ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်၊ရုရှားတို့နဲ့ ပေါင်းပြီး စစ်ကော်မရှင်က သီးခြားဘဏ္ဍာရေးဂေဟစနစ် ထူထောင်နေ
ကမ္ဘာ့ဘဏ္ဍာရေးစနစ်ထဲ ဝင်ရောက်ခွင့်မရအောင် အရေးယူဒဏ်ခတ်ခံထားရတဲ့ မြန်မာစစ်ကော်မရှင်က တရုတ်၊ ရုရှားတို့နဲ့ ပေါင်းပြီး သီးခြား ''ဘဏ္ဍာရေးဂေဟစနစ်'' တစ်ခုတည်ဆောက်ဖို့ကြိုးစားနေပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ အဓိက စီးဆင်းလည်ပတ်နေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က အရေးယူပိတ်ဆို့ထားတာ ၂၀၂၅ ခုနှစ်မှာ ၂ နှစ်ကျော် ရှိလာပါပြီ။
ခေတ်အဆက်ဆက်မှာ အနောက်ကမ္ဘာရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့ မြန်မာစစ်အစိုးရတွေက စင်ကာပူဘဏ်တွေကို အသုံးပြုခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုနောက်မှာတော့ စင်ကာပူဘဏ်တွေဟာ မြန်မာစစ်တပ်နဲ့ သူဖွဲ့ထားတဲ့ အစိုးရအဖွဲ့ကို ဘဏ္ဍာရေးဆိုင်ရာ ကျောထောက်နောက်ခံပြုမှု မရှိတော့သလောက်ဖြစ်သွားပါတယ်။ ထိုင်းဘဏ်တွေကလည်း အလားတူဖြစ်ပြီး မြန်မာဘဏ်အကောင့်တွေကို တင်းကျပ်ထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာ့လူအခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ ၂၀၂၄ ခုနှစ်က ''ဘဏ်လုပ်ငန်းတွေရဲ့ သေမင်းတမန် ကုန်သွယ်ရေး'' ဆိုတဲ့အစီရင်ခံစာကြောင့် ထိုင်း၊ စင်ကာပူဘဏ်တွေက သူတို့ရဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ ဘဏ်ဝန်ဆောင်မှုတွေကို ကန့်သတ်လိုက်တာဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ ပြင်ပ ငွေကြေးစီးဆင်းမှုတွေအတွက် စစ်ကော်မရှင် (အရင် စစ်ကောင်စီ) ကသူ့ရဲ့ မဟာမိတ် တရုတ်၊ ရုရှားတို့နဲ့ သီးခြားဘဏ္ဍာရေးစနစ် ထူထောင်ဖို့ နည်းလမ်းရှာလာတာဖြစ်ပါတယ်။
ဒီနည်းလမ်းကဘာလဲ၊ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်မှာလား။
ပုံဖော်ချင်တဲ့ ဘဏ္ဍာရေးဂေဟစနစ်
ဘဏ္ဍာရေးဂေဟစနစ်ဆိုတာက နိုင်ငံတစ်ခုနဲ့ တစ်ခု ငွေကြေးအဖွဲ့အစည်းတွေအကြား ချိတ်ဆက်ဆောင်ရွက်မှုဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြည်တွင်းငွေကြေးအဖွဲ့အစည်းတွေ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်တဲ့အခါ ဗဟိုဘဏ်ရဲ့ CBM-Net ကတဆင့် ဖြတ်သန်းစီးဆင်းပါတယ်။
CBM-Net ဆိုတာက မြန်မာတစ်နိုင်ငံလုံးက အွန်လိုင်းငွေကြေးသုံးစွဲသူနဲ့ လုပ်ငန်းတွေရဲ့ ငွေကြေး အလွှဲအပြောင်း၊ ထုတ်သွင်းမှုတွေကို ချုပ်ကိုင်ထားတဲ့စနစ် ဖြစ်ပါတယ်။
