တရုတ်ကသေဒဏ်ပေးခဲ့တာ မြန်မာတွေလား၊တရုတ်တွေလား

ဖတ်ရန်အချိန်: မိနစ် ၁၁

ကိုးကန့်ရဲ့ထင်ရှားတဲ့ မိသားစုကြီး လေးစုထဲက မြီမိသားစုနဲ့ ပယ်မိသားစုဝင် ၁၆ ဦးကို တရုတ်နှစ်သစ်ကူးမတိုင်ခင် တရုတ်မှာ သေဒဏ်ပေးလိုက်ပါတယ်။

ဒါက မြန်မာနိုင်ငံမှာအခြေစိုက်နေထိုင်သူတွေကို တရုတ်တရားစီရင်ရေးအောက်မှာ အရေအတွက်အများဆုံး သေဒဏ်ပေးမှုဖြစ်ပါတယ်။

သေဒဏ်စီရင်ခံရသူတွေထဲမှာ မြန်မာ-တရုတ် နှစ်နိုင်ငံလုံးရဲ့ နိုင်ငံသားကတ်ကိုင်ဆောင်ထားသူတွေပါဝင်ပြီး နိုင်ငံသားနှစ်ခုခံယူမှုက မြန်မာနိုင်ငံသားဥပဒေအရ တရားမဝင်ပါဘူး။

ဒါအပြင် မိသားစုလေးစုရဲ့ အကြီးအကဲတချို့ဟာ မြန်မာရဲ့ ဒေသအုပ်ချုပ်ရေးအာဏာပိုင်နဲ့ ဥပဒေပြုအမတ်တွေဖြစ်ခဲ့ဖူးတဲ့အတွက် သေဒဏ်စီရင်မှုအပေါ် မေးခွန်းတွေရှိလာခဲ့ပြီး ပြောစရာလည်းဖြစ်သွားပါတယ်။

ကိုးကန့်မာဖီးယားတွေနဲ့ ယူနန်အကျင့်ပျက်ခြစားမှု

ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ရဲ့ သြဇာခံဟောင်းတွေဖြစ်တဲ့ ပယ် မိသားစု၊ မြီ မိသားစု၊ ဝေ မိသားစု နဲ့ လျို မိသားစု တို့ဟာ ၂၀၁၀ ရွေးကောက်ပွဲအလွန်ကာလတွေကစလို့ ကိုးကန့်မှာ အင်အားကြီးထွားလာကြပါတယ်။

၂၀၀၉ ခုနှစ်မှာ မြန်မာစစ်တပ်က ကိုးကန့်ကို ဝင်သိမ်းပြီး ဖုန်မိသားစု ကိုးကန့်က ထွက်ခွာသွားခဲ့ရချိန်နောက်ပိုင်းမှာပါ။

ပယ်မိသားစုရဲ့ အကြီးအကဲ ပယ်ဆောက်ချိန်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ်ဝင်အရွေးခံခဲ့ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ပထမဆုံးဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။

အခုတော့ သူက တရုတ်နိုင်ငံရဲ့ အကျဥ်းထောင်တစ်ခုထဲမှာ သေဆုံးသွားခဲ့ပါပြီ။ သူ့ကို သေမိန့်ချပြီး မစီရင်ခင်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

မြီမိသားစုရဲ့အကြီးအကဲ မြီရှောက်ချန်းကလည်း ၂၀၁၀ ရွေးကောက်ပွဲမှာ လောက်ကိုင်ရဲ့ပြည်နယ်အမတ် ဖြစ်ခဲ့ပါတယ်။

သူကလည်း တရုတ် မြန်မာ ပူးပေါင်းဖော်ဆောင်တဲ့ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့ကနေအိမ်မှာ ကိုယ့်ကိုကို သတ်သေခဲ့တယ်လို့ တရုတ်-မြန်မာ နှစ်နိုင်ငံလုံးက သတင်းထုတ်ခဲ့ပါတယ်။

ဝေ အိမ်ကအငြိမ်းစားဗိုလ်မှူးကြီးဝေစန်းကတော့ တရုတ်မြန်မာနယ်စပ်က အမှတ် (၁၀၀၆) နယ်ခြားစောင့်တပ်မှူး ဖြစ်ခဲ့သူပါ။

