ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဆိုတာ ဘာလဲ

    • ရေးသားသူ, ဂျယ်ရမီ ဟောင်းဝဲလ်
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား

ရုရှား၊ တရုတ်၊ အီရန်နဲ့ အာရှအလယ်ပိုင်းနိုင်ငံတွေပါဝင်ဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ရဲ့ နှစ်ပတ်လည် ထိပ်သီးညီလာခံကို ကာဇက်စတန် နိုင်ငံမှာ ဒီဗုဒ္ဓဟူးနေ့ကျရင် ကျင်းပမှာဖြစ်ပါတယ်။

အင်အားကြီးအနောက်နိုင်ငံတွေကတော့ သူတို့ရဲ့ပြိုင်ဘက်နိုင်ငံတွေအများကြီးနဲ့ ဖွဲ့စည်း ထားတဲ့ ဒီအဖွဲ့အစည်းအပေါ်ကို သတိကြီးကြီးထားပြီး စောင့်ကြည့်နေကြတဲ့ အခြေအနေပါ။ ဆိုတော့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဒီအဖွဲ့က ဘယ်လောက်ထိအရေးပါတဲ့အခန်းကဏ္ဍမှာရှိနေပါသလဲ။

တရုတ်၊ ရုရှားနဲ့ တစ်ချိန်က ဆိုဗီယက်ပြည်ထောင်စုအစိတ်အပိုင်းဖြစ်ခဲ့တဲ့ အလယ်အာရှနိုင်ငံ လေးနိုင်ငံ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်တို့က ၂၀၀၁ ခုနှစ်မှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO ကို စတင်ဖွဲ့ စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့မူလဘူတကတော့ "Shanghai Five" ရှန်ဟိုင်းငါးနိုင်ငံလို့ခေါ်တဲ့ ရုရှား၊ တရုတ်နဲ့ အလယ် အာရှနိုင်ငံတွေကြား ၁၉၉၆ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့သဘောတူညီချက်ကနေ စတင်ပါတယ်။

တရုတ်နိုင်ငံက ဒေသတွင်းနိုင်ငံတွေအကြား အိမ်နီးချင်းဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့နဲ့ကုန်သွယ်ရေး၊ လုံခြုံရေးကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်တာအားကောင်းဖို့ အကြံပြုချက်ကြောင့် ရှန်ဟိုင်းငါးနိုင်ငံစာချုပ်အဖွဲ့ကနေ မဟာမိတ်အဖွဲ့အစည်းအဖြစ် ချဲ့ထွင်ခဲ့ပါတယ်။

“ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲတာကနေရလာမယ့် ဆိုးကျိုးနဲ့ ကမောက်ကမဖြစ်နိုင်တဲ့ အခြေအနေတွေအပေါ်မှာ ထည့်တွက်စဉ်းစားစရာတွေ ရှိလာခဲ့တယ်” လို့ ယူကေအခြေစိုက် မဟာဗျူဟာလေ့လာရေးဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းက နိုက်ဂျယ် ဂေါ ဒေဗီးစ်က ပြောပါတယ်။

“ဒါဟာ ဒေသတွင်းနိုင်ငံရေးတည်ငြိမ်မှု ထိန်းသိမ်းနိုင်ဖို့ ဆိုဗီယက်ခေတ်လွန် ပထမဆုံးအရွေ့ပဲ”

၂၀၁၇ ခုနှစ်မှာ ဒီအဖွဲ့အစည်းကို အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ ပါဝင်လာပြီး ၂၀၂၃ ခုနှစ်မှာ အီရန်လည်းပါဝင်လာပါတယ်။