ဗဟိုဘဏ်ရဲ့ CBM-Net စနစ်လိုပဲ အိမ်နီးချင်း တရုတ်နိုင်ငံဗဟိုဘဏ်မှာ CIPS လို့ ခေါ်တဲ့ Cross-Border Interbank Payment System စနစ်ရှိပါတယ်။ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်း ငွေပေးချေမှု စနစ်လို့ အဓိပ္ပာယ်ရပါတယ်။
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ တရုတ်ရဲ့ CIPS စနစ်နဲ့ ချိတ်ဆက်ထားတဲ့ တရုတ်ဘဏ် ရှိပါတယ်။ ဒါကတော့ Industrial and Commercial Bank of China အတိုကောက်က ICBC ပါ။
ICBC ဘဏ်ရဲ့ မြန်မာရုံးခွဲက ရန်ကုန်မြို့မှာ ရုံးစိုက်ပါတယ်။ မြန်မာဗဟိုဘဏ်ဘက်က သူ့ရဲ့ CBM-Net နဲ့ တရုတ်ရဲ့ CIPS စနစ် ကို ချိတ်ဆက်ဖို့ လိုလားပါတယ်။ ဒါကြောင့် ဒီချိတ်ဆက်မှု အကောင် အထည်ပေါ်လာဖို့ စတင်နေပြီလို့ ဗဟိုဘဏ်သတင်းရင်းမြစ်က ပြောပါတယ်။
မြန်မာဗဟိုဘဏ်ဘက်က ဒီစဥ်းစားချက်ရဲ့ အစက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာကလုပ်ခဲ့တဲ့ ICBC ဘဏ်ရဲ့ နယ်စပ်ဖြတ်ကျော်ဘဏ်အချင်းချင်း ယွမ်ငွေ ပေးချေမှုစနစ် အဖွဲ့ဝင်တဲ့ အခမ်းအနားဖြစ်ပါတယ်။
"မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ CBM-Net System ကို ချိတ်ဆက်တဲ့အတွက် ပြည်တွင်းဘဏ်တွေအနေနဲ့ CIPS စနစ် နဲ့ ဆက်သွယ်ပြီး နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှုစနစ်မှာ Indirect Participant (ကြားခံဘဏ္ဍာရေးစနစ်) အနေနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်" လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောခဲ့ပါတယ်။
ကြားခံဘဏ္ဍာရေးစနစ်ဆိုတဲ့ သဘောက မြန်မာဘဏ်တွေအနေနဲ့ CIPS စနစ် ကိုသုံးပြီး ICBC လို တရုတ်ဘဏ်က တဆင့် တခြား တရုတ်ဘဏ်တွေကို သွယ်ဝိုက်အသုံးပြုနိုင်မှာမျိုး ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် အတွင်းမှာ မြန်မာ ဗဟိုဘဏ် အနေနဲ့ ရန်ကုန်အခြေစိုက် ICBC အပါအဝင် တရုတ်ဘဏ် တချို့ နဲ့ တွေ့ဆုံပြီး CBM-Net စနစ်နဲ့ ချိတ်ဆက်မြှင့်တင်အသုံးပြုနိုင်ရေး ဆွေးနွေးထားတယ်လို့ ဗဟိုဘဏ်သတင်းအရင်းအမြစ်က ပြောပါတယ်။
ရန်ကုန်က ICBC ဘဏ်ဟာ တရုတ်ဗဟိုဘဏ် ရဲ့ CIPS စနစ် အဖွဲ့ဝင်ဖြစ်တာကြောင့် မြန်မာပြည်တွင်း ဘဏ်တွေအနေနဲ့ တစ်ကမ္ဘာလုံးငွေစာရင်းရှင်းလင်းမှုကွန်ရက်ကို တိုက်ရိုက်အသုံးပြုခွင့်ရမယ်လို့ ဒေါ်သန်းသန်းဆွေကလည်း ပြောထားပါတယ်။
"လုပ်မယ်ဆိုရင် နိုင်ငံတော်အဆင့်လုပ်မှရမယ်။ CBM-Net နဲ့ CIPS စနစ်နှစ်ခုကို Integrate (ပေါင်းကူး) လုပ်လိုက်တဲ့ ပုံစံမျိုးပေါ့" လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာလည်း CBM-Net နဲ့ CIPS စနစ်ကို ပူးပေါင်းဖို့ စမ်းသပ်နေပြီလို့ ဗဟိုဘဏ်သတင်းအရင်းမြစ်က ပြောပါတယ်။
