ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားက ဘယ်လာရုစ်ကို ဘယ်လို အသုံးချပြီး စစ်တိုက်သလဲ
ရုရှားကို ပုန်ကန်ခဲ့တဲ့ ဗာဂနာကြေးစားတပ် ခေါင်းဆောင် ယက်ဂေနီ ပရီဂေါ့ဂျင်ဟာ ပုန်ကန်မှုကို စွန့်လွှတ်ပြီးတဲ့နောက် ဘယ်လာရုစ်ထဲကို ပြောင်းနေဖို့ သဘောတူခဲ့တယ်လို့ ရုရှားဘက်က ပြောပါတယ်။
ဘယ်လာရုစ်နိုင်ငံဟာ သူ့နိုင်ငံနယ်စပ်ကို ဖြတ်ပြီး ယူကရိန်းထဲကို ရုရှားတပ်တွေ ဝင်ရောက်ဖို့ ခွင့်ပြုခဲ့သလို ရုရှားရဲ့ နျူကလီယားလက်နက်တွေ သူ့ပိုင်နက်ထဲထားဖို့လည်း ခွင့်ပြုထားခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
ဘယ်လာရုစ် ဘယ်နားမှာလဲ၊ ဘယ်လိုနိုင်ငံလဲ
ဘယ်လာရုစ်ဟာ အရှေ့ဥရောပက ကုန်းတွင်းပိတ် နိုင်ငံဖြစ်ပြီး ရုရှားနဲ့ရော ယူကရိန်းနဲ့ရော နယ်နိမိတ်တွေ ထိစပ်နေပါတယ်။
ဘယ်လာရုစ်ဟာ ၁၉၉၁ ခုနှစ်အထိ အရင် ဆိုဗီယက် ပြည်ထောင်စုထဲက နိုင်ငံတစ်နိုင်ငံပါ။
အဲဒီနိုင်ငံ လူဦးရေက ကိုးသန်းရှိပြီး ဥရောပမှာ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံပါ။
သူ့နိုင်ငံ စီးပွားရေးလုပ်ငန်း အတော်များများကလည်း အခုချိန်ထိ နိုင်ငံပိုင်လုပ်ငန်းတွေအနေနဲ့ လုပ်နေရတုန်း ဖြစ်ပါတယ်။
ဒီနိုင်ငံကို ဥရောပရဲ့ “နောက်ဆုံးအာဏာရှင်နိုင်ငံ”လို့ ခေါ်ခဲ့ကြပါတယ်။
ဘယ်လာရုစ်အစိုးရဟာ နိုင်ငံသားလွတ်လပ်ခွင့်ကို ဖိနှိပ်တာတွေနဲ့ မီဒီယာတွေကို တင်းကျပ်တာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။
နိုင်ငံခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုဟာလည်း နိုင်ငံကို ၁၉၉၄ ခုနှစ် ကတည်းက အုပ်ချုပ်နေတာပါ။
ဒါပေမဲ့ ရွေးကောက်ပွဲတွေမှာ ညစ်ပတ်အနိုင်ယူထားတယ်ဆိုပြီး ယူကေ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က မစ္စတာ လူကာရှန်ကိုကို သမ္မတအဖြစ် အသိအမှတ် မပြုကြတော့ပါဘူး။
နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲကြောင့် ဆန္ဒပြမှုတွေလည်း လတွေချီပြီး ဖြစ်ခဲ့ပါသေးတယ်။ ဒါတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက ရက်ရက်စက်စက် ဖြိုခွဲခဲ့တာပါ။
အဲဒီမှာ ရုရှားအစိုးရက မစ္စတာ လူကာရှန်ကိုကို ထောက်ခံပြီး လုံခြုံရေးတပ်ဖွဲ့တွေကို အကူအညီပေးဖို့နဲ့ အရေးပေါ်ချေးငွေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ ထုတ်ချေးပေးဖို့ ကမ်းလှမ်းတာတွေ လုပ်ခဲ့ပါတယ်။
