"စစ်သားတွေရဲ့အိပ်စက်နည်း" က ၂ မိနစ်အတွင်း အမှန်တကယ်အိပ်ပျော်စေသလား

    • ရေးသားသူ, ကိတ်တီ ဘိုဝီ
    • ရာထူးတာဝန်, ကမ္ဘာ့ကျန်းမာရေး၊ ဘီဘီစီ ကမ္ဘာတလွှား
  • ဖတ်ရန်အချိန်: မိနစ် ၁၀

လူတိုင်းက အချိန်တိုအတွင်း အိပ်ပျော်ချင်ကြပါတယ်။ ကမ္ဘာပေါ်က လူသန်းနဲ့ချီဟာ အိပ်မပျော်တဲ့ဝေဒနာ ခံစားနေကြရသလို တချို့လည်း ခေါင်းချပြီးတော့ အိပ်မပျော်တဲ့ ပြဿနာတွေ ကြုံနေကြရတာပါ။

ခန့်မှန်းတွက်ချက်မှုတွေ အမျိုးမျိုးရှိပေမယ့် တချို့လေ့လာမှုတွေအရ လူ ၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်က အိပ်မပျော်တဲ့ဝေဒနာ ခံစားနေကြတယ်လို့ ဆိုပါတယ်။

အိပ်ယာထက် ညပေါင်းများစွာ ဟိုလှည့်၊ ဒီလှည့်နဲ့ အချိန်ကုန်နေသူတွေအဖို့ အိပ်ပျော်စေမယ့်နည်းလမ်းတွေကို ရှာဖွေတတ်ကြပါတယ်။

အဲဒီအထဲ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေပန်းစားနေတဲ့နှစ်မိနစ်အတွင်း အိပ်ပျော်စေရမယ်ဆိုတဲ့ "စစ်သားတွေ အိပ်စက်နည်း" လည်း တစ်ခုအပါအဝင်ပါ။

ဒီနည်းနာဟာ တစ်တော့ (Tiktok) လူမှုကွန်ရက်မှာလည်း နာမည်ကြီးနေပြီး ရုပ်သံဗီဒီယိုတွေဆိုရင် ကြည့်ရှုသူ သန်းနဲ့ချီရှိပါတယ်။

ဗီဒီယိုဖန်တီးသူက ချက်ချင်းအိပ်ပျော်စေရမယ်ဆိုပြီး ရိုရှင်းတဲ့ နည်းနာအဆင့်ဆင့်ကို သရုပ်ပြနေတာပါ။

ဒါပေမယ့် ဒီလိုချက်ချင်းအိပ်ပျော်စေရမယ်ဆိုတဲ့ "အန္တရာယ်ရှိတဲ့" မျှော်လင့်ချက်တွေကြောင့်ပဲအိပ်ပျော်နိုင်ဖို့ ပိုပြီးခက်သွားစေလိမ့်မယ်လို့ ကျွမ်းသူတွေက ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်ကို ပြောပါတယ်။

ရုပ်သံဖန်တီးသူတွေက စစ်သားတွေ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ဖို့ အသုံးပြုကြတဲ့နည်းနာတွေကို အိပ်မပျော်တဲ့အရပ်သားတွေကို မျှဝေနေတာပါ။

"စစ်သားတွေရဲ့အိပ်စက်နည်း" ဆိုတာ ဘာလဲ

ဒီနည်းလမ်းကို အမေရိကန် ကာယကြံ့ခိုင်ရေးနည်းပြ လွိုက်"ဘတ်" ဝင်းတားက သူ့ရဲ့ ၁၉၈၁ ခုနှစ်၊ စိတ်လျှော့ပြီး အနိုင်ယူ (Relax and Win) ဆိုတဲ့ စာအုပ်ထဲမှာ စတင်ရေးသားဖော်ပြခဲ့တာပါ။

ဒုတိယကမ္ဘာစစ်ကာလမှာ ဝင်းတားက အမေရိကန် ရေတပ်လေယာဉ်မောင်မယ် ကျောင်းသားတွေ ကောင်းမွန်စွာ အိပ်နိုင်ဖို့၊ အလွန်စိတ်ဖိစီးမှုများတဲ့အခြေအနေမျိုးမှာတောင် အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ ရည်ရွယ်ပြီး စတင်မိတ်ဆက်ခဲ့တာပါ။

