ယူကရိန်းတင်းမာမှု - ရုရှားက ဘယ်လာရုစ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်

ယူကရိန်းကို ရုရှားက ကျူးကျော်တော့မလားဆိုပြီး ထိတ်လန့်မှုတွေဆက်ဖြစ်နေတဲ့ ကာလမှာပဲ ရုရှားနဲ့ ဘယ်လာရုစ်တို့ ၁၀ ရက်ကြာမယ့် ပူးတွဲစစ်ရေးလေ့ကျင်မှုကို စလိုက်ကြပါတယ်။

ဘယ်လာရုစ်ဟာ ရုရှားရဲ့နီးနီးကပ်ကပ်မဟာမိတ်ဖြစ်ပြီး ယူကရိန်းနဲ့ ကီလိုမီတာ ၁၀၀၀ ကျော် နယ်စပ် ချင်းဆက်နေတဲ့ နိုင်ငံပါ။

စစ်အေးတိုက်ပွဲပြီးကတည်းက ဘယ်လာရုစ်မှာ ရုရှားရဲ့စစ်တပ်အင်အား အများဆုံးချလိုက်တာ လို့ယုံကြည်ရတဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို ပြင်သစ်က "အရှိန်တိုးလာတဲ့" လှုပ်ရှားမှုလို့ ခေါ်လိုက်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်လို့ ယူကရိန်းကတော့ "စိတ်ဖိစီးအောင် ဖိအားပေးလာတာ" လို့ဆိုပါတယ်။

ယူကရိန်းနယ်စပ်မှာ အင်နဲ့အားနဲ့ ရုရှားတပ်ဖွဲ့ဝင် ၁၀၀,၀၀၀ ကျော်ကို နေရာချထားပေမယ့် ရုရှားက သူတို့ ယူကရိန်းကို ကျူးကျော်ဖို့ ဘာအစီအစဉ်မှမရှိပါဘူးလို့ ထပ်ခါထပ်ခါ ငြင်းဆို ထားပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေကတော့ ကျူးကျော်တိုက်ခိုက်မှုက အချိန် မရွေး ဖြစ်လာနိုင်တယ်လို့ သတိပေးနေပါတယ်။

ဆိုဗီယက်ခေတ်တုန်းက လူမှုရေးအရ၊ ယဉ်ကျေးမှုအရ ရုရှားနဲ့ နီးနီးကပ်ကပ်စည်းနှောင်မှု ရှိခဲ့တဲ့ ယူကရိန်း တချိန်ကျရင် အနောက်ကမ္ဘာက ကာကွယ်ရေး မဟာမိတ်အဖွဲ့ နေတိုးနဲ့ လက်တွဲသွားမှာကို မော်စကိုက မလိုလားပါဘူး။ နေတိုးနဲ့ မပေါင်းနဲ့လို့လည်း သူတို့က ယူကရိန်းကို ပြတ်ပြတ်ပြောထားပါတယ်။ ၂၀၁၄ က စခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်းက လက်နက်ကိုင်အုံကြွမှုကိုလည်း သူတို့က ထောက်ခံပံ့ပိုးပေးထားပါတယ်။

ဖြစ်နေတဲ့ တင်းမာမှုတွေကို လျှော့ချနိုင်ရေးအတွက် ဥရောပတလွှားမှာ သံခင်းတမန်ခင်းတွေ ကြာသပတေးနေ့မှာလုပ်ကြဖို့ ရှိပါတယ်။

ဘယ်လာရုစ်က ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ရုရှားတပ်ဖွဲ့ဝင် ၃၀,၀၀၀ လောက်ပါဝင်လိမ့်မယ် လို့ မှန်းဆကြပါတယ်။

ဘယ်လာရုစ်ခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ ခိုင်ခိုင်မာမာ မဟာမိတ်ပါ။ ဘယ်လာရုစ်မှာ ၂၀၂၀ ရွေးကောက်ပွဲက ဆန္ဒပြပွဲတွေ ရေရှည်ဖြစ်ခဲ့တဲ့အထိ အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီး အဲဒီမှာ ကရင်မလင်က မစ္စတာ လူကာရှန်ကို ဘက်က နောက်ခံရပ်ပေးခဲ့ပါတယ်။

ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို အသေအချာအလေးထားလုပ်တာဖြစ်ပြီး ရုရှားနဲ့ ဘယ်လာရုစ် တို့ဟာ "မမျှော်မှန်းပေမယ့် ရောက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တာ" လို့ ကရင်မလင်က ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ဒါပေမဲ့ ရုရှားရဲ့ ဥရောပသမဂ္ဂဆိုင်ရာ သံအမတ် ဗလာဒီမီယာ ချီဇော့ဗ်က ယူကရိန်း အကျပ်အတည်း အခြေအနေတွေကို သံခင်းတမန်ခင်းတွေက ကူညီနိုင်ဦးမှာပါလို့ သူ့နိုင်ငံက ယုံကြည်ထားတဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။ အခုဘယ်လာရုစ်က စစ်ရေး လေ့ကျင့်မှုပြီးရင် ရုရှားတပ်တွေက သူတို့ မူရင်းအထိုင် တပ်စခန်းတွေဆီကို ပြန်ကြမှာပါလို့ လည်း သူက ပြောပါတယ်။

