ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပလ္လင်ရှေ့ ရောက်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ရက်ပိုင်းအတွင်းမှာတင် တရုတ်နယ်စပ်ကနေ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့နယ်အထိဟာ ရှေ့တန်းစစ်မျက်နှာပြင်ဖြစ်သွားခဲ့ပါတယ်။
ဒီစစ်ဆင်ရေးကာလအတွင်းမှာပဲ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ကောင်စီဝင် မစ္စတာ ဝမ်ချောက်ဟုန် နေပြည်တော်ကို ရောက်နေပြီး သူ့ရဲ့ ခရီးစဉ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း က အခြေအနေတွေကို တစ်စုံတစ်ရာ အပြောင်းအလဲဖြစ်မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်တွေဟာ မြေပြင်မှာ စစ်ဆင်ရေးလုပ်နေပေမဲ့ တရုတ်ရဲ့ အခန်းကဏ္ဍကို မေ့မထားသလို စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်က တိုက်ပွဲတွေအကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်ကို ပြောပြပါတယ်။
၁၀၂၇ စစ်ဆင်ရေး လွှမ်းမိုးထားတဲ့ တရုတ်ကောင်စီဝင် ခရီးစဉ်
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ တရုတ်နိုင်ငံတော်ကောင်စီဝင်မစ္စတာ ဝမ်ချောက်ဟုန် ကို နေပြည်တော်၊ သံတမန်ခန်းမဆောင်က သီဟာသန(ပုံတူ)ပလ္လင်ရှေ့မှာ အောက်တိုဘာ ၃၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လွန်ခဲ့တဲ့ ၆ လ က အဲဒီခန်းမမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး အခုတော့တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးမစ္စတာဝမ်ချောက်ဟုန်နဲ့ ထပ်တွေ့တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံတော်ကောင်စီဝင် ရဲ့ နေပြည်တော် ခရီးစဉ်မတိုင်ခင် ရက်ပိုင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့မြောက်ပိုင်းညီနောင် ၃ဖွဲ့ ရဲ့ ‘၁၀၂၇ စစ်ဆင်ရေး’ စတင်ခဲ့ပြီး ချင်းရွှေဟော်မြို့ နဲ့စစ်ကောင်စီ တပ်စခန်းဆယ်ချီ ကို မဟာမိတ်အဖွဲ့တွေကသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
ရုတ်တရက် ကြည့်ရင် မစ္စတာဝမ်ဟာ တရုတ်နယ်စပ်က တိုက်ပွဲတွေကြောင့် နေပြည်တော်ကို လာတယ်လို့ ထင်စရာရှိပေမဲ့သူ့ရဲ့ခရီးစဉ်ဟာ ကြိုတင်စီစဉ်ခဲ့တဲ့ခရီးစဉ်တစ်ခုဖြစ်ပါတယ်။
မစ္စတာဝမ် ခရီးစဉ်အတွက်ရှေ့ပြေးကိုယ်စားလှယ်တစ်ဖွဲ့ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်ကို ရောက်လာခဲ့တယ်လို့ စစ်ကောင်စီရုံး က ဘီဘီစီသတင်းအရင်းအမြစ်ကပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် မစ္စတာဝမ်ချောက်ဟုန် တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့အခါ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်းပါ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ကိုးကန့်တပ် MNDAA ရဲ့ တိုက်ခိုက်မှုတွေအကြောင်းကို ကွန်မြူနစ်ပါတီဗဟိုကော်မတီရဲ့ အတွင်းရေးမှူးချုပ်ရုံး အဖွဲ့ဝင်လည်းဖြစ်တဲ့ မစ္စတာဝမ် နဲ့တွေ့ဆုံစဉ်စစ်ခေါင်းဆောင်ကပြောပြခဲ့တာဖြစ်ပါတယ်။