ကျောင်းသားတွေပို့ချတဲ့နည်းနာတွေကို စာအုပ်ထဲမှာ ဖော်ပြထားတာတွေကတော့

  • နဖူး၊ ဦးရေပြား၊ မေးရိုးနဲ့ မျက်နှာကို တစ်ဆင့်ချင်းစီ ဖြေလျှော့ပါ။ တချိန်တည်းမှာ ခပ်နှေးနှေး၊ ခပ်ပြင်းပြင်း အသက်ရှူပါ
  • ပခုံးကိုလျှော့ချလိုက်ပြီး ခပ်ပြင်းပြင်းအသက်ရှူပါ။ လေပြန်ထုတ်ပါ။ ရင်ဘတ်ကိုလည်း ဖြေလျှော့လိုက်ပါ
  • လက်တစ်ဖက်ကို ထိုင်ခုံ ဒါမှမဟုတ် အိပ်ရာမှာ တင်ပြီး လက်မောင်းကနေ လက်ဖျံ၊ ပြီးရင် လက်ချောင်းတွေအထိ ကြွက်သားတွေကို လျှော့ချလိုက်ပါ။ နောက် လက်တစ်ဖက်ကိုလည်း ဒီလိုပဲလုပ်ပါ
  • ခြေထောက်ကြွက်သားတွေ လျှော့ပါ။ ပေါင်ကနေ ခြေတလုံး၊ ခြေမျက်စိ၊ ပြီးရင် ခြေဖဝါးတွေအထိ အဆင့်ဆင့် လျှော့ချပါ။ နောက်တစ်ဖက်ကိုလည်း အလားတူလုပ်ပါ
  • နောက်တစ်ဆင့်က ကိုယ့်ရဲ့စိတ်ကို ကြည်လင်အောင်ထားပါ။ စိတ်ထဲမှာ သက်တောင့်သက်သာရှိတဲ့မြင်ကွင်းတစ်ခုကို ပုံဖော်ကြည့်ပါ။ နွေဦးကာလ နွေးနွေးထွေးထွေးရှိတဲ့ နေ့တစ်နေ့မြင်ကွင်း ဒါမှမဟုတ် ကြည်လင်၊ တိတ်ဆိတ်၊ ငြိမ်သက်နေတဲ့ ရေကန်တစ်ခုကို ပုံဖော်ကြည့် ဖို့ သူက အကြံပြုပါတယ်။
  • ဒါနဲ့ မလုံလောက်ဘူးဆိုရင် တခြားအတွေးတွေကို ၁၀ စက္ကန့်လောက် ဖယ်ထုတ်လိုက်ပြီး ကိုယ့်စိတ်ထဲမှာ "မတွေးနဲ့၊ မတွေးနဲ့" ဆိုတဲ့ စကားရပ်ကို ထပ်ခါခါ တလဲလဲ ရေရွတ်ပါ

ဝင်းတား ပြောတာကတော့ ဒီနည်းလမ်းကို လေယာဉ်မောင်မယ် သင်တန်းသားတွေကို ၆ ပတ်ဆက်တိုက် လေ့ကျင့်ခိုင်းပြီးတဲ့နောက်မှာ သူတို့တွေ နှစ်မိနှစ်အတွင်း အိပ်ပျော်သွားကြတယ်လို့ ဆိုပါတယ်။ "ဘယ်အခြေအနေ၊ ဘယ်အချိန်အခါမျိုး" မှာမဆို အိပ်ပျော်တယ်လို့ သူက ပြောပါတယ်။

"ဒီနည်းလမ်းက ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်စေလိမ့်မယ်"

ခပ်မြန်မြန် ရလဒ်ထွက်ရမယ်လို့ မျှော်လင့်ထားတာကလည်း အိပ်ပျော်ဖို့ ကြိုးစားမှုတွေကို ပျက်ပြားစေလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။

"ဒီနည်းလမ်းနဲ့ အိပ်ပျော်စေရမယ်၊ နှစ်မိနစ်အတွင်း အိပ်ရမယ်ဆိုတာက အန္တရာယ်ရှိတဲ့ အတွေးအခေါ် လို့ ပြောရမယ်" လို့ စစ်ဘက်ရေးရာ ဦးနှောက်၊ အာရုံကြော သိပ္ပံနဲ့ အိပ်စက်မှုဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ အယ်လီဆန် ဘရက်ဂါက ပြောပါတယ်။

သာမန်လူတစ်ယောက် အိပ်ပျော်ဖို့ အချိန် ငါးမိနစ်ကနေ မိနစ် ၂၀ အတွင်း ကြာပါတယ်။ ဒါကြောင့် ၂ မိနှစ်အတွင်း အိပ်ပျော်ဖို့ ကြိုးစားတာဟာ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်စေပြီး အိပ်မပျော်တဲ့အပြင် ပိုပြီး နိုးကြားစေပါတယ်။