သူက လက်ရှိတရုတ်ရဲ့ အကျဥ်းထောင်တစ်ခုမှာ ထိန်းသိမ်းခံထားရပြီး အမိန့်ချမှတ်ခံရဖို့ စောင့်ဆိုင်းနေပါတယ်။

လျိုအိမ်က သူဋ္ဌေးကြီး လျိုအားပေါက်တို့ညီအစ်ကိုတွေလည်း အလားတူပဲဖြစ်ပါတယ်။

နိုင်ငံရေးမှာ လွှတ်တော်ထဲအထိရောက်ခဲ့ကြပြီး နေပြည်တော်ကဗိုလ်ချုပ်တွေနဲ့ အင်မတန်ရင်းနှီးတဲ့ ဒီမိသားစုဝင်တွေဟာ တရုတ်-မြန်မာနယ်စပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မာဖီးယားဂိုဏ်းဆန်ဆန် အုပ်ချုပ်ခဲ့ကြသူတွေဖြစ်ပါတယ်။

တရုတ်နယ်စပ်မှာ မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ အကြီးအကျယ် ကြွယ်ဝနေတဲ့ ကိုးကန့်သူဌေးတွေကို ဘေဂျင်းက သဘောမကျတာ နှစ်ပေါင်းများစွာကြာပါပြီ။

တရုတ်ပြည်မှာ တားမြစ်ထားတဲ့ မူးယစ်ဆေးဝါးနဲ့ လောင်းကစားက တရုတ်နယ်စပ်မှာ အကြီးအကျယ် ဖြစ်ထွန်းနေလို့ဖြစ်ပါတယ်။

ဒါပေမဲ့ ယူနန်ကအရာရှိတွေကတော့ ဘေဂျင်းနဲ့ ခြားနားပါတယ်။

မိသားစုကြီးလေးစုဟာ သူတို့ရဲ့အပေးအကမ်းရက်ရောမှုကြောင့် မြန်မာနဲ့ ယူနန်အာဏာပိုင်တွေကြားမှာ အတော်လေးမျက်နှာပွင့်ခဲ့ပါတယ်။

မိသားစုကြီးလေးစုရဲ့မိသားစုဝင်တချို့ဟာ တရုတ်နိုင်ငံသားမှတ်ပုံတင်ကတ်ရော မြန်မာနိုင်ငံသားမှတ်ပုံတင်ကတ်တွေပါ ကိုင်ဆောင်ထားနိုင်တဲ့အထိ အခွင့်ထူးခဲ့တွေ ဖြစ်ခဲ့ကြပါတယ်။

"တရုတ်နိုင်ငံသားကတ်တွေကို တရုတ်ရဲတွေကိုယ်တိုင် လာပေးတာ" လို့ မိသားစုကြီးနှစ်စုနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်နှစ်ဦးကဘီဘီစီကို ပြောပါတယ်။

သူတို့ဟာ ယူနန်ရဲ့ ရဲအရာရှိတွေ ကိုးကန့်မြို့တော် လောက်ကိုင်က ဟိုတယ်တွေနဲ့ကာစီနိုတွေမှာ လာရောက် သောက်စားပျော်ပါးတာကို ဧည့်ခံပေးခဲ့ရဖူးတယ်လို့ ဘီဘီစီကိုပြောပါတယ်။

တရုတ်နိုင်ငံမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို သမ္မတရှီကျင့်ဖျင် အာဏာရစကတည်းက တိုက်ဖျက်ခဲ့ပေမဲ့ မပျောက်သွားဘဲ ပိုပြီးတိုးပွားလာနေတာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း တရုတ်မှာ အဂတိလိုက်စားမှုကြောင့် အရေးယူခဲ့ရသူပေါင်း တစ်သန်းနားအထိ (၉၈၃,၀၀၀) ရောက်ခဲ့ပါတယ်။

