‘‘မနက်ဖြန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်’’ - SSPP/SSA ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ နဲ့ ငြိမ်းချမ်းရေးသွားဆွေးနွေးခဲ့ဖူးတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)က နေပြည်တော်ကို ‘စစ်သံ’ ပေးလိုက်တာလို့ စစ်ရေးအကဲခတ်တချို့က ဖွင့်ဆိုကြပါတယ်။

‘မနက်ဖြန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်’ လို့ SSPP/SSA ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ရှမ်းပြည်တပ်မတော်တည်ထောင်ခြင်း နှစ်(၆၀) ပြည့်အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။

စစ်မှန်တဲ့ ပြည်ထောင်စု ဒီမိုကရေစီရရှိဖို့ နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာတဲ့ နည်းလမ်းမရှိတော့လို့ တိုက်ပွဲဖြစ်ရတော့မယ်လို့ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင် ပြောလိုက်တာက နေပြည်တော်က ဆွေးနွေးပွဲတွေကို သူတို့သွားတော့မှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

ရှမ်းပြည်တပ်မတော်(SSA) တည်ထောင်ခြင်း နှစ် (၆၀) ပြည့်အခမ်းအနားကို အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်) ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့တာကလည်း စိတ်ဝင်စားရာဖြစ်ခဲ့ပါတယ်။

ဝမ်ဟိုင်းက မဟာမိတ် ဆက်ဆံရေး

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ ရက္ခိုင့်တပ်တော် (AA)တို့က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် ဟာ ရခိုင်ပြည်နယ်မှာလည်း စစ်မျက်နှာပြင်ဖွင့်ထားနိုင်ပြီး မြို့ကိုးမြို့အထိ သိမ်းပိုက်ထားနိုင်ပါတယ်။

အာရက္ခတပ်တော်ရဲ့ ဒုတိယစစ်ဦးစီးချုပ်က ဝမ်ဟိုင်းက နှစ် (၆၀) ပြည့်အခမ်းအနားကို ရောက်လာပြီး ရှမ်းပြည်တပ်မတော်နဲ့ ချစ်ကြည်ရင်းနှီးမှုကို ပြသခဲ့ကြပါတယ်။

ရှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖကို ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) က ဂုဏ်ထူးဆောင်ရွှေတံဆိပ် ချီးမြှင့်ခဲ့ပြီး ဒါက လူငါးဦးအတွက်ပဲ ပြုလုပ်ထားတဲ့ ရွှေတံဆိပ်လို့ သိရပါတယ်။

‘‘ရှမ်း တပ်မတော်ဟာ ရှမ်းပြည်သူလူထုတစ်မျိုးတည်းကာကွယ်ဖို့အတွက်မဟုတ်ဘဲ ရှမ်းပြည်တွင်းနေထိုင်တဲ့ တိုင်းရင်းသားအားလုံးကို အကာအကွယ်ပေးဖို့တာဝန်ရှိတယ်ဆိုတဲ့အတိုင်း ကျွန်တော်တို့ ရခိုင်မှာလဲ ထိုနည်းတူ ရခိုင်ပြည်နယ်အတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများကိုအကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်” လို့ ဒေါက်တာညိုထွန်းအောင်က ပြောခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော် (SSPP/SSA) အရာရှိသင်တန်းကျောင်းကိုပါ ဒေါက်တာညိုထွန်းအောင်က သူ့ရဲ့ခရီးစဉ်အတွင်း သွားရောက်ခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်တပ်မတော်နဲ့ အာရက္ခတပ်တော်ဟာ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ထဲမှာလည်း ပါဝင်ကြပြီး ဝ သြဇာမကင်းတဲ့အဖွဲ့တွေအဖြစ် ရှုမြင်ခံရပါတယ်။

အာရက္ခတပ်တော် စတင်တည်ထောင်တဲ့ အစောပိုင်းကာလတွေကတည်းက ရှမ်းပြည်တပ်မတော် နဲ့ အေအေကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိခဲ့ကြတယ်လို့ အကဲခတ်တွေကပြောပါတယ်။

ဝ နဲ့ SSPP

မြန်မာစစ်တပ်ဟာ ၂၀၁၀ ခုနှစ်မှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှမ်းပြည်နယ်၊ ခိုလမ်မြို့မှာဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်တပ်မတော်(SSPP) ကို ထိန်းချုပ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော်ဌာနချုပ်ရှိတဲ့ ဝမ်ဟိုင်းဟာ ကျေးသီးမြို့နယ်ထဲမှာရှိပြီး ရှမ်းပြည်က တခြားလက်နက်ကိုင်တွေလို တရုတ်နယ်စပ်မှာ ရှိမနေပါဘူး။

ဒါကပဲ SSPP ကို UWSA အပေါ် အားထားဖို့ ဖြစ်လာရပါတယ်။

SSPP ဟာ လက်နက်ခဲယမ်း၊ ရိက္ခာထောက်ပံ့ရေးနဲ့ ပြည်ပဆက်ဆံရေးက အစ UWSA အပေါ် အားထားနေရတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ရှမ်းပြည်တပ်မတော်ဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ကြားဖြစ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေမှာ UWSA ရဲ့ စစ်ရေးအကူအညီယူခဲ့ဖူးပြီး စစ်တပ်ရဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုလည်း UWSA အကူအညီနဲ့ ဖြတ်တောက်ခဲ့ပါတယ်။

ဒါပေမယ့် SSPP ရဲ့ နယ်မြေတွေဟာ မြန်မာစစ်တပ် ဝ နယ်မြေထဲ မရောက်လာအောင် ကြားခံထားတာဖြစ်လို့ ဝ တပ်ဖွဲ့(UWSA)အတွက်လည်း လုံခြုံရေးအရ အရေးကြီးတဲ့နယ်မြေတွေဖြစ်ပါတယ်။

