တရုတ်ကပေးတဲ့စာရင်းကြောင့် ဗိုလ်ချုပ်တွေစစ်ဆေးခံနေရ

အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ ကာကွယ်ရေးဒုတိယဝန်ကြီးကစလို့ ဗိုလ်ချုပ်တွေရော အငြိမ်းစား ဗိုလ်ချုပ်တွေ ဆယ်ဂဏန်းဝန်းကျင်အထိ စစ်ဆေးခံနေရပြီး မကြုံစဖူး အရေအတွက်ဖြစ်ပါတယ်။

ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို တပ်မတော်နေ့မတိုင်ခင်က နေအိမ်ကနေ ခေါ်ဆောင်သွားတာလို့ ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးမှာ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေပါ စစ်ဆေးခံလာရတာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာဖမ်းဆီးစစ်ဆေးခံနေရတဲ့ ကိုးကန့်သူဌေးတွေရဲ့ ထွက်ဆိုချက်တွေက မြန်မာပြည်ရဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေအထိ မီးခိုးကြွက်လျှောက်လိုက်လာတာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်လင်းထွန်း နဲ့ ကိုးကန့်သူဌေးတွေဆက်နွှယ်မှု

နေပြည်တော်ကို မရောက်ခင်တုန်းက ဗိုလ်ချုပ်အောင်လင်းထွန်းဟာ ကိုးကန့်ဒေသ မှာ တာဝန်ကျခဲ့ဖူးပါတယ်။

လောက်ကိုင် နဲ့ ချင်းရွှေဟော်ကြားက လုံထန်အုပ်စုက တာကထန် တပ်မမှာ အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးအနေနဲ့ တာဝန်ကျခဲ့တာ ဖြစ်ပါတယ်။

သူတာဝန်ကျချိန် ၂၀၁၈ ဝန်းကျင်က တိုက်ပွဲတွေမရှိတဲ့အတွက် ရှေ့တန်းမှာထက် လောက်ကိုင်မြို့ပေါ်မှာပဲ အချိန်အများစု ကုန်ဆုံးခဲ့တာ လို့ သူနဲ့ရင်းနှီးတဲ့ ကိုးကန့်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဆက်ဆံရေးကောင်းတဲ့ ဗိုလ်မှူးကြီးအောင်လင်းထွန်းဟာ လောက်ကိုင်မြို့ရဲ့ နာမည်ကြီးမိသားစုတွေ ဖြစ်တဲ့ ပယ်၊ဝေ၊မြီ နဲ့ လျို မိသားစုတွေ အားလုံး နဲ့ ရင်းနှီးပါတယ်။

‘’အိမ်လေးအိမ်လုံးနဲ့ ရင်းနှီးတယ်။ နေပြည်တော် နဲ့ လောက်ကိုင်ကို ရွှေလမ်းငွေလမ်းဖောက်တဲ့ သူပေါ့’’ လို့ လောက်ကိုင်က လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တွဲဖက် စစ်ထောက်ချုပ် နဲ့ ကာကွယ်ရေးဒုဝန်ကြီး တာဝန်တွေယူပြီးတဲ့နောက် နေပြည်တော်မှာပဲ နေထိုင်တဲ့ ဗိုလ်ချုပ်အောင်လင်းထွန်း ရဲ့ အိမ်ကို ကိုးကန့်ဧည့်သည်တွေ အမြဲအဝင်အထွက် ရှိကြပါတယ်။

ဗိုလ်ချုပ်အောင်လင်းထွန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် (၃၃) က ဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက်မှ ကာကွယ်ရေးဒုဝန်ကြီးဖြစ်လာတာ ဖြစ်ပါတယ်။

‘’ကိုးကန့်ကအဖွဲ့တွေ နေပြည်တော်သွားတိုင်း ဗိုလ်ချုပ်အိမ်ဝင်လည်ကြတယ်။ သူကလည်း အရမ်းဖော်ရွေတယ်။ အဆက်အသွယ်မပြတ်ကြဘူး’’ လို့ နေပြည်တော်က ကာကွယ်ရေးဒုဝန်ကြီးအိမ်ကို အလည်ရောက်ဖူးတဲ့ ကိုးကန့်လုပ်ငန်းရှင်က ပြောပါတယ်။

