ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နောက်ဆုံးပေါ် Digital Banking လိမ်နည်းတွေ ဘယ်လို သတိထားရမလဲ
ခေတ်နဲ့ အညီပေါ်လာတဲ့ လိမ်ညာမှုတွေ ရှောင်နိုင်ဖို့ ဘယ်လို ပါးနပ်သင့်လဲ
မိုဘိုင်းဖုန်း တစ်လုံး ရှိထားရင် ပြည်တွင်းဘဏ် တခုခုရဲ့ ဒစ်ဂျစ်တယ် ငွေလွှဲပြောင်းပေးချေတဲ့ စနစ် တခုခု ဥပမာ KPay၊ AYA Pay၊ Wave Money စတာတွေကို သုံးပြီး အွန်လိုင်းပေါ်မှာ ငွေပေးငွေချေတာ၊ စျေးဝယ်တာ၊ ဘေလ်ပေးဆောင်တာ၊ အချင်းချင်း ငွေလွှဲတာတွေ လွယ်လွယ်ကူကူ လုပ်လို့ ရသလို အဲဒီ မိုဘိုင်းနံပါတ်ကို သိရင် Pay App နဲ့ ပတ်သက်ပြီး လိမ်ညာ ငွေလွှဲခိုင်းတာ၊ ပိုင်ရှင်ကို ခြိမ်းခြောက် ဟိန်းဟောက်ပြီး လိမ်ညာတာတွေကိုလည်း အလွယ်တကူ လုပ်နေကြတယ် ဆိုတာ တွေ့ရပါတယ်။
ပြည်တွင်းက ဘဏ်တခုခုရဲ့ Pay App ကို ဒေါင်းလုဒ် လုပ်၊ မိုဘိုင်းနံပါတ်နဲ့ မှတ်ပုံတင်၊ ကိုယ့်ရဲ့ အချက်အလက်တွေ ဖြည့်ပြီး နီးစပ်ရာ သက်ဆိုင်ရာ ဘဏ်ခွဲမှာ သွား မှတ်ပုံတင်လိုက်ရုံနဲ့ Digital Wallet ဒစ်ဂျစ်တယ် ပိုက်ဆံအိတ် သုံးလို့ ရပါပြီ။
ဒါတောင် ဒီလို စည်းကမ်း သတ်မှတ်ချက်တွေနဲ့ အကောင့် ဖွင့်ရတာမျိုးက ပြီးခဲ့တဲ့ စက်တင်ဘာလကမှ စတင်ခဲ့တာ ဖြစ်ပြီး အရင်ကဆို ကိုယ်တိုင် ဖုန်းနံပါတ် တခုရှိရုံနဲ့ ဖွင့်လို့ ရတာမျိုးပါ။ အရင်ကဆို ဆင်းမ်ကတ် နှစ်ခု သုံးခုနဲ့ မိုဘိုင်း Pay တွေ ဖွင့်လို့ ရတယ်လို့ ပြောကြပါတယ်။
လိမ်နည်း အမျိုးမျိုး
ပုဂ္ဂလိက ဘဏ်တွေက တရားဝင် သုံးတာ မဟုတ်တဲ့ Social Media Channel တွေကနေ တဆင့် ဒါမှ မဟုတ် သံသယရှိဖွယ် နံပါတ်တွေနဲ့ ဖုန်းဆက်လာပြီး တခါသုံး One Time Password OTP နဲ့ လျှို့ဝှက် PIN နံပါတ်တွေကို နည်းအမျိုးမျိုးနဲ့ လိမ်ညာ တောင်းယူ ငွေလိမ်လည် ထုတ်ယူတတ်ကြတာ တွေ့ရတယ်လို့ ကမ္ဘောဇ ဘဏ်ရဲ့ KBZ Pay page မှာ သတိပေးထုတ်ပြန်ထား တွေ့ရပါတယ်။
နောက်တခုက အခု နောက်ပိုင်း Pay App တွေ သုံးရင် level နှစ်ဆင့် လုပ်ရတာကြောင့် level တဆင့်မြှင့်ပေးမယ် ဆိုပြီး OTP နဲ့ PIN နံပါတ်တွေ တောင်းယူ လိမ်လည်တာ၊ အွန်လိုင်း ရှော့ပင်းလုပ်တဲ့ ဆိုင်တွေကို ဆက်သွယ်၊ ပစ္စည်းဖိုး ငွေချေပါ ဆိုပြီး ပိုင်ရှင်ရဲ့ မှတ်ပုံတင်၊ KPay ရဲ့ OTP နံပါတ်တွေ တောင်းယူပြီး လိမ်လည်တာတွေလည်း ရှိနေတယ် ဆိုတာ အလိမ်ခံရသူတွေရဲ့ ပြောဆိုမှုတွေအရ သိရ ပါတယ်။
