကြပါတယ်။
ဗဟိုဘဏ်အနေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာရှိတဲ့ ပိုလျှံငွေတွေကို များများလက်ခံပြီး အတိုးပိုပေးဖို့လုပ်တာလို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက ပြောပါတယ်။
"ဥပမာ ဧရာဘဏ်က ဗဟိုဘဏ်မှာ အနည်းဆုံး ၁၀ ဘီလျံ အပ်ရမယ်လို့ ပြောတဲ့အချိန်မှာ ၂၀ ဘီလျံ အပ်ထားတယ်ပေါ့။ ပိုတဲ့ငွေ ၁၀ ဘီလျံကို ဧရာဘဏ်က ပြန်မထုတ်အောင် အတိုးနှုန်းတိုးပေးမယ်လို့ ဗဟိုဘဏ်က ပြောလိုက်တယ်။ ဒီတော့ ဧရာဘဏ်က ပြန်မထုတ်တော့ဘူး" လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူက ရှင်းပြပါတယ်။
ဒီမူဝါဒအသစ်ဟာ "ဘဏ်တွေက Customers တွေဆီက အတိုးမရရင်တောင်၊ ဗဟိုဘဏ်ကနေအတိုးပေးနေမှာ" လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူက ပြောပါတယ်။
ဒီနှစ် မတ်လမှာတော့ ပျမ်းမျှပိုလျှံငွေအတိုးနှုန်း (IOER) ကို အရင် ၃.၈ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ ဗဟိုဘဏ်က တိုးမြှင့်ပေးထားပါတယ်။
အခုအသစ်ထုတ်ပြန်လာတဲ့ မူဝါဒမှာတော့ IOER အတိုးနှုန်းကို ငွေကြေးဈေးကွက်(Money Market) ၁ လ သက်တမ်း(ပျမ်းမျှ)အတိုးနှုန်းနဲ့ သတ်မှတ်ပေးလိုက်တယ်လို့ ဖော်ပြပါတယ်။
Money Market ဆိုတာဟာ ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ ငွေကြေးလည်ပတ်ဖို့ အချင်းချင်း ချေးငွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီချေးငွေကို တစ်နှစ်အတွင်း အတိုးနဲ့ ပြန်ဆပ်ရပါတယ်။
"ဘဏ်တစ်ခုနဲ့ တစ်ခု ချေးရင်ပေးရတဲ့ အတိုးနှုန်းထက် သာတဲ့ပမာဏကို ဗဟိုဘဏ်ကပေးမယ်။ သူ့ဆီလာခဲ့ ဆိုတဲ့သဘော" လို့ ပြည်တွင်းဘဏ်တစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
ဗဟိုဘဏ်ရဲ့ အခုလုပ်ဆောင်ချက်ဟာ ငွေကြေးဖောင်းပွမှု မဖြစ်အောင် ထိန်းညှိပေးတာ၊ ဘဏ်လုပ်ငန်းတည်ငြိမ်မှု ရှိလာနိုင်တယ်လို့ ဘဏ်အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။
လျော့ကျလာတဲ့ စာရင်းသေအပ်ငွေ အတိုးနှုန်း
ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ အခုမူဝါဒအသစ်ဟာ ဘဏ်အပ်ငွေကနေရတဲ့အတိုးနှုန်းကို သုံးစွဲသူတွေအတွက် အတိုးနှုန်းရရှိမှုတွေ တဖြည်းဖြည်းလျော့ကျလာနိုင်တယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ဒီထုတ်ပြန်ချက် မရှေးမနှောင်းမှာပဲ ပုဂ္ဂလိကဘဏ်တွေက စာရင်းသေအပ်ငွေ (Fixed Deposit) ရဲ့အတိုးနှုန်းတွေကို အမြင့်ဆုံး ၁၃ ရာခိုင်နှုန်းအောက်ကို တဖြည်းဖြည်း လျှော့လာနေကြပါတယ်။
ပုဂ္ဂလိကဘဏ်တစ်ခုမှာ စာရင်းအပ်ထားသူအချို့ကတော့ ဘဏ်က အပ်ငွေတွေ ပြန်ထုတ်ဖို့နဲ့ အတိုးပိုပေးတဲ့ဘဏ်ကို ပြောင်းဖို့ စဉ်းစားမှုတွေ ရှိနေကြပါတယ်။
"တချို့က ခြံတွေ၊ အိမ်တွေ ရောင်းပြီး အလုံးအရင်းနဲ့ ဘဏ်မှာ အပ်ပြီး အတိုး ထိုင်စားကြတယ်။ အခုက လူတွေကို ငွေတွေသုံးပြီး လည်ပတ်စေချင်လို့။ စီးပွားရေးပိုလည်ပတ်စေချင်တာ" လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူက ပြောပါတယ်။
စီးပွားရေးလုပ်ဖို့ဆိုတာကလည်း တစ်ဖက်မှာ စစ်ကောင်စီဟာ ပို့ကုန်ရငွေပြမှ သွင်းကုန် တင်ခွင့်ပြုတာ၊ နယ်စပ်ကုန်သွယ်ရေးရပ်တန့်နေမှုတွေကြောင့် စီးပွားရေးတိုးချဲ့လုပ်တာ ဒါမှမဟုတ် ငွေရင်းပြီး စီးပွားရေးလုပ်ရမှာကို စိုးရိမ်နေကြတယ်လို့ စီးပွားရေးပညာရှင် ၂ ဦးက ထောက်ပြကြပါတယ်။
စစ်တပ်ရဲ့ နိုင်ငံခြားငွေ အဓိက စီးဆင်းလည်ပတ်နေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က အရေးယူပိတ်ဆို့ထားတာလည်း ၂၀၂၅ ခုနှစ်မှာ ၂ နှစ်ကျော် ရှိလာပါပြီ။
ဒါပေမဲ့ စစ်တပ် လက်အောက် ဗဟိုဘဏ်ဟာ တစ်နိုင်ငံလုံးရဲ့ ဒေါ်လာငွေ အပေါ် မှီခိုရမှုကို လျှော့ချနိုင်ဖို့ တရုတ် ယွမ်ငွေ၊ ရုရှား ရူဘယ်၊ ထိုင်းဘတ်၊ အိန္ဒိယ ရူပီးတွေနဲ့ ကုန်သွယ်မှုတွေမှာ ပိုပြီး အသုံးပြုဖို့ သဘောတူညီချက်ပြုလုပ်ထားပါတယ်။
ဒီအချက်တွေကြောင့် မြန်မာကျပ်ငွေတန်ဖိုးဟာလည်း ပြီးခဲ့တဲ့ နှစ်တွေတုန်းကလို အတက်အကျ မများတော့တဲ့အခြေအနေဖြစ်သွားတယ်လို့ စီးပွားရေးလေ့လာသူတွေက ထောက်ပြထားပါတယ်။