ဗိုလ်ချုပ်အောင်လင်းထွန်းဟာ ကျားဖြန့်လုပ်ငန်းတွေ နဲ့ ဆက်စပ်သလားဆိုတဲ့ ဘီဘီစီရဲ့ မေးမြန်းချက်ကိုတော့အဲဒီလုပ်ငန်းရှင်က အတိအကျအဖြေမပေးနိုင်ပါဘူး။

ကိုးကန့်ဒေသကို ရောက်ခဲ့တဲ့ အရာရှိတိုင်းက ကျားဖြန့်မပေါ်ခင်ကတည်းက ကိုးကန့်သူဌေးတွေပေးကြတဲ့ လက်ဆောင်ပဏ္ဍာနဲ့တော့မကင်းကြဘူး လို့ သူကပြောပါတယ်။

ဒါကို စစ်ဘက်ကအရာရှိတွေကလည်း အတည်ပြုပြီး ကိုးကန့်ဒေသကို ကွပ်ကဲရတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဆက်ဆက် နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) မှာတာဝန်ကျတဲ့ ဒကစမှူး အဆက်ဆက်ဟာ အဲဒီဒေသမှာတာဝန်မကျခင်အချိန်ကထက် အဆမတန် ချမ်းသာကြွယ်ဝလာကြတယ် လို့ ပြောကြပါတယ်။

ဗိုလ်ချုပ်ဟောင်းတွေပါ စစ်ဆေးခံနေရ

လက်ရှိစစ်ဆေးခံနေရတဲ့ ဗိုလ်ချုပ်တွေထဲမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်နှင့်နယ်ခြားစောင့်တပ်များညွှန်ကြားရေးမှူးရုံး နဲ့ ဆက်စပ်နေတဲ့ ဗိုလ်ချုပ်ဟောင်းတွေပါ စစ်ဆေးခံနေရတာဖြစ်ပါတယ်။

စစ်ဆေးခံနေရသူတွေထဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဟောင်းလည်းဖြစ် ပြည်ထဲရေးဒုဝန်ကြီးဟောင်းလည်း ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးအမည်လည်း ပါဝင်နေပါတယ်။

ပါတီဘက်ကတာဝန်ရှိသူတစ်ဦးကို ဦးအောင်စိုးကိစ္စနဲ့ပတ်သက်လို့ ဘီဘီစီက မေးမြန်းခဲ့ပေမယ့် အဖြေပြန်မပေးခဲ့ဘဲ ဧပြီ ၂ ရက် နဲ့ ၃ ရက်မှာပြုလုပ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လေးလပတ်အစည်းအဝေးမှာတော့ ဦးအောင်စိုး မတက်ရောက်ခဲ့ဘူးလို့ ပြောပါတယ်။

ပြည်ထဲရေးဒုဝန်ကြီးတွေဖြစ်တဲ့ ရဲချုပ်ဟောင်းတွေလည်း စစ်ဆေးခံနေရပြီး လက်ရှိအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဖြစ်သူ ရဲချုပ်ဟောင်း ဦးဇင်မင်းထက်လည်း ပါဝင်ပါတယ်။

ရဲချုပ်ဟောင်းတွေဖြစ်တဲ့ ဗိုလ်ချုပ်ဇင်မင်းထက်နဲ့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ ကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စစ်ဆေးပြီး ပြန်လွှတ်လိုက်တယ်လို့ နေပြည်တော် ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်နှင့်နယ်ခြားစောင့်တပ်များညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးဟောင်းတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ပိုင်ဦး နဲ့ ဗိုလ်ချုပ်လှမြင့်စိုး တို့လည်း စစ်ဆေးခံရတဲ့စာရင်းထဲပါဝင်ခဲ့ပြီး လောက်ကိုင် ကိစ္စသာမက ရွှေကုက္ကို က ကျားဖြန့်ကိစ္စတွေနဲ့ပါ ပတ်သက်နေတယ်လို့ ဘီဘီစီသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒီစစ်ဆေးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကို ဘီဘီစီက မေးမြန်းခဲ့ပေမယ့် အဖြေမပေးပါဘူး။