‘’SSPP တပ်ထဲမှာ ဝ တွေရှိတယ်။ ဒါကြောင့် UWSA တွေက SSPP ယူနီဖောင်းဝတ်ပြီး ဝင်တိုက်ပေးလည်း ကျွန်တော်တို့ ဘာမှမတတ်နိုင်ဘူး။ ခွဲလို့မလွယ်ဘူး’’ လို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေမှာ စစ်ဆင်ရေးဝင်ဖူးတဲ့ တပ်အရာရှိတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးသွားဆွေးနွေးတဲ့အခါမှာလည်း ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ မိုင်းလားအဖွဲ့(NDAA)တို့နဲ့အတူ ရှမ်းပြည်တိုးတက်ရေးပါတီက အတူ သွားရောက်ခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်ရဲ့ နောက်ထပ်စစ်မျက်နှာပြင် တစ်ခုလား

ရှမ်းလူထု ထောက်ခံမှုကို ရရှိထားတဲ့ SSPP ဟာ ၂၀၁၂ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားပေမဲ့ NCA အပစ်ရပ်စာချုပ်မှာတော့လက်မှတ်မထိုးထားပါဘူး။

ဒါပေမဲ့ မြန်မာစစ်တပ်နဲ့သာမကဘဲ နောက်ထပ် ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နဲ့လည်း တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

၂၀၂၃ နိုဝင်ဘာမှာတော့ SSPP နဲ့ RCSS တို့ အပစ်အခတ်ရပ်စဲကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)က နယ်မြေတွေ ဆုံးရှုံးခဲ့ရတဲ့ မြန်မာစစ်တပ်အတွက် နေပြည်တော်က ငြိမ်းချမ်းရေးဆွေးနွေးဖက်တစ်ဖွဲ့ ထပ်လျော့သွားတဲ့အပြင် ရှမ်းပြည်ရဲ့ နောက်ထပ်စစ်မျက်နှာပြင်တစ်ခုကို မြင်တွေ့ရတော့မလားလို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

‘‘ရခိုင်မှာ တိုက်ပွဲတွေ ရပ်သွားတဲ့အခါ စစ်ကောင်စီကို စစ်‌ရေးအရ အသင့်ဖိအားပေးနိုင်အောင် တပ်လှန့်လိုက်တဲ့သဘောလို့ မြင်တယ်’’ လို့ စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

နိုင်ငံရေးကို နိုင်ငံရေး လမ်းစဉ်နဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ ဆုံဆွေးနွေးခဲ့တာ ပင်လုံစာချုပ် စချုပ်ကတည်းကဆိုရင် နှစ်ပေါင်း ၇၇ နှစ်ကြာနေပြီ လို့ ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။

‘‘အခြေအနေ လုံးဝမပေးနိုင်တော့တဲ့အဆုံး လက်နက်ကိုင်တော်လှန်မယ့်လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်” လို့ ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောပါတယ်။

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ ရှမ်းပြည်တပ်မတော် ဉီးဆောင်မှုအောက်ကနေ ပြတ်ပြတ်သားသား လုပ်ဆောင်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပါအဝင် ပြည်သူလူထု အားလုံးကြိုးစားတိုက်ပွဲဝင်ကြဖို့ သူက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာချင်ခဲ့ပေမဲ့ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ် လုံးဝမရှိတော့ဘူး လို့ ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင် ပြောဆိုချက်အပေါ် ဗိုလ်မှူးကြီး စိုင်းဆုက SSA နှစ် ၆၀ ပြည့်အခမ်းအနားမှာ ရှမ်းဘာသာ စကားနဲ့ သမိုင်းကြောင်းတွေကို ရှင်းလင်းပြောဆိုသွားတာဖြစ်ပြီး စစ်ရေးတွေပြင်ဆင်ကာ တိုက်ခိုက်မယ့်အဆင့်မျိုး မရှိသေးဘူးလို့ သံလွင်တိုင်းမ် သတင်းဌာနကို ပြောထားပါတယ်။

“တော်လှန်မှာတို့၊ တိုက်ပွဲဝင်မှာတို့က အဲဒီလိုမျိုး ကျွန်တော်တို့ နိုင်ငံရေးဥသျှောင်အဖွဲ့တွေက ဆုံးဖြတ်ထားတာ မရှိပါဘူး။ ဒီမိန့်ခွန်းပြောတဲ့နေရာမှာ ရှမ်းပြည်တပ်မတော်ရဲ့ သမိုင်းကြောင်း နှစ် ၆၀ ပြည့်ကို ရှင်းလင်းဆွေးနွေးသွားတာ၊ မိန့်ခွန်းပြောသွားတာ ဖြစ်ပါတယ်။ တခြားဟာ စစ်ရေးစစ်ရာတွေပြင်ပြီးတော့ တိုက်မယ်ခိုက်မယ်ဆိုတဲ့ အဆင့်လိုမျိုး မရှိသေးဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ အဲဒီလိုမျိုးအဆင့်တော့ ဆုံးဖြတ်ထားတာ မရှိပါဘူး”လို့ ဗိုလ်မှူးကြီး စိုင်းဆုက သံလွင်တိုင်းမ်ကို ပြောထားပါတယ်။

စစ်ရေးဟာ လျှို့ဝှက်ချက် ဖြစ်သလို ခန့်မှန်းရလည်းခက်လို့ တိုက်ပွဲတွေ တကယ်ဖြစ်လာမဖြစ်လာကိုတော့ သုံးသပ်ရခက်တယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။

‘’ဒါပေမဲ့ ဝ က မီးစိမ်းမပြမချင်း SSPP က မတိုက်ပါဘူး’’ လို့ စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။