"Swift ကို သုံးမယ့်အစား CBM-Net ကို အခြေခံပြီး သုံးဖို့ တရုတ်ဘဏ်တွေနဲ့ ဆွေးနွေးနေကြတယ်" လို့ သူက ပြောပါတယ်။
CIPS စနစ် - အရေးယူပိတ်ဆို့မှုရဲ့ ထွက်ပေါက်လား
"Swift Code" ဆိုတာဟာ ကမ္ဘာတလွှား ငွေကြေးအဖွဲ့အစည်းတွေ အချင်းချင်း ငွေကြေးအလွှဲအပြောင်းလုပ်တဲ့ အခါ လက်ခံမယ့်ဘဏ်ရဲ့ ကုဒ်တစ်ခုဖြစ်ပါတယ်။
နိုင်ငံတစ်ခုချင်းစီမှာ အခြေခံ Swift code တစ်ခုစီရှိပါတယ်။ Swift ရဲ့ ပင်မကုမ္ပဏီဟာ အမေရိကန်မှာ အခြေစိုက်လည်ပတ်ပါတယ်။
"Transactions (ငွေကြေးအလွှဲအပြောင်း) တွေမှာ Swift Code သုံးရင် sanction (အရေးယူဒဏ်ခတ်မှု) ထိထားလား။ မထိထားဘူးလားဆိုတာ ခြေရာခံလိုက်နိုင်တယ်" လို့ အမည်မသုံးလိုတဲ့ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ ဧပြီလအထိ CIPS တိုက်ရိုက်အဖွဲ့ဝင် ၁၇၁ ခု၊ သွယ်ဝိုက်အဖွဲ့ဝင် ၁,၅၀၀ ရှိတယ်လို့ CIPS က ဖော်ပြထားပါတယ်။ အဲဒီအထဲက သွယ်ဝိုက်အဖွဲ့ဝင် ၁,၀၉၄ ခုဟာ အာရှနိုင်ငံတွေက ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ၁,၀၉၄ ခုသော သွယ်ဝိုက်အဖွဲ့ဝင်တွေထဲမှာ တစ်ခု အပါဝင်ဖြစ်ပါတယ်။
တရုတ်ဗဟိုဘဏ်ရဲ့ CIPS စနစ်ဟာ မြန်မာနိုင်ငံအတွက် ဘဏ္ဍာအရေးယူပိတ်ဆို့မှုတွေ ရဲ့ ဖြေဆေးတစ်ခုဖြစ်လာနိုင်တယ်လို့ မြန်မာက ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်းက မှတ်ချက်ပြုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကော်မရှင်ဟာ ဒေါ်လာငွေအပေါ် မှီခိုရမှုကိုလျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ကျပ်-ယွမ်၊ ကျပ်- ရူဘယ်၊ ကျပ်-ဘတ်၊ ကျပ်-ရူပီး ငွေပေးချေမှု ရပ်ဝန်းကို လည်း ဖန်တီးထားပြီးပါပြီ။
မြန်မာကျပ်ငွေကို အသိမှတ်ပြုလိုက်တဲ့ ရုရှားဗဟိုဘဏ်
ရုရှားဗဟိုဘဏ်ကတော့ မြန်မာကျပ်ငွေကို တရားဝင်ငွေလဲလှယ်တဲ့ငွေကြေးအဖြစ် သတ်မှတ်တယ်လို့ ၂၀၂၅ ဇူလိုင်လ ၈ ရက်မှာ သတ်မှတ်ခဲ့ပါတယ်။ ဇူလိုင် ၁၀ ရက်မှာတော့ တရားဝင်ငွေလဲနိုင်ပြီလို့ ရုရှားဗဟိုဘဏ်က ကြေညာပါတယ်။
ဩဂုတ်လ ပထမအပတ်ကစလို့ ရုရှားဗဟိုဘဏ်ရဲ့ အင်တာနက်စာမျက်နှာမှာ မြန်မာကျပ်ငွေကို တရားဝင်ငွေလဲလှယ်တဲ့ ငွေကြေးအဖြစ် ထုတ်ပြန်ထားပါတယ်။
ရုရှားဗဟိုဘဏ်ရဲ့ ဩဂုတ် ၉ ရက်၊ ငွေလဲလှယ်နှုန်းမှာတော့ ကျပ်ငွေ ၁,၀၀၀ ကို ရုရှား ရူဘယ်ငွေ ၃၇ ဒသမ ၉၉၀၃ ရှိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