နောက်တမျိုးကတော့ စျေးချိုတဲ့ ကြော်ငြာအမျိုးမျိုးကို စျေးနှုန်းနဲ့ တကွ အွန်လိုင်းမှာ၊ ဖေ့စ်ဘွတ်မှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ဆိုင်လိပ်စာ တို့နဲ့ အတူတင်ထားပြီး ပစ္စည်း မှာတဲ့သူရှိလာရင် ငွေအရင် ပေးချေခိုင်းပြီး ညာတာပါ။ တကယ်တော့ အဲဒီလို တင်ထားတဲ့ နေရပ်လိပ်စာက အမှန်တကယ် မရှိသလို ဖုန်းနံပါတ်ကို ဆက်ရင်လည်း မရကြတော့ဘူးလို့ ကိုယ်တိုင် အလိမ်ခံရသူ တွေက ဘီဘီစီကို ပြောကြပါတယ်။
နောက်တနည်းက ငွေချေးမယ်လို့ ကြော်ငြာပြီး ဖုန်းနံပါတ် ပေးထားတယ်၊ ငွေချေးဖို့ လျှောက်လွှာတင်ရမယ်လို့ ပြောတယ်၊ တင်ပြီး အဲဒီကို ဆက်သွယ်လိုက်ရင် လျှောက်ခငွေ အရင်သွင်းမယ် ဆိုပြီး လိမ်ယူတာမျိုးပါ။
လိမ်ပြီးနောက်ပိုင်းမှာလည်း အဲဒီလို ငွေချေးတဲ့ ကြော်ငြာ၊ အရောင်း ကြော်ငြာတွေက အွန်လိုင်းပေါ်မှာ ဆက်ရှိနေကြသေးတယ်လို့ ပြောကြပါတယ်။ အလိမ်ခံရသူတွေက ငွေပေးလိုက်မိပြီးလို့ သူတို့ သုံးတဲ့ ဘဏ်ကို ဆက်သွယ် တိုင်တန်းတာက လွဲရင် ဘယ်လို တိုင်ကြားရမှန်း မသိကြပါဘူး။ ဘဏ်တွေ ဘက်ကလည်း တိုင်လာသူကို တိတိကျကျ ဖြေရှင်းမှုမျိုးမှ လုပ်မပေးနိုင်ကြပါဘူး။
ဒီလိမ်ညာနည်းမှာ လိမ်ညာသူကို ဥပဒေအရ အရေးယူနိုင်ဖို့ ဆိုတာက သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က လုပ်ဆောင်ရမယ့် တာဝန်ဖြစ်ပါတယ်။ လက်တွေ့မှာ ကိုယ်တိုင်က တစ်ဖက် အကောင့်ကို ကိုယ့်သဘောနဲ့ကိုယ် ငွေလွှဲပေးလိုက်တာ ဖြစ်လို့ လွှဲပေးသူဘက်က ပထမဆုံး ငွေဆုံးရှုံးသွားတာကတော့ သေချာပါတယ်။
နောက် ဥပမာ တမျိုးက Pay App က ငွေအဝင်အထွက် များနေတယ်၊ မသင်္ကာစရာ ဖြစ်နေလို့ စစ်ဆေးဖို့ လိုတယ် စသဖြင့် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ခြိမ်းခြောက်သလို ခပ်တည်တည် လိမ်တာပါ။