ဖုန်အိမ် ကြီးစိုးချိန် မိသားစုကြီးလေးခု မှေးမှိန်နေစဥ်ကတည်းက တရုတ်နိုင်ငံသားကတ်တွေ ကိုင်ဆောင်ခဲ့ကြတာလို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ကိုးကန့်မှာမနေချင်တဲ့အချိန် တရုတ်နိုင်ငံထဲသွားနေဖို့ အဲဒီနိုင်ငံသားကတ်တွေက အရေးပါခဲ့ပါတယ်။

ဒါပေမဲ့ ဖုန်ခေတ်အလွန် နေပြည်တော်အထိ ပေါက်ရောက်လာချိန်မှာတော့ မိသားစုကြီးလေးခုဟာ တရုတ်နိုင်ငံသားခံယူထားတဲ့ကိစ္စကို ဖုံးဖိထားခဲ့ကြပါတယ်။

"သူဌေးတွေကလည်း အခွင့်အရေးနဲ့အကာကွယ်ရမလားဆိုပြီး ယူခဲ့ကြတာ၊ အခုတော့ ဒုက္ခတွေ့သွားတာပေါ့" လို့ လောက်ကိုင်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

တရုတ်တရားစီရင်ရေးအောက် ရောက်ရှိခြင်း

ဘေဂျင်းဟာ ကိုးကန့်ဒေသကို စောင့်ကြည့်နေတာကြာမြင့်ပြီဖြစ်ပြီး အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အမှုမှာတော့ ပြင်းပြင်းထန်ထန် အရေးယူခဲ့ပါတယ်။

တရုတ်ရှေ့နေချုပ်ရုံးရဲ့ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်ကစတင်တဲ့ ကျားဖြန့်စစ်ဆင်ရေးအတွင်းမှာ မြန်မာဘက်ကနေ တရုတ်ကို လူပေါင်း ၄၈,၀၀၀ ပြန်လွှဲပေးခဲ့ပြီး ၄၇,၀၀၀ ကို တရားစွဲပြီးပြီလို့ သိရပါတယ်။

ဒီအမှုအခင်းတွေရဲ့ အဓိကတာဝန်ရှိသူတွေဟာ ကိုးကန့်မိသားစုကြီး လေးစုဖြစ်တယ်လို့ တရုတ်ဘက်က စွပ်စွဲပြီး သေဒဏ်စီရင်တဲ့အထိ ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

တရုတ်ကို ပြန်လွှဲပေးခဲ့တဲ့ လူပေါင်း ၄၈,၀၀၀ ဟာ မြန်မာစစ်တပ်တစ်ခုတည်းက လွှဲပေးတာမဟုတ်ဘဲ ရှမ်းပြည်ထဲက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လွှဲပြောင်းပေးမှုတွေလည်း ပါဝင်ပါတယ်။

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝတပ်ဖွဲ့ UWSA၊ မိုင်းလားအဖွဲ့ MNDAA၊ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေကပါ လွှဲပေးခဲ့ကြတာဖြစ်ပါတယ်။

"တရုတ်ရဲ့ သြဇာဟာ နေပြည်တော်ကိုရော EAOs တွေကိုပါ လွှမ်းမိုးထားတယ်ဆိုတာ ဒါကိုကြည့်ရင် မြင်သာပါတယ်" လို့ တရုတ်အရေးကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

တရုတ်ကို လွှဲပေးတဲ့အထဲမှာ ပြောစရာဖြစ်တာက မိသားစုကြီးလေးစုထဲက သုံးစုဖြစ်တဲ့ ပယ်အိမ်၊ လျိုအိမ်နဲ့ ဝေအိမ်က ဦးဆောင်သူတွေကို နေပြည်တော်ကနေတဆင့် အထူးလေယာဥ်နဲ့ ၂၀၂၄ ဇန်နဝါရီ ၃၀ မှာ တရုတ်လက်ထဲ လွှဲပေးခဲ့တာဖြစ်ပါတယ်။

အဲဒီထဲမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းဦးပယ်ဆောက်ချိန် နဲ့ သူ့သား ပယ်ရင်ချန်၊ ဝေမိသားစုအိမ်က အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ ရဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ ကိုးကန့် ရဲ့အချမ်းသာဆုံး ဖူလီလိုက်လုပ်ငန်းစုဦးဆောင်သူ ဦးလျိုအားပေါက်တို့ ပါဝင်ပါတယ်။