မြန်မာပြည်ထဲရောက်နေတဲ့ တရုတ်ထောက်လှမ်းရေးတွေ

တရုတ်နိုင်ငံရဲ့ ထောက်လှမ်းရေးအကြီးအကဲတစ်ယောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နေပြည်တော်ကိုလျှို့ဝှက်လာရောက်ခဲ့ပြီး မြန်မာ - တရုတ် နှစ်နိုင်ငံအကြားအွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးမှုပြီးတဲ့နောက် တရုတ်ရဲ(ထောက်လှမ်းရေး)အယောက် ၃၀ ကို မြန်မာပြည်ထဲမှာ ကျားဖြန့်လုပ်ငန်းတွေကို စုံစမ်းဖို့ ခွင့်ပြုခဲ့တဲ့အကြောင်း စစ်ရုံးကလာတဲ့သတင်းတွေအရ သိရပါတယ်။

ဒါပေမဲ့ တခြားနည်းပေါင်းစုံ နဲ့ အသွင်ယူထားတဲ့ တရုတ်ထောက်လှမ်း‌ရေးတွေကိုထည့်တွက်ရင် တစ်ရာဝန်းကျင်လောက်ရှိနိုင်တယ်လို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို သိတဲ့ ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

အရင်က မြန်မာတရုတ်နယ်စပ် လောက်ကိုင်က ကျားဖြန့်ဂိုဏ်းတွေစီးနင်းမှုမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့ဖူးပေမယ့် ဒီတစ်ခေါက်ကတော့ ရန်ကုန်၊မန္တလေး နဲ့ နေပြည်တော်လိုမြို့ကြီးတွေမှာပါ တရုတ်ထောက်လှမ်းရေးက ဖြန့်ကျက်လာတာဖြစ်ပါတယ်။

နှစ်နိုင်ငံနောက်ဆုံးပေါင်းလုပ်တဲ့ စစ်ဆင်ရေးကတော့ မူဆယ်မှာဖြစ်ပြီး မတ်လ ၂၈ ရက်ကနေ ၃၁ ရက်နေ့အထိ အွန်လိုင်းလိမ်လည်မှု လုပ်နေတယ်လို့ သံသယရှိသူ တရုတ်နိုင်ငံသား ၃၅၂ ဦး နဲ့ မြန်မာ နိုင်ငံသား ၄၈၆ ဦးတို့ကို ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ၃၅၂ ဦးကို တရုတ်ရဲတပ်ဖွဲ့ကို စစ်ကောင်စီက လွှဲပေးခဲ့ပါတယ်။

မြန်မာနဲ့တရုတ်ကြားပူးပေါင်းဆောင်ရွက်မှုမှာ နှစ်နိုင်ငံအပြန်အလှန် ခရီးစဉ်တွေလည်းရှိနေပါတယ်။

တရုတ်ဘက်ကနေပြည်တော်ကို လာသလို စစ်ကောင်စီဘက်ကလည်း တရုတ်ကို သွားခဲ့ပါတယ်။

တရုတ်ထောက်လှမ်းရေး နဲ့ ဖမ်းဆီးထားတဲ့ ကိုးကန့်သူဌေးတွေရဲ့ထွက်ဆိုချက်တွေအရ တရုတ်ဘက်ကပေးပို့လိုက်တဲ့ စာရင်းတွေမှာပါဝင်တဲ့ ဗိုလ်ချုပ်တွေ၊ ရဲချုပ်တွေ နဲ့ အုပ်ချုပ်ရေးအရာရှိတွေကို စစ်ဆေးနေတာပဲဖြစ်ပါတယ်။

ဒီစစ်ဆေးမှုတွေကို စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)က ဦးဆောင်နေတာလို့ ဘီဘီစီကစုံစမ်းသိရှိရပါတယ်။

ကျားဖြန့်ကိစ္စအတွက် တရုတ်ကိုသွားတဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ရဲတပ်ဖွဲ့ကဦးဆောင်ခဲ့ပေမယ့် (စရခ)က လူတွေကပဲ အဓိက ကျတယ်လို့ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

ကျားဖြန့်ကိစ္စအတွက် တရုတ်ကိုနောက်ဆုံးသွားတဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ဧပြီလဆန်းမှာနေပြည်တော်ပြန်ရောက်လာပြီးတွေ့ရှိချက်တွေကို စစ်ကောင်စီဥက္ကဋ္ဌကို အစီရင်ခံမယ်လို့ ခရီးစဉ်အကြောင်းသိရှိသူတစ်ဦးက ပြောပါတယ်။

‘’တပ်ချုပ်ဆီ အစီရင်ခံစာတင်ပြီးရင် စုံစမ်းစစ်ဆေးမှုတွေ ပိုများလာလိမ့်မယ်’’ လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။