ကိုးကန့်ဒေသအတွင်းမှာ “ဖုန်” နဲ့ “ရန်”အဖွဲ့တွေရဲ့ အရေးအခင်းဖြစ်ပွားခဲ့မှုကြောင့် “ပယ်” အဖွဲ့ကို တာဝန်ပေးအပ်ခဲ့တယ် လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၀၉ ခုနှစ်က ကိုးကန့်တိုက်ပွဲအခြေအနေတွေအကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၀၉ ခုနှစ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ခွင် ကို ကိုင်တွယ်ရတဲ့အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်ခဲ့သူ ဖြစ်ပါတယ်။
တိုင်းရင်းသားအရေးလေ့လာစောင့်ကြည့်သူတွေကတော့ “ဖုန်” နဲ့ “ရန်”မိသားစု အရေးအခင်း ထက် ကိုးကန့်တပ်ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းခိုင်းတဲ့ကိစ္စ ညှိနှိုင်းမရတာက ၂၀၀၉ ခုနှစ် ကိုးကန့်တိုက်ပွဲဖြစ်ရတဲ့ အဓိကအကြောင်းလို့ ပြောကြပါတယ်။
အဲဒီကာလတုန်းက ကိုးကန့်အထူးဒေသ (၁) ကို စစ်တပ်က ဝင်တိုက်ခဲ့စဉ်က အကြောင်းပြချက်ထဲမှာ လောက်ကိုင်မှာလက်နက်ထုတ်နေတယ် ဆိုတဲ့အချက်လည်း ပါဝင်ခဲ့ပါတယ်။
မစ္စတာ ဝမ် ရဲ့ နေပြည်တော်ခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေထဲမှာ လက်နက်ခဲယမ်းထုတ်လုပ်နေမှု နဲ့ စီးဆင်းဝင်ရောက်မှုတွေက ဒေသတွင်းနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်စီးစေတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် လောက်ကိုင်ဒေသက တရားမဝင် အွန်လိုင်းလောင်းကစား နဲ့ ဆက်သွယ်ရေးလိမ်လည်မှုတွေကို ထိထိရောက်ရောက် အမြစ်ဖြတ်နှိမ်နင်းမယ့်အကြောင်းကိုလည်း ပြည်သူ့လုံခြုံရေးဝန်ကြီးလည်းဖြစ်သူ မစ္စတာ ဝမ် နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြတယ် လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံ ပူးတွဲတရားဥပဒေစိုးမိုးရေး နဲ့ လုံခြုံရေးအဖွဲ့ ဖွဲ့ဖို့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ် လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးဘက်ကလည်း ဒီတွေ့ဆုံမှုအကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်သလို ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေအကြောင်းကို ထုတ်ပြန်ခဲ့တာမတွေ့ရပါဘူး။
နှစ်ဖက်ထုတ်ပြန်တဲ့အထဲမှာ ပါဝင်ခဲ့တဲ့ (၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့်အစည်းအဝေးကတော့ နယ်စပ်အရေးကိစ္စနဲ့ ပတ်သက်နေလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
မစ္စတာဝမ်ရဲ့ နေပြည်တော်ခရီးစဉ် ပထမရက်မှာ အဲဒီအစည်းအဝေး ကျင်းပခဲ့တာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နဲ့ အစည်းအဝေးမတိုင်ခင် အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။