"လူကာရှန်ကိုက အနောက်နဲ့ သူ့နဲ့ ဆက်ဆံရေးကို ဖျက်ဆီးပစ်ခဲ့တယ်။ သူ့နိုင်ငံက လူတွေကို အထီးကျန်သွားစေခဲ့တယ်" လို့ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ ယူကေ သံအမတ်ကြီးဟောင်း ဒေါက်တာ နိုင်ဂျယ်လ် ဂုလ်ဒ် ဒေးဗီးစ်က ပြောပါတယ်။ သူက အခု နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး သုတေသနအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးပါ။
"အဲဒီလုပ်တာဟာ သူ့ကို ရုရှားကို ပိုပြီးတော့တောင် အားထားမှီခိုနေရစေဖို့ ဖြစ်လာပါတယ်။"
ဗာဂနာအရေးမှာ ရုရှားကို ဘယ်လာရုစ်က ဘယ်လို ကူညီခဲ့လဲ
မစ္စတာ လူကာရှန်ကိုဟာ မစ္စတာ ပရီဂေ့ါဂျင်နဲ့ ရုရှား သမ္မတ ပူတင်တို့ကြား ဝင်ညှိပေးခဲ့သူဆိုပြီး အသိအမှတ် ပြုခံခဲ့ရပါတယ်။
ရုရှားဘက်က အဆိုအရတော့ မစ္စတာ ပရီဂေါ့ဂျင်က သူ့လုပ်ရပ်ကို နောက်ဆုတ်သွားတယ်၊ မော်စကိုကို သူ့တပ်တွေ ချီတက်ခဲ့တာကိုလည်း စွန့်လွှတ်လိုက်တယ်၊ ပြီးတော့ မစ္စတာ လူကာရှန်ကိုနဲ့ တိုက်ရိုက်ဆွေးနွေးပြီးတဲ့နောက် သူလည်း ဘယ်လာရုစ်ထဲ ထွက်သွားဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဘယ်လာရုစ်က ရှောင်တိမ်းနေတဲ့ အတိုက်အခံခေါင်းဆောင် ဆဗက်လာနား တစ်ကာနော့စကီးယားကတော့ မစ္စတာ ပရီဂေ့ါဂျင်ကို ဘယ်လာရုစ်ထဲမှာ လာနေဖို့ ခွင့်ပြုလိုက်တာက "နိုင်ငံထဲမှာ ပိုပြီး မတည်မငြိမ် ဖြစ်စေမယ့်အရာကို ထပ်ထည့်လိုက်တာ" လို့ ပြောပါတယ်။
ဘယ်လာရုစ်မှာ "လူဆိုးတွေနဲ့ သူခိုး၊ဓားပြတွေ ထပ်မလိုတော့ဘူး"လို့ ပြောပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်ဖို့ ဘယ်လာရုစ်ကို ဘယ်လို အသုံးချခဲ့သလဲ
ရုရှားတပ်တွေ နိုင်ငံထဲမှာ တပ်စွဲထားဖို့ ခွင့်ပြုတဲ့ လုံခြုံရေး သဘောတူညီချက်တစ်ရပ်ကို ဘယ်လာရုစ်က ၂၀၂၁ ခုနှစ်မှာ လက်မှတ်ထိုးခဲ့ပါတယ်။
"ပူတင်က ဖိအားတော်တော်လေးပေးခဲ့တာ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ အရင်က ရုရှားတပ်တွေ ထားဖို့ကို လူကာရှန်ကိုက တောက်လျှောက်ငြင်းနေခဲ့တာ"လို့ Royal United Services Institute သုတေသနအဖွဲ့က အမ်မလီ ဖားရစ်က ပြောပါတယ်။
၂၀၂၂ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ တုန်းက ဘယ်လာရုစ်ထဲမှာ ရုရှားတပ်တွေနဲ့ ဘယ်လာရုစ်တပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။ နောက်တော့ ရုရှားတပ်အင်အား သုံးသောင်းအထိ ဘယ်လာရုစ်ထဲကနေ ယူကရိန်းထဲကို ကျူးကျော်ခဲ့ကြပါတယ်။
အဲဒါက ယူကရိန်းမြို့တော် ကိယက်ဗ်ကို ရောက်ဖို့ အတိုဆုံး လမ်းကြောင်းပါ။