တင်းမာမှုတွေကို လျှော့ချဖို့ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေ ကြာသပတေးနေ့မှာ ဖြစ်လာလိမ့်မယ်လို့ မှန်းဆနေကြပြီး ပြင်သစ်၊ ဂျာမနီက ကိုယ်စားလှယ်တွေနဲ့ အတူ ရုရှားနဲ့ ယူကရိန်းက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးကြမှာပါ။

လောလောဆယ်ဖြစ်နေတဲ့ တင်းမာမှုကို လျော့ချရေးအတွက် ယူကရိန်းအရှေ့ပိုင်းမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခကို အဆုံးသတ်နိုင်ခဲ့တဲ့ မင့်စ် (Minsk) သဘောတူညီချက်ကို အခြေ တည်ပြီး ဆွေးနွေးကြလိမ့်မယ်လို့လည်း တချို့က ထင်ကြေးပေးနေပါတယ်။ ၂၀၁၄-၂၀၁၅ တုန်းက အဲဒီ သဘောတူညီချက်ကို ယူကရိန်း၊ ရုရှား၊ ပြင်သစ်နဲ့ ဂျာမနီတို့က ထောက်ခံခဲ့ပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် ဖီလစ်ပီ အီတင်းက "အလုပ်ဖြစ်တဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ရနိုင်အောင်" မင့်စ် သဘောတူညီချက်တွေကို သုံးသင့်တယ်လို့ တွစ်တာ က တဆင့် ထုတ်ပြောထားပါတယ်။

နေတိုးမဟာမိတ်တွေကို အားပေးတဲ့အနေနဲ့ ကြာသပတေးနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ဘရပ်ဆဲလ်နဲ့ ဝါဆောကို သွားဖို့စီစဉ်ထားပါတယ်။

ဒီကြာသပတေးနေ့မှာပဲ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး လဇ် တရပ်စ်နဲ့ ကာကွယ်ရေးဝန်ကြီး ဘန် ဝေါလေ့စ်တို့က ရုရှားက သူတို့နဲ့ ရာထူးတာဝန်တူသူတွေနဲ့ မော်စကိုမှာ တွေ့ဆုံဖို့ ရှိတဲ့ အတွက် ယူကရိန်းအကျပ်အတည်းနဲ့ ပတ်သက်လို့ ဗြိတိန်ရဲ့ သံရေးတမန်ရေးတွေ တိုးပြီး လုပ်နေတယ်လို့ ဆိုရင်မမှားနိုင်ပါဘူး။

၄ နှစ် အတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တယောက်ရဲ့ ပထမဆုံး ရုရှားခရီးစဉ်မစခင် မစ္စ တရပ်စ်က သူ့အနေနဲ့ ယူကရိန်းရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် ရပ်တည်ထောက်ခံပေးဖို့ ပိုင်းဖြတ်ထားတယ်လို့ ဆိုကာ မော်စကိုကို သံတမန်ကြောင်းအရ ဆက်ဖြေရှင်းကြဖို့ တိုက်တွန်း သွားမယ်လို့ ပြောသွားပါတယ်။

မော်စကိုကတော့ "အင်ဂလို ဆက်ဆွန် နိုင်ငံတွေ" ဟာ ယူကရိန်းမှာ တင်းမာမှုတွေ တိုးလာအောင် လုပ်နေကြတာလို့ ထပ်ခါထပ်ခါ အပြစ်ပုံနေပါတယ်။

ယူကရိန်းမှာ ရုရှားအလိုကျ ရုပ်သေးအစိုးရ လုပ်ပေးမယ့် အစိုးရမျိုးတင်နိုင်အောင် ကရင်မလင်က ကြိုးစားနေတယ်ဆိုတဲ့ ဗြိတိန်က အပြောကို ရူးရူးနှမ်းနှမ်း လျှောက်ပြောနေတာလို့ ရုရှားက ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ဘာလင်မှာ ဂျာမနီ ဝန်ကြီးချုပ် အိုလော့ဖ် ရှုဇ်က ရုရှားနယ်စပ်နဲ့ ကပ်လျှက်ရှိပြီး နေတိုးအဖွဲ့ဝင် ဘောလ်တစ်နိုင်ငံငယ်တွေ ဖြစ်တဲ့ အက်စတိုးနီးယား၊ လက်ဗီးယား၊ လစ်သူအေးနီးယားက ခေါင်းဆောင်တွေနဲ့ ကြာသပတေးနေ့မှာ တွေ့ဖို့ရှိ ပါတယ်။

သူက ဒိန်းမတ် ဝန်ကြီးချုပ် မက်တ် ဖရက်ဒရစ်ခ်ဆင် နဲ့ ပူးတွဲလုပ်တဲ့ ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ "ဥရောပရဲ့လုံခြုံရေးကို အသေအချာအာမခံချက် ရှိအောင် ကျွန်တော်တို့ လုပ်ရမယ့် တာဝန်ရှိပါတယ်၊ ဒီတာဝန်ကို အောင်မြင်အောင် လုပ်နိုင်မယ်လို့ လည်း ကျွန်တော်ယုံကြည်တယ်" လို့ ပြောသွားပါတယ်။