မြီအိမ်က မိသားစုဝင်တွေကိုတော့ တရုတ်-မြန်မာနယ်စပ်ကနေ လွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။

တရုတ်အရေးကျွမ်းကျင်သူတစ်ဦးကတော့ မြန်မာနိုင်ငံထဲကို တရုတ်ကဝင်နှိမ်နင်းတဲ့ ကျားဖြန့်စစ်ဆင်ရေးကို အမေရိကန်က ဗင်နီဇွဲလားကို ဝင်ရောက်စီးနင်းပုံနဲ့ နှိုင်းယှဥ်ပြပါတယ်။

"အမေရိကန်က ကမ္ဘာ့ပုလိပ်ကြီးလုပ်နေတယ်ဆိုရင် တရုတ်ကလည်း အာရှပုလိပ်ကြီးလုပ်နေတာပဲလေ" လို့ သူက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ ရင်းနှီးသူတွေ

မိသားစုကြီးလေးစုဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကစလို့ မျိုးဆက်သစ် စစ်ဗိုလ်ချုပ်တွေအထိ ရင်းနှီးပါတယ်။

စစ်ခေါင်းဆောင်ဟာ ၂၀၀၉ ကိုးကန့်တိုက်ပွဲကာလက ရှမ်းပြည်ကို ကိုင်ရတဲ့ အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်ပါတယ်။

အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးလုပ်ခဲ့ဖူးတဲ့ ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကလည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်ခဲ့ဖူးပြီး မိသားစုကြီး ၄ စုနဲ့ ရင်းနှီးပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ အာရက္ခတပ်တော် AA တို့ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာစတင်ဆင်နွှဲတဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ မိသားစုကြီးလေးစုက လောက်ကိုင်မှာ ပိတ်မိနေခဲ့ကြပါတယ်။

"အစည်းအဝေးရှိတယ်၊ နေပြည်တော်သွားရမယ်၊ အကြီးဆုံး (တပ်ချုပ်) နဲ့ တွေ့ရမယ်၊ ပြင်ဆင်ထားပါ" လို့ ပြောခဲ့တဲ့အကြောင်း မိသားစုတစ်ခုရဲ့လူယုံတစ်ဦးက ပြန်ပြောပြပါတယ်။

အဲဒီနောက် မိသားစုကြီး လေးစုရဲ့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေကို လောက်ကိုင်ကနေ လားရှိုးအထိ ရဟတ်ယာဥ်နဲ့ ခေါ်ဆောင်သွားခဲ့ပါတယ်။

တိုက်ပွဲကြားကနေ လွတ်မြောက်သွားတဲ့ ကိုးကန့်သူဌေးတွေရဲ့ အပျော်က ကြာကြာမခံပါဘူး။

တချို့က နေပြည်တော်မှာ ထိန်းသိမ်းခံခဲ့ရပြီး တချို့ကတော့ လားရှိုးထောင်ထဲမှာ ဖမ်းဆီးခံခဲ့ကြရပါတယ်။

ဖုန်မိသားစုနဲ့မပေါင်းဘဲ တပ်ကိုသစ္စာခံခဲ့တဲ့ ကိုးကန့်သူဌေးတွေအတွက် ဒီအခိုက်အတန့်ဟာ ခံပြင်းစရာပဲလို့ မိသားစုကြီးတစ်ခုနဲ့ ရင်းနှီးသူ ရှမ်းပြည်နယ်လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။

အဲဒီထက်ဆိုးတဲ့အခြေအနေကို ကိုးကန့်သူဌေးတွေ ရင်ဆိုင်ခဲ့ရပြီး အဲဒါကတော့ နေပြည်တော်ကနေ တရုတ်ကို အထူးလေယာဥ်နဲ့ လွှဲပေးတာခံလိုက်ရတာဖြစ်ပါတယ်။

ကိုးကန့်တွေဟာ နေပြည်တော်ကိုစိတ်နာခဲ့ကြပေမဲ့ တရုတ်ဖိအားကိုလည်း မမေ့ထားသင့်ဘူးလို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