မြစ်ကြီးနားမြို့က မမေမီဆီကို ကေပေး စင်တာကပါ ဆိုပြီး တစ်ဖက်ကဖုန်းခေါ်လာပြီးနောက် နာမည်ကိုမေးတယ်၊ ကိုယ်တိုင်ဟုတ်မဟုတ် ပြောဆို မေးမြန်းပြီး သူ့ဘဏ်စာရင်းမှာ ကေပေး အဝင်အထွက် များနေတာ တွေ့ရလို့ ဘဏ်စာရင်းစစ်မယ်လို့ ပြောတဲ့အကြောင်း မမေမီက ဘီဘီစီကို ပြန်ပြောပြပါတယ်။
အဲဒီနေ့က ငွေအဝင်အထွက် မှတ်တမ်းကိုလည်း မေးတဲ့သူက သိနေပြန်တော့ ယုံကြည်သွားပြီး သူတောင်းတဲ့ OTP လို့ခေါ်တဲ့ One Time Password ကိုပေးလိုက်မိတာလို့ ဆိုပါတယ်။
ဖုန်းနဲ့ လိမ်တဲ့သူက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ညွှန်ကြားချက်တိုင်း ဆောင်ရွက်ရတာဖြစ်တယ်၊ အတိုင်ခံထားရတဲ့ ဖုန်းနံပါတ် ကေပေး တချို့ ရထားတယ်ပြောတော့ သူ မပေးဘဲ မနေရဲတော့လို့ OTP ပေးလိုက်မိတဲ့ အခြေအနေဖြစ်သွားခဲ့ပါတယ်။ ဒီနေရာမှာလည်း ကာယကံရှင်ကပဲ OTP နံပါတ်ပေးလိုက်တာပါပဲ။
တစ်ဖက်က လိမ်ညာသူက အလိုလိုနေရင်း ကိုယ့်ရဲ့ OTP လျှို့ဝှက် နံပါတ်ကို သိတာ မဟုတ်ပါဘူး။ ကာယကံရှင်က ကြောက်လို့ ဖြစ်စေ၊ အစစ်အမှန်လို့ ယုံကြည်တာကြောင့်ဖြစ်စေ၊ အကြောင်း အမျိုးမျိုးကြောင့် ပေးလိုက်လို့သာ လိမ်ညာသူက ရသွားတာ ဖြစ်ပါတယ်။ အဲဒီ နေ့က အလိမ်ခံရလို့ မမေမီရဲ့ K Pay ထဲက ကနေ ကျပ် သိန်း ၅၀ နီးပါး ပါသွားခဲ့ပါတယ်။ ဘဏ်ကို အကြောင်းကြားထားပေမဲ့ အကြောင်းမထူးဘူးလို့ ဆိုပါတယ်။
ဒါက အလိမ်ခံရမှု အမျိုးမျိုးထဲက ဥပမာ တချို့ပါ။ တခါတလေမှာ လိမ်ညာသူတွေက တစ်ယောက်တည်း မဟုတ်ဘဲ အုပ်စုလိုက် လုပ်တတ်ကြတယ်လို့လည်း သူတို့ လုပ်တဲ့ လိမ်ညာမှုတွေ အရ သိနိုင်ပါတယ်။
အလိမ်မခံရအောင် ဘာတွေ အထူး သတိထားရမလဲ
အဓိက အရေးအကြီးဆုံးက တခါသုံး OPT နံပါတ်နဲ့ PIN နံပါတ် လျှို့ဝှက် နံပါတ်တွေ ဘယ်သူ့ကိုမှ မပေးဖို့၊ အယုံ မလွယ်ကြဖို့ ဖြစ်ပါတယ်။
သက်ဆိုင်ရာ ဘဏ်အသီးသီးက သူတို့ရဲ့ ဘဏ်နဲ့ Pay App သုံးသူတွေဆီကနေ မှတ်ပုံတင်၊ ပင်နံပါတ်နဲ့ တခါသုံး OPT နံပါတ်တွေကို ဘယ်သောအခါမှ တောင်းယူလေ့ မရှိပါဘူး။ တယောက်ယောက်က ဖုန်းဆက်၊ message ပို့ပြီး တောင်းလာပြီဆိုရင် လိမ်ညာတော့မယ် ဆိုတာ သတိပြုဖို့ လိုပါတယ်။
ဘဏ်တွေ ဘက်ကလည်း သူတို့ရဲ့ Pay App သုံးသူတွေကို ဘယ်သူက ဆက်သွယ်လာလာ မယုံကြဖို့ သတိပေးထားပြီး OTP နဲ့ PIN နံပါတ်တွေကို မိမိကလွဲပြီး အခြားသူတွေကို ဝေမျှတာမပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