အလွတ်သဘော တွေ့ဆုံမှုဟာ မူလအစီအစဉ်ထဲမှာမပါခဲ့ဘဲ ၁၀၂၇ စစ်ဆင်ရေးကြောင့် ဖြစ်ပေါ်လာတာဖြစ်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ ဒါပေမဲ့ တရားဝင်ထုတ်ပြန်ချက် နှစ်ခုလုံးမှာတော့ ရှမ်းမြောက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တရုတ်နိုင်ငံက ဘယ်လိုရပ်တည်လဲဆိုတာ ဖော်ပြမထားပါဘူး။
ဒါ့ကြောင့်ရှမ်းမြောက်တိုက်ပွဲတွေ နဲ့ ပတ်သက်လို့တရုတ်က ဘယ်လိုရပ်တည်တယ်ဆိုတာလည်းရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
တရုတ် ကို အပြိုင်ချဉ်းကပ်ကြခြင်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း) က တိုက်ပွဲတွေအကြောင်းကို တရုတ် နိုင်ငံတော်ကောင်စီဝင်ကို တိုက်ရိုက်ပြောဆိုခဲ့သလို ကိုးကန့်တပ် MNDAA ကလည်း သူတို့ရဲ့လိုလားချက်ကို တရုတ်ဘက်ကို အသိပေးခဲ့ပါတယ်။
ဘီဘီစီရဲ့ စုံစမ်းမှုအရ ကိုးကန့်တပ် MNDAA ရဲ့ ကိုယ်စားလှယ် နှစ်ဦးဟာ သူတို့ရဲ့ ကိုးကန့်အိပ်မက် ဖြစ်တဲ့ အထူးဒေသ(၁) ကို ပြန်လိုချင်တဲ့အကြောင်း မစ္စတာဝမ်ရဲ့ နေပြည်တော်ခရီးစဉ် မတိုင်ခင် တရုတ်ဘက်ကို သွားရောက်အသိပေးအကြောင်းကြားခဲ့တယ် လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်နေတဲ့ ကိုးကန့်တပ် MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း ကို ဒီစစ်ဆင်ရေး နဲ့ပတ်သက်လို့ တရုတ်နိုင်ငံကို ကြိုတင်အသိပေးအကြောင်းကြားခဲ့သလား လို့ ဘီဘီစီ က မေးခဲ့ပေမဲ့ သူက တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုဖြေကြားဖို့ ငြင်းဆန်ပါတယ်။
စစ်ကောင်စီဘက်ကရော ကိုးကန့်ဘက်ကပါ ရှမ်းမြောက်တိုက်ပွဲတွေ နဲ့ ကိုးကန့် အထူးဒေသ(၁)ကို ထိန်းချုပ်ရေးမှာ တရုတ်ကသူတို့ဘက်ကရပ်တည်ပေးဖို့ အလိုရှိနေတယ် လို့ တရုတ်အရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ကိုးကန့်အထူးဒေသ(၁)ထဲမှာရှိတဲ့ အွန်လိုင်းလိမ်လည်မှု (ကျားဖြန်) တွေကို တိုက်ဖျက်ဖို့ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ရတာလို့ မြောက်ပိုင်းမဟာမိတ်တွေက ထုတ်ပြန်ထားပြီး ဒီစစ်ဆင်ရေးအတွင်းမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ ရဲ့ အသက်အန္တရာယ် နဲ့ လုံခြုံရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်မယ်လို့ အသိပေးထားပါတယ်။
အွန်လိုင်းလိမ်လည်မှု (ကျားဖြန်) လုပ်ငန်းတွေကို တိုက်ဖျက်ချင်နေတဲ့ တရုတ်နိုင်ငံရဲ့အာသီသ ကို စစ်တပ်ရော ကိုးကန့်တပ်ကပါ နားလည်ထားကြပါတယ်။
တရုတ်နယ်စပ်က (ကျားဖြန်) လုပ်ငန်းတွေ နဲ့ ပတ်သက်လို့ နှစ်ဖွဲ့က အပြန်အလှန်စွပ်စွဲထားကြပါတယ်။
စစ်ကောင်စီဘက်က ဒီနှစ်ကုန်မှာ အွန်လိုင်းလိမ်လည်မှု (ကျားဖြန်) လုပ်ငန်းတွေကို အမြစ်ဖြတ်ချေမှုန်းမယ် လို့ တရုတ်ဘက်ကို ကတိပေးထားပါတယ်။