"မဖြစ်နိုင်တဲ့ အရာကို ရဖို့ ကြိုးစားနေတာက ပိုပြီး စိတ်ပင်ပန်းရလိမ့်မယ်" လို့ သူက ထပ်ပြောပါတယ်။

တကယ်လို့ ကိုယ်က ၂ မိနစ်အတွင်း အိပ်ပျော်နေတယ်ဆိုရင် ဒါဟာ တခြား နာတာရှည် အိပ်ရေးပျက်ဝေဒနာ ဒါမှမဟုတ် အိပ်စက်မှု မူမမှန်တဲ့ပြဿနာတွေရဲ့ ရှေ့ပြေး လက္ခဏာ တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

စစ်ဘက်ရေးရာ ဦးနှောက်၊ အာရုံကြော သိပ္ပံနဲ့ အိပ်စက်မှုဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ အယ်လီဆန် ဘရက်ဂါကတော့ စစ်သားတွေ ဒီနည်းလမ်းကို တကယ်အသုံးပြုတယ်ဆိုတာ သိထားကြောင်း ပြောပါတယ်။

ဒါပေမယ့် စစ်သားတွေက သူတို့ရဲ့ ခက်ခဲ၊ ပင်ပန်းလှတဲ့ အလုပ်သဘာဝကြောင့် မိနစ်ပိုင်းအတွင်း အိပ်ပျော်သွားတယ်ဆိုတာက အထူးအဆန်းတော့ မဟုတ်ဘူးလို့ ဘရက်ဂါက ပြောပါတယ်။

အချိန်တိုအတွင်း အိပ်ပျော်အောင် ဘယ်လိုလုပ်မလဲ

ညဘက် အိပ်မပျော်တဲ့ အရပ်သားတွေက စစ်သားတွေရဲ့ အိပ်စက်နည်းနဲ့ အိပ်ပျော်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းတယ်လို့ စိတ်ပညာနဲ့ အိပ်စက်မှုဆေးဝါးဆိုင်ရာ အကြံပေး ဒေါက်တာ ဟယူး ဆဲဆစ်က ပြောပါတယ်။

"များသောအားဖြင့် ကျွန်တော့်ဆီ ရောက်လာကြသူတွေက ဒီနည်းလမ်းက သူတို့ အတွက် အလုပ်မဖြစ်ဘူးလို့ ပြောကြတယ်။ တကယ်အလုပ်ဖြစ်ရင် ကျွန်တော့်အရှေ့ကို သူတို့ အခုလို ရောက်လာမှာတောင် မဟုတ်ဘူးလေ" လို့ သူက ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်ကို ပြောပါတယ်။

လူနာတွေက အချိန်တိုအတွင်း အိပ်ပျော်ချင်ကြတယ်။ ဒါပေမယ့် အရေးကြီးတဲ့အချက်က အဲဒီလို ခပ်မြန်မြန် အိပ်တိုင်းလည်း အောင်မြင်တယ်လို့ မဆိုနိုင်ဘူးလို့ သူက ပြောပါတယ်။

"ရေရှည် အိပ်ပျော်ဖို့ ခက်နေတဲ့သူတွေအဖို့ ကောင်းမွန်တဲ့ အိပ်စက်မှုတစ်ခုကို ပုံဖော် ကြည့်ဖို့ က အရမ်းကို လွယ်ကူတယ်" လို့ University College London Hospital ရဲ့ အိပ်စက်မှုဆိုင်ရာဆေးခန်းရဲ့ ခေါင်းဆောင်ဖြစ်သူ ဆဲစစ်က ပြောပါတယ်။

"နေ့ရက်တိုင်းမှာ တစ်နေ့ လုံး နိုးကြားနေပြီး၊ သေချာအနားယူထားတယ်ဆိုရင် မူမှန်တဲ့ အိပ်စက်မှုဖြစ်တယ်" လို့ သူကပြောပါတယ်။

တစ်ရက်မှာ ရှစ်နာရီ အိပ်ရင် အိပ်ရေးဝတယ်ဆိုတာ အရင်ကတည်းက လက်ခံထားကြတယ်။ ဒီအချက်ကလည်း ကိုယ့်အတွက် မလိုလားအပ်တဲ့ဖိအားတွေ ရစေတယ်လို့ ဆိုပါတယ်။