SCO အဖွဲ့ဝင်နိုင်ငံတွေ စုစည်းကြည့်လိုက်ရင် ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းက ဒီနိုင်ငံတွေမှာ နေထိုင်ကြတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြည့်ရင်လည်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ရေနံစိမ်း ၂၀ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ကာဇက်စတန်မှာကျင်းပမယ့် ထိပ်သီးညီလာခံကိုတော့ အာဖဂန်နစ္စတန်နဲ့ မွန်ဂိုးလီးယား နိုင်ငံတို့က လေ့လာသူနိုင်ငံတွေအနေနဲ့ တက်ရောက်မှာဖြစ်သလို တူရကီနဲ့ ဆော်ဒီအာရေးဗျနိုင်ငံတို့က ဆွေးနွေးဖက်နိုင်ငံတွေအဖြစ်နဲ့ တက်ရောက်ကြမှာဖြစ်ပါတယ်။

SCO က ဘာလုပ်လဲ

SCO ဖွဲ့စည်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ “မကောင်းမှုသုံးမျိုး” လို့ခေါ်တဲ့ အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနဲ့ အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။

“ဒါဟာ တရုတ်နိုင်ငံအနောက်‌မြောက်ပိုင်းက ရှင်ကျန်းဒေသခွဲထွက်ရေးအပေါ် တရုတ်ရဲ့ စိုးရိမ်နေတဲ့အပေါ်မှာလည်းအများကြီးမူတည်နေတယ်” လို့ ယူကေအခြေစိုက် သုတေသ နအဖွဲ့တစ်ခုဖြစ်တဲ့ ချက်သမ်ဟောက် (Chatham House)ရဲ့ အန်းနက်ဘိုးက ပြောပါတယ်။

ဒေသဟာ မွတ်ဆလင်ဖြစ်တဲ့ ဝီဂါနဲ့ တာကစ်တိုင်းရင်းသားတွေ အများစုနေထိုင်ကြပါတယ်။ တရုတ်ဟာ အရှေ့ တာကီစတန် အစ္စလာမ္မစ် လှုပ်ရှားမှု(ETIM) ခွဲထွက်ရေးအဖွဲ့က စစ်သွေးကြွတွေ ရှင်ကျန်း ဒေသကို ဝင်ရောက်ပြီး နယ်စပ်ဖြတ်ကျော်တာမျိုးကို ဖိနှိပ်ဖို့နဲ့ ဝင်ရောက်ဖို့ ကြိုးစားတာကို ကာကွယ်ဖို့ အလယ်အာရှနိုင်ငံတွေနဲ့ လုပ်ဆောင်နေပါတယ်။

ရုရှားဘက်ကလည်း အလယ်အာရှမှာ ခပ်စိပ်စိပ်လှုပ်ရှားတဲ့ အစ္စလမ္မစ်နိုင်ငံအဖွဲ့ -ခိုရာဆန် (IS-K) နဲ့ ဟစ်ဇ် တု အဟာ တို့လို စစ်သွေးကြွအဖွဲ့တွေ သူ့မြေမှာ တိုက်ခိုက်မှုတွေမဖြစ်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

SCO ဟာ ဒီခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ဖို့ အကြမ်းဖက်တန်ပြန်စစ်ဆင်ရေးတွေကိုညှိနှိုင်းဆောင်ရွက်တာနဲ့ ထောက်လှမ်းရေးသတင်းမျှဝေတာတွေ လုပ်ပြီး ''ဒေသတွင်း အကြမ်းဖက်မှုဆန့် ကျင်ရေးအဖွဲ့အစည်း'' တစ်ခုကိုလည်း ဖွဲ့စည်းထားပါတယ်။

ဒါပေမဲ့ လန်ဒန်မြို့၊ ကင်းစ်ကောလိပ်မှာရှိတဲ့ စစ်မက်ရေးရာလေ့လာရေးဌာနက တာနာရှာ ခူဟာ့ကတော့ ''အကြမ်းဖက်မှုတန်ပြန်ရေးလုပ်ဆောင်ချက်အများစုကို နှစ်နိုင်ငံကြား လုပ်ဆောင်တာမျိုးပဲ ရှိတယ်'' လို့ ပြောပါတယ်။