နှစ်နိုင်ငံပြဿနာ

ကိုးကန့်ကို တရုတ်နဲ့တူတယ်လို့ပြောတာက အဆန်းတကြယ်မဟုတ်ပါဘူး။ ဘာသာ၊ ယဥ်ကျေးမှု၊ ရုပ်ရည်သွင်ပြင်နဲ့ သမိုင်းကြောင်းအရ ကိုးကန့်ဟာ တရုတ်သွေးပါပါတယ်။

ဒါပေမဲ့ မြန်မာနယ်နိမိတ်ထဲမှာပဲနေထိုင်ပြီး လွှတ်တော်ထဲအထိရောက်ခဲ့တဲ့ ကိုးကန့်အမတ်တွေကို တရုတ်ရဲ့တရားစီရင်မှုအောက်ပို့ခဲ့တဲ့ကိစ္စကိုတော့ ဝေဖန်သူများပါတယ်။

မြီမိသားစုကို တရုတ်ဘက်လွှဲခဲ့တဲ့အကြောင်း မြန်မာစစ်တပ်ထိန်းချုပ်တဲ့ နိုင်ငံပိုင်သတင်းစာရဲ့ သတင်းဖော်ပြချက်မှာ တရုတ်နိုင်ငံသားတွေလို့ ရေးသားဖော်ပြခဲ့ပါတယ်။

တရုတ်တရားရုံးတွေရဲ့ တရားစီရင်မှုသတင်းတွေမှာတော့ မိသားစုကြီးလေးစုနဲ့ပတ်သက်တဲ့စီရင်ချက်တွေမှာ မြန်မာ၊ ကိုးကန့်အဖြစ်ပဲ ဖော်ပြပါတယ်။

"တရုတ်နိုင်ငံသားအနေနဲ့ သေဒဏ်ချတာ မဟုတ်ဘူး။ မြန်မာနိုင်ငံသားအနေနဲ့ပဲ အမိန့်ချခဲ့တာ" လို့ တရားစီရင်မှုကို တောက်လျှောက်စောင့်ကြည့်ခဲ့သူတစ်ဦးက အတည်ပြုပြီး သူက မိသားစုကြီးတစ်ခုရဲ့ ဝန်ထမ်းဟောင်းလည်းဖြစ်ပါတယ်။

နိုင်ငံရေးအကဲခတ်တချို့ကတော့ မြန်မာနိုင်ငံသားတစ်ဦးဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်မှုအောက်မှာပဲ ပြစ်ဒဏ်စီရင်ခံရသင့်တယ်လို့ ထောက်ပြကြပါတယ်။

"မြန်မာနိုင်ငံရဲ့တရားရေးစနစ်ကို တရုတ်က မယုံကြည်တာလည်းပါတယ်" လို့ အကဲခတ်တစ်ဦးက ပြောပါတယ်။

၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသားတစ်ဦးဟာ နှစ်နိုင်ငံသားခံယူလို့မရပါဘူး။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို တရုတ်သတင်းဌာန Phoenix New Media က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်တုန်းက တွေ့ဆုံမေးမြန်းမှုမှာ နှစ်နိုင်ငံလုံးရဲ့ နိုင်ငံသားခံယူမှုအကြောင်းကို မေးခွန်းထုတ်ခဲ့ပါတယ်။

"မြန်မာနိုင်ငံမှာ နှစ်နိုင်ငံသားဖြစ်လို့ ရပါသလား" ဆိုတဲ့ မေးခွန်းကို "တရုတ်နိုင်ငံမှာရော နှစ်နိုင်ငံသား ဖြစ်လို့ရလား" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တန်ပြန်မေးခွန်း မေးခဲ့ပါတယ်။

"အဲဒါက ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ပြဿနာဖြစ်ပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

အင်တာဗျူးအပြီး နှစ်နှစ်ကျော်အကြာမှာ နှစ်နိုင်ငံသားခံယူထားသူတချို့ကို သေဒဏ်ပေးမှုတွေဖြစ်ပေါ်လာပြီး ဒီအပေါ် နေပြည်တော်ဘက်က နှုတ်ဆိတ်နေပါတယ်။