‘’တရုတ် လိုချင်နေတာက သေချာမှုပဲ။ ဒါကိုဘယ်အဖွဲ့က ပေးနိုင်မလဲဆိုတာ တရုတ်က စောင့်ကြည့်မှာပဲ။ ဒါပေမဲ့ အချိန်အများကြီး ပေးမယ်မထင်ဘူး’’ လို့ ဝါရင့် နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး နဲ့ တရုတ်
မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကြောင့် ၁၀၂၇ စစ်ဆင်ရေး မှာ တရုတ်ပတ်သက်နေသလား၊ ဒီစစ်ဆင်ရေးကို အရှိန်သပ်ဖို့တရုတ်က စွမ်းဆောင်နိုင်လားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။
၁၀၂၇ စစ်ဆင်ရေး မှာ တရုတ်ပါဝင်တယ်ဆိုတာကို သိသာထင်ရှားတဲ့ အချက်အလက်တွေတော့ ထွက်ပေါ်မလာသေးပါဘူး။
‘’ နောက်ကွယ်မှာ တရုတ် ရှိနေတယ်လို့ အလွယ်တကူ ခေါင်းစဉ်တပ်ကြတာပါပဲ။ ဒါပေမဲ့ အချက်အလက်လည်းမရှိသလို တရုတ်နိုင်ငံက ဒီလိုထောက်ပံ့ပေးမယ်ဆိုတဲ့မူဝါဒမျိုးလည်းရှိမနေဘူး’’ လို့ စစ်ရေးလေ့လာတဲ့သေနင်္ဂအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး က ဘီဘီစီ ကို ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ စစ်ကောင်စီရဲ့ ဆက်ဆံရေးကောင်းမွန်နေတဲ့ အနေအထားမှာ မမျှော်လင့်ဘဲ ပေါ်လာတဲ့ ဒီစစ်ဆင်ရေးနောက်ကွယ်မှာတရုတ်နိုင်ငံရှိနေမယ်လို့ မယုံကြည်တဲ့အကြောင်း သူက ပြောပါတယ်။
တရုတ်နိုင်ငံက နယ်စပ်တည်ငြိမ်ရေးကို အထူးအလေးထားတဲ့အတွက် သူ့နယ်စပ်မှာ တိုက်ပွဲတွေကြာရှည်နေမှာကိုလိုလားမှာမဟုတ်ဘူး လို့လည်း အကဲခတ်တွေက သုံးသပ်ကြပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ နေ့မှာပဲ ‘’အပစ်အခတ်ရပ်စဲပြီး တိုင်ပင်ညှိနှိုင်းမှုတွေကတစ်ဆင့် ငြိမ်းချမ်းစွာဖြေရှင်းကြဖို့၊ တရုတ်-မြန်မာနယ်စပ်မှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးရရှိအောင် လုပ်ကြဖို့ ‘’ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရှိသူ မော်နင်းက နေ့စဉ်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဘီဘီစီရဲ့ စုံစမ်းမှုအရ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ နဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း တို့ အောက်တိုဘာလ ၈ ရက်က နယ်စပ်မှာ တွေ့ဆုံခဲ့ကြပြီး နှစ်ဖက်လုံးက ဒီတွေ့ဆုံမှုကိုလူသိရှင်ကြားထုတ်မပြောခဲ့ပါဘူး။
ဒီတွေ့ဆုံမှုကို နေပြည်တော်မှာ ပြုလုပ်တဲ့ NCA အပစ်ရပ်စာချုပ်လက်မှတ်ထိုးပွဲ (၈) နှစ်မြောက် အခမ်းအနားကို တက်ရောက်ဖို့ ဆွေးနွေးမှုတစ်ခုအဖြစ်တိုင်းရင်းသားအရေးလေ့လာစောင့်ကြည့်သူတွေက အဲဒီအချိန်တုန်းကသုံးသပ်ခဲ့ကြပါတယ်။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းဟာ အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ NCA အပစ်ရပ်စာချုပ်လက်မှတ်ထိုးပွဲ (၈) နှစ်မြောက် အခမ်းအနားမှာ မိန့်ခွန်းပြောခဲ့ပါတယ်။