ကျူးကျော်မှု စပြီး မကြာခင်မှာပဲ ကြားနေနိုင်ငံနဲ့ နျူကလီးယားကင်းစင်နိုင်ငံဆိုတဲ့ အခြေအနေကို ဘယ်လာရုစ်က စွန့်လွှတ်လိုက်ပါတော့တယ်။
နောက်တော့ ရုရှားတပ်တွေကို ဘယ်လာရုစ် လေတပ်စခန်းတွေ သုံးခွင့်ပေးပါတယ်။ သူ့ပိုင်နက်ထဲကနေ ဒုံးကျည်တွေ ပစ်ခွင့်ပေးပါတယ်။ သူ့ရထားလမ်းတွေ၊ ကားလမ်းတွေ ကွန်ရက်တွေကိုလည်း သုံးခွင့်ပေးခဲ့ပါတယ်။
ဒါတွေကို တုံ့ပြန်ဖို့ ယူကေ၊ ဥရောပသမဂ္ဂနဲ့ ကနေဒါတို့က ဘယ်လာရုစ်ကို ပိတ်ဆို့ကန့်သတ်မှုတွေ ချလိုက်ပါတယ်။ ရုရှားကိုလည်း အတူတူ အဲဒီလို ပိတ်ဆို့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးတော့ မစ္စတာ လူကာရှန်ကိုက ဘယ်လာရုစ်တပ်တွေ ယူကရိန်းမှာ သွားမတိုက်ရအောင်တော့ ထိန်းထားနိုင်ခဲ့တယ်လို့ International Crisis Group က အိုလက် အစ်ဂနာတော့ဗ်က ပြောပါတယ်။
"စစ်ထဲ ဝင်မပါရအောင် ရှောင်နေဖို့ သူတတ်နိုင်သမျှ လုပ်ခဲ့တယ်"လို့ အိုလက် အစ်ဂနာတော့ဗ်က ပြောပါတယ်။
"ဒါက လူကာရှန်ကို နိုင်ငံကို အုပ်ချုပ်နိုင်ဖို့အတွက် နောက်ဆုံးလုပ်နိုင်သမျှ ဖြစ်ပါလိမ့်မယ်။"
ရုရှားရဲ့ ဘယ်နျူကလီးယားလက်နက်တွေ ဘယ်လာရုစ်မှာ ရှိနေလဲ
ရုရှားရဲ့ နျူကလီးယား ဒုံးကျည်အသေးစားတွေ ဘယ်လာရုစ်ထဲမှာ ထားကောင်းထားမယ်လို့ မတ်လတုန်းက ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ရုရှားကို တိုက်ဖို့ ကြံစည်နေသူတွေကို သတိပေးဖို့ ထားတာလို့ ဆိုပါတယ်။
နျူကလီးယားထိပ်ဖူးတပ် အစ္စကန်ဒဲ ဒုံးကျည်တချို့ ကို ပို့ထားပြီးပြီလို့လည်း သူက ပြောပါတယ်။
အသေးစားနျူကလီးယားထိပ်ဖူးတပ်ထားတဲ့လက်နက်တွေဟာ တိုက်ပွဲမှာ ပစ်မှတ်ကို သေချာဦးတည်ချိန်ရွယ်ပြီး ပစ်ဖို့ သုံးတဲ့ လက်နက်တွေ ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ်မှာ ဘယ်လာရုစ်ထဲက နျူကလီးယားလက်နက်တွေ ဖယ်ရှားပစ်ဖို့ သဘောတူခဲ့ချိန်ကတည်းက စပြီး အဲဒီနိုင်ငံထဲမှာ နျူကလီးယားလက်နက် မရှိခဲ့ပါဘူး။
မစ္စတာ လူကာရှန်ကိုက ရုရှားအစိုးရ ရုပ်သံကို ပြောရာမှာ သူက ရုရှားကို နျူကလီးယားလက်နက်တွေ ဘယ်လာရုစ်ထဲမှာ ချထားဖို့ ခွင့်ပြုရုံသာမက "သူတို့ကိုယ်က ပြန်လာထားဖို့ ပြောခဲ့တာ" လို့ ပြောပါတယ်။
"ပူတင့်အနေနဲ့ အဲဒီလက်နက်တွေ ယူကရိန်းကို တိုက်ဖို့ ဘယ်လာရုစ်ထဲမှာ သွားထားဖို့ မလိုပါဘူး။ ဒါပေမဲ့ ဒါက အနောက်နိုင်ငံတွေက ပစ်မှတ်တွေကို တိုက်ဖို့ နေရာတွေ ပိုရွေးနိုင်အောင် ပူတင်က လုပ်ချင်တာ ဖြစ်မယ်"လို့ ဒေါက်တာ ဂုလ်ဒ်ဒေးဗီးစ်က ပြောပါတယ်။