တရုတ်ကလည်း SCO ကို အလယ်အာရှနဲ့ သူ့ရဲ့ ကုန်သွယ်ရေးခရီး ချဲ့ထွင်ရာမှာ အသုံးဝင်တဲ့ယာဥ်တစ်စီးလို ရှုမြင်ထားတယ်လို့လည်း ဒေါက်တာ ခူဟာ့က ပြောပါတယ်။

တရုတ်ဟာ ကာဇတ်စတန်လို နိုင်ငံတွေကနေ သဘာဝဓာတ်ငွေ့နဲ့ ရေနံ ရရှိ ထောက်ပံ့နိုင်မှု ခိုင်မာအောင် လုပ်ထားနိုင်ပါတယ်။ အလယ်အာရှဟာ ပိုးလမ်းမသစ်စီမံကိန်းလို့ သိကြတဲ့ အနောက်နဲ့ ဆက်ထားတဲ့ ကုန်သွယ်လမ်းကြောင်းတွေအတွက် အရေးပါတဲ့အချိတ်အဆက်လည်းဖြစ်ပါတယ်။

''တရုတ်ဟာ သူ့ရဲ့ ပြည်ပပို့ကုန်တွေအတွက် ရုရှားရထားလမ်းတွေကို မီခိုနေရတယ်။ အခုတော့ သူက အလယ်အာရှကို ဖြတ်ပြီး အီရန်နိုင်ငံအထိဆက်ထားတဲ့ ရထားကွန်ရက်အသစ်ကို တည်ဆောက်ချင်နေတာပေါ့'' လို့ ဒေါက်တာ ခူဟာ့က ပြောပါတယ်။

SCO ဟာလည်း အပြကောင်းတဲ့ အဖွဲ့ဖြစ်လာတယ်လို့ သူက ပြောပါတယ်။

''တရုတ်ဟာ အနောက်ကမ္ဘာဦးဆောင်တဲ့နိုင်ငံရေးဦးဆောင်ဦးရွက်ပြုမှုကို သူ့အခေါ် ''ယဥ်ကျေးပွင့်လင်း နိုင်ငံအချင်းချင်းကြား ဆွေးနွေးမှု'' လို့ခေါ်တဲ့ ဦးဆောင်ဦးရွက်ပြုမှုပုံစံအသစ်နဲ့ ပြောင်းလဲချင်တာပေါ့'' လို့ သူက ပြောပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေရဲ့အရွယ်အစားနဲ့ သြဇာလွှမ်းမိုးနိုင်မှုအပိုင်း တွေးချင့်စရာတွေရှိနေပေမဲ့ SCO ဟာ အမှန်တကယ်တော့ ထိထိရောက်ရောက်လုပ်နိုင်စွမ်းမရှိတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး သိသာကြီးမားတဲ့ တိုးတက်မှုတွေ မလုပ်ထားနိုင်ဘူးလို့ ဒေါက်တာ ဂေါ ဒေဗီးစ်က ပြောပါတယ်။

''အနောက်နိုင်ငံတွေမပါတဲ့ နိုင်ငံကြီးတွေစုထားတဲ့အဖွဲ့အဖြစ် ယူဆလို့ရပါတယ်။ ဒါပေမဲ့ စုစည်းမှုအပိုင်းမှာတော့ အဲဒီလောက်မကြီးမားဘူး'' လို့ သူက ပြောပါတယ်။ ''ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အဖွဲ့ဝင်တွေအချင်းချင်းကြား ယုံကြည်မှု ပြည့်ပြည့်ဝဝမရှိကြဘူး၊ စွမ်းဆောင်နိုင်မှုအပိုင်းမှာ မမျှဝေကြဘူး၊ ဒီတော့ ကြီးမားအောင်မြင်မှုတွေ မရှိဘူး''