ဘီဘီစီက ဘဏ်တွေကို ဆက်သွယ်ပြီး သူတို့ ဘဏ်ကို သုံးသူတွေ မသမာသူတွေရဲ့ လိမ်လည်မခံရအောင် အဓိက ဘာ အကြံပေးနိုင်မလဲလို့ ဆက်သွယ် မေးရာမှာ Pay Account ဖွင့်ထားတဲ့ Password နဲ့ OPT နံပတ်တွေကို ဘယ်သူ့ကိုမှ မမျှဝေဖို့ပဲ ပြောကြပါတယ်။
အလိမ်ခံရပြီ ဆိုရင် ဘာလုပ်နိုင်မလဲ၊ ဘဏ်တွေမှာ တာဝန်ရှိလား
ကိုယ်က OTP နဲ့ လျှို့ဝှက် PIN ပင်နံပါတ်တွေ ပေးလိုက်မိလို့ အလိမ်ခံရတာမျိုး အတွက် ဘဏ်တွေဘက်က တာဝန်ယူမှာ မဟုတ်ဘူးလို့ ဘဏ်လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
၂၀၁၃ ခုနှစ် လောက်က မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့တဲ့ မိုဘိုင်း Banking ဆိုင်ရာ ညွှန်ကြားချက်မှာလည်း လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး သုံးစွဲသူတွေကို အကာအကွယ်ပေးဖို့ အတွက် ပုဂ္ဂလိက ဘဏ်တွေ အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု အပိုင်းတွေ မပါဘူးလို့ စာမျက်နှာ ၂၀ ကျော်ပါဝင်တဲ့ ညွှန်ကြားချက်ကို လေ့လာထားတဲ့ ကမ္ဘောဇဘဏ် အပါအဝင် ပုဂ္ဂလိက ဘဏ် အတော်များများမှာ အလုပ် လုပ်ခဲ့ဖူးတဲ့ ၁၅ နှစ်လောက် ဘဏ်လုပ်ငန်း အတွေ့အကြုံရှိသူက ဘီဘီစီကို ပြောပါတယ်။
မိုဘိုင်း Banking လုပ်လိုတဲ့ ဘဏ်တွေ အနေနဲ့ ဘာတွေ လုပ်ရမယ် ဆိုတဲ့ ညွှန်ကြားချက်သဘောကိုပဲ ဗဟိုဘဏ်က ထုတ်ထားတာလို့ သူက ဆိုပါတယ်။
နောက်တခုက မြန်မာ နိုင်ငံမှာ Financial Institution Law ဘဏ္ဍာရေး အဖွဲ့ အစည်းများဆိုင်ရာ ဥပဒေ၊ Mobile banking ဆိုင်ရာ ညွှန်ကြားချက်တွေ ရှိပေမဲ့ အမှုအခင်းတွေနဲ့ ပတ်သက်လာတဲ့အခါ စင်္ကာပူနဲ့ ထိုင်းနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံတွေမှာလို ဥပဒေ တရပ် ပြဌာန်း ထားတာ မရှိဘူးလို့ သူက ပြောပါတယ်။
ဒါကြောင့် ဘဏ်တွေကို တိုင်တန်းထားလို့ သူတို့ ဘက်က အစွမ်းကုန် လုပ်ပေးတယ် ဆိုရင်တောင် လိမ်ညာ သွားတဲ့ အကောင့်ပိုင်ရှင်က ဘယ်သူဘယ်ဝါ ဖြစ်တယ်၊ ဘယ်မှာ နေတယ် ဆိုပြီး ရဲကို အချက်အလက် ပေးတာမျိုးပဲ လုပ်နိုင်ကောင်း လုပ်နိုင်မယ်လို့ သူက ပြောပါတယ်။