အခုတော့ မြန်မာကျပ်ငွေကို ရုရှားဗဟိုဘဏ်ငွေလဲစျေးနှုန်းမှာ အခုသီတင်းပတ်အတွင်း ဆက်တိုက် ရည်ညွှန်းစျေး ဖွင့်လာပါပြီ။ ရုရှား-မြန်မာ နှစ်နိုင်ငံ ငွေတိုက်ရိုက်ပေးချေဖို့အတွက် ရုရှားဗဟိုဘဏ်ရဲ့ ကဒ်နဲ့ ငွေပေးချေမှုစနစ် (MIR Payment System) ကို သုံးပြီး ငွေလွှဲပို့တာတွေ လုပ်နိုင်တယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။
ဒီ MIR စနစ်ကို မြန်မာရဲ့ ငွေပေးချေမှုစနစ် Myanmar Payment Union (MPU) စနစ်ထဲကိုထည့်ပြီး သုံးမယ့်ပုံစံဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးရဲ့ ဗဟိုဘဏ်စနစ် နှစ်ခုအကြား တစ်နည်းတဖုံနဲ့ ဆက်သွယ်လိုက်တဲ့ သဘောပါ။
ရုရှား-မြန်မာ နှစ်နိုင်ငံဗဟိုဘဏ်စနစ် ပူးပေါင်းဆောင်ရွက်မှုတွေ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဗဟိုဘဏ် ကို ဘီဘီစီက ဆက်သွယ်ထားပေမယ့် ပြန်လည်ဖြေကြားလာတာတော့မရှိသေးပါဘူး။
ကျပ်-ရူဘယ်တိုက်ရိုက်ငွေချေတဲ့ စနစ်ကို ၂၀၂၂ ခုနှစ် အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ကြေညာခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်ကစလို့ နှစ်နိုင်ငံကြား အကောင်အထည်ဖော်နေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ကျပ်-ရူဘယ် ကုန်သွယ်မှုတွေကတော့ မရှိသလောက် အေးစက်နေတယ်လို့ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း MRCCI တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဘာကုန်သွယ်မှုမှ မကြားမိဘူး။ တချို့ ပဲ တွေပို့မယ်လို့ ကြားပေမယ့် စမ်းကြည့်တာမရှိဘူး။သိသာတဲ့ ကုန်ပစ္စည်း အမျိုးအမည်ကို မကြားမိဘူး။ လမ်းကြောင်းက လေယာဉ်၊ သင်္ဘော နှစ်မျိုးပဲရှိမှာ။ သင်္ဘောလမ်းကြောင်းက အကူးအပြောင်းတွေ အများကြီးသွားရမှာ။ အချိန်ကြာမှာဆိုတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ အဓိက ခရီးသွားလာမှုကဏ္ဍမှာပဲ ဖြစ်နိုင်ခြေရှိတာပေါ့။"
ဒါပေမယ့် ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံအတွင်းမှာ မဟာဗျူဟာကျတဲ့ ပင်လယ်ထွက်ပေါက်အဖြစ် ထားဝယ် အထူးစီးပွားရေးဇုန်ကို ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။
၂၀၂၅ ဇွန်လလယ်က ရုရှားနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ စီးပွားရေးဖိုရမ်မှာလည်း စစ်ကော်မရှင်လက်အောက်ခံ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး တက်ရောက်ခဲ့ပါတယ်။
အဲဒီမှာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ၁၀ ခုလက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ အလုပ်သမားပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတို့တွင်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ သဘောတူချက်တွေ ပါဝင်ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာ ရုရှားနဲ့ မြန်မာကြား စီးပွားရေးဆိုင်ရာ ကုန်သွယ်မှုက ထင်သလောက်မရှိဘဲ အေးစက်နေပါတယ်။