အနောက်အင်အားကြီးနိုင်ငံတွေဟာ ကမ္ဘာ့နိုင်ငံရေးမှာ SCO က အင်အားတစ်ရပ်ဖြစ်လာမှာကို စိုးရိမ်ချက် မရှိကြဘူးလို့ ဒေါက်တာ ဂေါ ဒေဗီးစ်က ပြောပါတယ်။ ဒါပေမဲ့ ''သူတို့ စိုးရိမ်တာက ရုရှားနဲ့ တရုတ်ကြား၊ ရုရှားနဲ့ အီရန်ကြား အဖွဲ့ဝင်နိုင်ငံတွေကြား ဆက်ဆံရေး ကောင်းမွန်လာမှာကိုပါပဲ'' လို့ သူကပြောပါတယ်။

SCO ကနေတဆင့် ဘယ်လို ကျယ်ပြန့်တဲ့သက်ရောက်မှုရှိလဲ

အိန္ဒိယ၊ ပါကစ္စတန်နဲ့ အီရန်နိုင်ငံတို့အားလုံးဟာ SCO မှာ ပါဝင်တဲ့နိုင်ငံတွေဖြစ်ပါတယ်။ တစ်ဖက်မှာ အိန္ဒိယနဲ့ ပါကစ္စတန်၊ နောက်တစ်ဖက်မှာ အိန္ဒိယနဲ့ တရုတ်ကြာ ကာလရှည်ကြာ နယ်စပ် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုတွေရှိနေတာကပဲ အဖွဲ့တွင်း စည်းလုံးမှုအပေါ် ခြိမ်းခြောက်မှုရှိနေတာဖြစ်ပါတယ်။

''ဒီ အာဃာတတွေက ထိပ်သီးဆွေးနွေးပွဲတွေမှာ အဓိက အနေရခက်ကြတဲ့အကြောင်းရင်းတွေဖြစ်လာတယ်'' လို့ ဒေါက်တာ ဘိုဟာကပြောပါတယ်။

''ဒါတွေက SCO ရဲ့ မူလဘူတရည်ရွယ်ချက်တွေကို လျော့ပါးစေပြီး အလယ်အာရှနိုင်ငံတွေအတွက် ဒီအရေးမှာ သူတို့ရဲ့ပြောရေးဆိုခွင့်အသံတွေ ကင်းမဲ့ရတယ်ဆိုတဲ့ မချင့်မရဲ ခံစားချက်ပေါ်လာစေတယ်''

''SCO ဟာ အဖွဲ့ဝင်နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းဖြစ်လာအောင် လုပ်တာထက် အဖွဲ့ဝင်အရေအတွက် ကြီးမားလာအောင်လုပ်ပြီး အဖွဲ့ရဲ့အရေးပါမှုကို ပြသဖို့ ကြိုးစားနေတယ်'' လို့ ဒေါက်တာ နိုက်ဂျယ် ဂေါ ဒေဗီးစ်က ပြောပါတယ်။

SCO မှာ စွမ်းအင်ပိုင်း ရင်းနှီးမြှုပ်နှံမှုရှာတဲ့ မြန်မာစစ်ကောင်စီ

မြန်မာဟာ စစ်ကောင်စီလက်ထက်မှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ ဆွေးနွေးဖက်နိုင်ငံဖြစ်လာပါတယ်။

SCO မှာ ဆွေးနွေးဖက်နိုင်ငံအဖြစ်ပါဝင်ဖို့ ၂၀၂၂ ခုနှစ်မှာ အတည်ပြုခံခဲ့ရပြီး ခွင့်ပြုကြောင်း စာချွန်လွှာကိုတော့ ၂၀၂၃ ခုနှစ်၊ မေလမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီစာချွန်လွှာကို အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့မှာ ကျင်းပတဲ့ SCO နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးရဲ့ဆက်စပ်အစည်းအ‌ဝေးမှာ မြန်မာဘက်က စစ်ကောင်စီရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမိုးကျော်အောင်နဲ့ SCO အတွင်းရေးမှူးချုပ်တို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၄ လအကြာမှာတော့ မြန်မာစစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးကိုကိုလွင်ဟာ ကာဇက်စတန်မှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ ပထမဆုံး စွမ်းအင်ဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။