"တစ်ရက် ရှစ်နာရီ အိပ်ရမယ်ဆိုတာက ယုံတမ်းစကားပါ။ ဒါဟာ ဖျက်လိုဖျက်ဆီးဖြစ်စေတဲ့ ယုံတမ်းစကားတစ်ခုဖြစ်တယ်" လို့ ဆဲဆစ်က ပြောပါတယ်။

သုတေသနတွေအရ လူတစ်ယောက်ရဲ့ စံအိပ်ချိန်ဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ မျိုးရိုးဗီဇပေါ် မူတည်ပြီး ပြောင်းလဲနိုင်တယ်ဆိုတာ တွေ့ရှိထားပါတယ်။ တသတ်မတ်တည်း သတ်မှတ်ထားတယ်ဆိုတာ မရှိပါဘူး။

ဆဲဆစ်က ဒီအချက်ကို ဖိနပ် အရွယ်အစားတွေနဲ့ ခိုင်းနှိုင်းပြပါတယ်။ ပျမ်းမျှဖိနပ်အရွယ်စားက ၆ ဆိုရင်၊ တချို့က ၈ ဒါမှမဟုတ် ၄ အရွယ်အစားရှိတဲ့ ဖိနပ်တွေနဲ့ပဲ သင့်တော်တာမျိုး ရှိတတ်ကြတယ်လို့ ဆိုပါတယ်။ တချို့က ၇ နာရီကနေ ၈ နာရီ အိပ်ဖို့လိုပေမယ့် တချို့ကြတော့ အဲဒီလောက် အိပ်ဖို့ လိုချင်မှ လိုမှာပါ။

"ကိုယ်က ကိုယ်နဲ့ကိုက်ညီတဲ့ အိပ်ချိန်ပမာဏကိုပဲ အိပ်ရမှာ" လို့ ဆဲဆစ်က ပြောပါတယ်။

အချိန်တိုအတွင်း အိပ်ပျော်သွားချင်သူတွေအတွက် ဆဲဆစ်က အချက် သုံးချက် မျှဝေပေးထားပါတယ်။

နေ့စဉ် ပုံမှန် အိပ်ယာထချိန်အတိုင်းထရင် ပုံမှန်အိပ်တဲ့ အချိန်တိုင်း အိပ်ပျော်လိမ့်မယ်လို့ ဆိုပါတယ်။ ဆိုလိုချင်တာ နေ့စဉ် အိပ်နေကျအချိန်ရောက်လာပြီဆိုရင် အလိုအလျောက် ပင်ပန်းပြီး အိပ်ချင်လာလိမ့်မယ်လို့ သူက ပြောပါတယ်။

နေ့ချိန်အခါ အိပ်စက်ခြင်းကို ရှောင်ရှားပါ။ ဒီလိုလုပ်တာဟာ ကိုယ့်ရဲ့ အိပ်ချင်စိတ်တွေကို ကုန်ဆုံးသွားစေပြီး ညဘက်မှာ အိပ်ပျော်ဖို့ ခက်ခဲစေပါလိမ့်မယ်။

နောက်ဆုံးအချက်ကတော့ ပင်ပန်းပြီး အိပ်ချင်တဲ့အခါမှသာ အိပ်ယာကို သွားပါ။ မဟုတ်ရင် " အိပ်ယာပေါ်မှာ အချိန်အကြာပြီး လှဲနေရလိမ့်မယ်"

"ဆိုတော့ နားနား၊နေနေ နေပါ။ ထိုင်ပါ။ ကိုယ့်ရဲ့ ညနေခင်းလေးကို ခံစားပါ။ ကိုယ့်အတွက် အချိန်ကို ယူပါ။ တဖြည်းဖြည်း ခေါင်းစိုက်လာပြီ၊ မျက်လုံးလည်း မဖွင့်နိုင်၊ ကိုယ့်ဖတ်နေတာတွေလည်း အာရုံမစိုက်နိုင်တော့ဘူး ဆိုရင်တော့ အိပ်ယာထဲဝင်လိုက်ပါ" လို့ သူက ပြောပါတယ်။

"စစ်သားတွေ အိပ်စက်နည်း" ကနေ ဘာတွေ သင်ယူလို့ရမလဲ ?