စစ်ကော်မရှင်ဟာ နိုင်ငံတကာပိတ်ဆို့မှုတွေမခံရသေးတဲ့ မြန်မာ့စီးပွားရေးဘဏ် (MEB) ကိုအသုံးပြုပြီး ထိုင်းနိုင်ငံဘဏ်တွေက တဆင့် တိုက်ခိုက်ရေးလေယာဉ် ဆက်စပ်ပစ္စည်းတွေနဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူမှုအတွက် ငွေပေးချေတာတွေ ပိုလုပ်နေတယ်လို့ ဇွန် ၂၆ ရက်က ထုတ်ပြန်တဲ့ ကုလအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဘက်ဘက် က ပိတ်ဆို့မှုတွေကြုံနေချိန်မှာ စစ်ကော်မရှင်ဟာ နိုင်ငံခြားငွေ ဆုံးရှုံးမှုမဖြစ်ပေါ်ရေးဆိုပြီး ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်း ဗဟိုဘဏ်ကို အပ်ရမယ့်အမိန့်ထုတ်ပြန်တာ၊ တရားမဝင်ကုန်စည်တိုက်ဖျက်မှုတွေကိုလည်း စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဦးဆောင်လုပ်နေပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားတွေမှာလည်း ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးတွေဟာ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလို သိသာတဲ့ အတက်၊ အကျတွေ မတွေ့ရတော့ပါဘူး။
နှစ်စဉ် နိုင်ငံခြားငွေ ဘီလီယံချီရှာပေးနေတဲ့ ရေနံ နဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေကိုလည်း ထိုင်း၊ စင်ကာပူ၊ တရုတ်အပြင် ပြည်တွင်းကုမ္ပဏီတွေကိုပါ စာချုပ်သက်တမ်းတိုးတာ၊ အသစ်ထပ်ချုပ်တာတွေလည်း လုပ်လာပါတယ်။
လက်ရှိ မြန်မာ စစ်ကော်မရှင်က ဘဏ္ဍာရေးဂေဟစနစ်တစ်ခုဖော်ဆောင်နေတဲ့ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက် တရုတ်နိုင်ငံက ဘဏ်တွေနဲ့ ချိတ်ဆက်မှုဖြစ်လာပါတယ်။
ဒါအပြင် ရုရှားနိုင်ငံဗဟိုဘဏ်တွေဟာ ယူကရိန်းစစ်ပွဲနဲ့ ဆက်စပ်ပြီး နိုင်ငံတကာအရေးယူပိတ်ဆို့မှုခံနေရတဲ့ ရုရှားနဲ့လည်း ဘဏ္ဍာရေးဂေဟ ချိတ်ဆက်လိုက်တာပါ။
ဒီအခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန်လာတာမရှိသေးပါဘူး။
မြန်မာစစ်ကော်မရှင်ဟာ နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေ၊ပြည်တွင်းစစ်ပွဲပဋိပက္ခတွေနဲ့ စီးပွားရေးကျဆင်းမှုတွေ ကြုံနေရပါတယ်။
ဒီလိုအချိန်မှာ သူ့ရဲ့ အနည်းအကျဥ်းသော မဟာမိတ်တွေနဲ့ ပေါင်းပြီး အမေရိကန်အပါအဝင် အနောက် အုပ်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖို့ သီးခြား ''ဘဏ္ဍာရေးဂေဟစနစ်''ထူထောင်ပြီး ထွက်ပေါက်ရှာလာတာဖြစ်ပါတယ်။