မြန်မာအနေနဲ့ စွမ်းအင်ထုတ်ယူမှုမှာ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှု‌ လိုအပ်ချက်တွေရှိနေတဲ့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းတွေ ရှာဖွေနေတယ်သလို စွမ်းအင်ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုတဲ့အကြောင်း သူကပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းဟာ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ SCO တိုင်းရင်းဆေးညီလာခံကို တက်ရောက်ထားပါတယ်။

SCO ထိပ်သီးဆွေးနွေးပွဲ ဘယ်မှာကျင်းပမှာလဲ၊ ဘာတွေဆွေးနွေးနိုင်လဲ

၂ ကြာမယ့် ထိပ်သီးဆွေးနွေးပွဲကို ကာဇက်စတန်မြို့တော် အက်စ်တာနာမှာ ကျင်းပမှာဖြစ်ပါတယ်။ ရုရှား သမ္မတ ဗလာဒီမီယာပူတင်ဟာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ အဲဒီမှာ တွေ့ဆုံဆွေးနွေးနိုင်ခြေရှိပါတယ်။

ထိပ်သီးဆွေးနွေးပွဲမှာတော့ ဘယ်လာရုစ်နိုင်ငံဟာ SCO အဖွဲ့ဝင်နိုင်ငံအဖြစ် တက်ရောက်နိုင်ခြေရှိပါတယ်။

ဒါဟာ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်မှာ ဘယ်လာရုစ်နိုင်ငံက ကူညီနေတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ရုရှားဘက်က တိုက်တွန်းခဲ့တာကြောင့်လည်းဖြစ်နိုင်တယ်လို့ ဒေါက်တာ ခူဟာ့က ပြောသလို တရုတ်ကလည်း ဘယ်လာရုစ်နဲ့ စီးပွာရေးဆက်ဆံမှု ခိုင်မာချင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူက ယူဆပါတယ်။

ဒါပေမဲ့ ဆွေးနွေးမှုတွေကတော့ ရုရှားမှာ မကြာသေးခင်တုန်းက ဖြစ်သွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှု အကြောင်း အဓိက လွှမ်းမိုးနိုင်ခြေရှိနေပါတယ်။

၂၀၂၄ ခုနှစ် မတ်လတုန်းက သေနတ်သမားတွေဟာ မော်စကိုမြို့က ခရိုကပ်စ်မြို့တော်ခန်းမ ဂီဇာတ်ရုံ ကို တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၄၅ ဦးသေဆုံးပြီး နောက်ထပ် အယောက် ၅၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အိုင်းအက်စ်- ကေ အဖွဲ့ကတော့ သူတို့လက်ချက်လို့ပြောပါတယ်။ ရုရှားအာဏာပိုင်တွေကတော့ ဒီတိုက်ခိုက်မှု သံသယတရားခံတွေဟာ တာဂျစ်ကစ္စတန်နိုင်ငံကနေ လာတာလို့ပြောပါတယ်။

''ရုရှားဟာ ယူကရိန်းစစ်ပွဲအပေါ်မှာပဲ အာရုံစိုက်နေရတော့ အကြမ်းဖက်မှုနဲ့ ပတ်သက်လာတဲ့အခါ လောလောဆယ် အာရုံစိုက်တာမျိုးရှိမနေနိုင်ခဲ့ဘူး''လို့ ဒေါက်တာ ဂေါ ဒေဗီးစ်က ပြောပါတယ်။

''အခုတော့ ရုရှားဟာ ဒီအကြမ်းဖက်သမားတွေ တာဂျစ်ကစ္စတန်ကနေ ဝင်လာပြီး ရုရှား နှလုံးသားလို့ဆိုနိုင်တဲ့ မော်စကိုမြို့ ထိအောင် ဘယ်လို ဝင်လာနိုင်လဲဆိုတာ ပြန်သုံးသပ်ရတော့မှာပေါ့လေ''