တစ်ဖက်မှာလည်း မဟာမိတ်တပ်တွေရဲ့ ရဲတင်းတဲ့ ထိုးစစ်တွေရဲ့ နောက်ကွယ်မှာပံ့ပိုးမှုကြီးကြီးမားမား ရှိနိုင်တယ် ဆိုတဲ့ သုံးသပ်ချက်တွေကတော့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
‘’ပြည်သူ့စစ်တစ်ဖွဲ့ ဖွဲ့ဖို့တောင်လွယ်တာမဟုတ်ဘူး။’’ လို့ စစ်ကောင်စီ နဲ့ နီးစပ်သူအကဲခတ်တစ်ဦးက ပြောပါတယ်။
ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ ရက္ခိုင့်တပ်တော် AA မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ဟာ တရုတ်သြဇာမကင်းဘူး လို့ ဆိုကြပေမဲ့ သူတို့ရဲ့ အင်အားကြီးထွားလာမှုဟာ သူတို့ရဲ့ကြိုးပမ်းအားထုတ်မှုကလည်း အဓိကကျတယ်လို့ လက်နက်ကိုင်အရေးလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
လားရှိုးနားအထိ ရောက်နေတဲ့ မဟာမိတ်တွေရဲ့ သိမ်းပိုက်မှုတွေကနေ တရုတ်က ပြောလို့ ပြန်လည်ဆုတ်ခွာမယ်ဆိုတဲ့ အတွေးကထင်သလောက်လွယ်ကူမနေဘူး လို့ စစ်ရေးအကဲခတ်တချို့က ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ အပေါ် တရုတ်ဩဇာအကြောင်း ပြောတဲ့သူတွေအနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်လေ့လာသင့်တယ် လို့ စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
တရုတ်ပြောရင်ရပ်မှာပဲလို့ တချိန်လုံးပြောခဲ့ရင်း အခုလိုအခြေအနေအထိဖြစ်လာတယ်လို့ သူက ထောက်ပြပါတယ်။
‘’ရပ်ရင် တောင် သူတို့နောက်တခါ ပြန်စဖို့အတွက် ခဏ ရပ်တာပဲရှိတယ်။ Non-State Armed Actor တဖွဲ့ဖွဲ့ကို ပြင်ပ ဩဇာနဲ့ အမြဲတမ်းထိန်းကျောင်းဖို့ခက်ပါတယ်။ အဲ့ဒါကြောင့် လက်နက်ကိုင်မွေးတယ်ဆိုတာ သရဲမွေးသလိုပါပဲ။’’ လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်တဲ့ စစ်ရေးအကဲခတ်တွေကတော့ မြောက်ပိုင်းမဟာမိတ်တပ်တွေအတွက် သူတို့သိမ်းပိုက်ထားတဲ့နေရာတွေကို ဘယ်လောက်ကြာကြာထိန်းချုပ်နိုင်မလဲ ဆိုတာက အဓိက စိန်ခေါ်ချက်ဖြစ်လိမ့်မယ် လို့ သုံးသပ်ကြပါတယ်။
‘’လက်ရှိမှာတော့ စစ်တပ်အခြေအနေတော်တော်ဆိုးနေတာတော့ လက်ခံပါတယ်။ ဒါပေမဲ့ မဟာမိတ်တွေအတွက်လည်း ရေရှည်ထိန်းချုပ်ဖို့ခက်ပါလိမ့်မယ်။ စစ်တိုက်တာက ဒီလောက်လွယ်မနေပါဘူး’’ လို့ စစ်ကောင်စီ နဲ့ရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပါ ဆက်ဆံရေးရှိတဲ့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို မြေပြင်တန်ပြန်ထိုးစစ်ပြန်ဆင်တာ မတွေ့ရသလို လေကြောင်း နဲ့ လက်နက်ကြီးကိုပဲ အားပြုနေပါတယ်။
တရုတ်ကောင်စီဝင်ရဲ့ နေပြည်တော်ခရီးစဉ် ရလာဒ်အပေါ်မူတည်ပြီး ရှမ်းမြောက် က စစ်ရေးအခြေအနေကို စစ်ကောင်စီက ဆုံးဖြတ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။
‘’ဒီပွဲက စစ်ကောင်စီအတွက်ရော မြောက်ပိုင်းမဟာမိတ်တွေ အတွက်ပါ လောင်းကြေးကြီးတာပဲ’’ လို့ နိုင်ငံရေး အကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။