ဒီ "စစ်သားတွေ အိပ်စက်နည်း" ဆိုတာက အပ်စပ်မှုမရှိဘူးလို့ ဗြိတိသျှစစ်တပ်ရဲ့ သိပ္ပံနှင့် ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ အဲလက်စ် ရောကလင့် က ပြောပါတယ်။

"ဒီနည်းလမ်းတွေရဲ့သဘောသဘာဝက စစ်တပ်နဲ့ မအပ်စပ်ဘူး။ အထူးသဖြင့် ကာယပိုင်းအရရော၊ စိတ်ပညာပိုင်းဆိုင်ရာတွေ မအပ်စပ်ဘူး" လို့ သူကပြောပါတယ်။

ဒါပေမယ့် အလုံးစုံ မှားယွင်းနေတာတော့ မဟုတ်ပါဘူး။ ပြင်းထန်တဲ့ ကြွက်သား ဖြေလျှော့မှုတွေ နဲ့ အသက်ရှူလေ့ကျင့်ခန်းလို နည်းနာတွေကတော့ အခုချိန်ထိ စစ်သားတွေကို သင်ကြားပို့ချနေတုန်းပဲလို့ သူက ပြောပါတယ်။

လူ ၁၂ ယောက်ဆံ့တဲ့ အခန်းတစ်ခုတည်းမှာ အနှောင့်အယှက်ကင်းကင်း အိပ်နိုင်ဖို့ဆိုတာ သင်တန်းသားတွေရော၊ တပ်သားတွေအတွက်ပါ မလွယ်ကူဘူးလို့ သူက ပြောပါတယ်။ ညအိပ် မျက်လုံးအကာအကွယ်တွေ၊ နားကြပ်တွေ၊ နောက်ပြီး တံခါးကို ဖြည်းဖြည်းပိတ်တဲ့အမူအကျင့်တွေကတော့ အိပ်ပျော်ဖို့ အထောက်အကူဖြစ်စေမှာပါ။

ပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာ စစ်သားတွေ အသုံးပြုတဲ့ အိပ်စက်နည်းကတော့ တချို့လူတွေ အတွက် အသုံးဝင်နိုင်ပါတယ်။

စိတ်ဖိစီးမှုများတဲ့တာဝန်တွေ ထမ်းဆောင်နေရသူတွေကတော့ တရေးတမောအိပ်ဖို့ အကြံပြုပါတယ်။ သူတို့တွေက ညဘက်ဆိုရင် ကောင်းစွာအိပ်နိုင်မှာ မဟုတ်လို့ပါ။

ညဘက်မှာ အချိန်တိုအတွင်း အိပ်ပျော်ချင်သူတွေအတွက် တရေးတမော အိပ်တာကို အားမပေးပေမဲ့ ကလေးအမေလို လူမျိုးတွေကတော့ ညဘက်မှာ ကောင်းစွာ မအိပ်နိုင်တဲ့အတွက် တရေးတမော အိပ်တာတွေက သူတို့အတွက် အထောက်အကူပြုစေမှာပါ။

စစ်သားတွေ အိပ်စက်နည်းကနေ အရပ်သားတွေ သင်ယူလို့ ရနိုင်တဲ့ နောက်ထပ် အခရာကျတဲ့ အချက်လည်း ရှိသေးတယ်လို့ ဦးနှောက်နဲ့ အာရုံကြောဆရာဝန် ဘရက်ဂါက ပြောပါတယ်။

ပုံမှန် အိပ်ချိန်သတ်မှတ်ထားတာက ဦးနှောက်က သူ့ရဲ့ နားချိန်ရောက်ပြီဆိုတာ အချက်ပေးနိုင်မှာဖြစ်ပြီး ဒါဟာ ဖြတ်လမ်းနည်းနဲ့ အိပ်ပျော်စေမှာ ဖြစ်ပါတယ်။

"ပြောရရင်တော့ စည်းကမ်းပါ။ စစ်တပ်က အလေ့အထ တစ်ခုအတွက် စည်းမျဉ်းတွေချမှတ်ပြီး အာရုံ လွဲစရာတွေကိုလည်း လျှော့ချတဲ့နေရာမှာ တော်တယ်" လို့ သူက ပြောပါတယ်။

ညဘက် အချိန်တစ်ခုရောက်လာတိုင်း အိပ်ယာဝင်၊ ဖုန်းပိတ်၊ စာအုပ်ဖတ်၊ မီးပိတ် ဆိုတဲ့ အလေ့အထက အိပ်ပျော်ဖို့အတွက် လမ်းစဖြစ်ပါလိမ့်မယ်။

"ဒါကို ကိုယ့်ခန္ဓာကိုယ်က အချိန်တိုအတွင်း အသားကျလာလိမ့်မယ်။ ဒီလို နေ့စဉ်လုပ်သွားမယ်ဆိုရင် အိပ်မပျော်စရာ အကြောင်းမရှိဘူး" လို့ ဘရက်ဂါက ပြောလိုက်ပါတယ်။