ဒါကလည်း Customer ရဲ့ ကိုယ်ရေး အချက်အလက် ဖြစ်နေပြန်လို့ ပေးဖို့ ခက်ပါတယ်။
ဒါပေမဲ့ လိမ်လည်သွားတာက သေချာတယ်၊ ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ ဒီအချက်အလက်တွေ ရဲကို ပေးကိုပေးမှ ရမယ် ဆိုရင်တောင် ဘဏ်က သူ့သဘောနဲ့သူ ပေးလို့ မရဘဲ ဗဟိုဘဏ်က ပေးပါ ဆိုတဲ့ ခွင့်ပြုချက်နဲ့မှ ပေးနိုင်မယ့် အခြေအနေလို့ သူက ပြောပါတယ်။
ဒါကြောင့် အဓိကက ရဲစခန်း၊ ပုဂ္ဂလိက ဘဏ်တွေနဲ့ ဗဟိုဘဏ် ကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြည်သူတွေကို ကာကွယ်ပေးဖို့ ဘယ်သူ့မှာတာဝန်ရှိလဲ
အွန်လိုင်း ပေါ်မှာ အတုအယောင် လိမ်ညာမှု ဖြစ်ရပ်တွေ များလာပြီ ဆိုရင် ငွေကြေးနဲ့ ဆိုင်တဲ့ အတွက် Financial Sector ဒါမှ မဟုတ် အွန်လိုင်းပေါ်မှာ ဖြစ်တဲ့ အတွက် Telecommunication Sector စတဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ အဖွဲ့အစည်းတွေက အွန်လိုင်းမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု ရောင်းချမှု တွေကို တရားဝင် မှတ်ပုံတင်ဖို့ စိစစ်ဆောင်ရွက်သင့်တယ်၊ တရားဝင် မှတ်ပုံတင်ထားသူတွေနဲ့သာ ယုံကြည်စိတ်ချစွာ အလုပ်လုပ်ပါလို့ ပြည်သူလူထုကို ပြောဖို့ရာ အစိုးရမှာ တာဝန်ရှိတယ်လို့ အငြိမ်းစား ဗဟိုဘဏ် အရာရှိကြီး တစ်ယောက်က အကြံပြုပါတယ်။
ပြည်သူတွေကို အကာအကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားပြီး လုပ်ကိုင်ဆောင်ရွက်ဖို့က အစိုးရအဖွဲ့ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ တာဝန်ရှိတယ်လို့ သူက ဆိုပါတယ်။
ဒါမှ လိမ်ညာမှုတွေ လျော့ပါးလာမှာ ဖြစ်သလို လိမ်ညာမှုတွေ ဖြစ်လာရင်လည်း ကိုင်တွယ် အရေးယူနိုင်မှာ ဖြစ်တယ်လို့ အငြိမ်းစား ဗဟိုဘဏ် အရာရှိကြီးက ဆိုပါတယ်။
ဗဟိုဘဏ်တုံ့ပြန်ချက်
အွန်လိုင်းပေါ်တွင် Account ပိတ်မည်ဟု ခြိမ်းခြောက်လိမ်လည်နေခြင်းများနှင့်စပ်လျဉ်း၍ ဘဏ်သုံးစွဲသူများအား အကာအကွယ်ပေးထားသော ဥပဒေ လုပ်ထုံးလုပ်နည်းများအကြောင်း ဘီဘီစီ၏ မေးမြန်းချက်ကို ဗဟိုဘဏ်ရဲ့ ပြန်လည်ဖြေကြားချက် အပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါသည်။