ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်ရဲဖမ်းဆီး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့အခြေစိုက် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦး ဟာ တရုတ်နိုင်ငံထဲက ကုန်စည်ပြပွဲတစ်ခုကို သွားရောက်နေတုန်းမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ အဲဒီခရီးစဉ်မှာ လိုက်ပါသွားသူတွေထံက သိရပါတယ်။
ကိုးကန့်လုပ်ငန်းရှင်တွေအပါအဝင် လူ ၇၀ ကျော်ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ထဲက လူ ၁၁ ယောက်ကို အောက်တိုဘာ ၁ ရက် မနက်အစောပိုင်းမှာ သူတို့တည်းခိုတဲ့ ဟိုတယ်တွေကို တရုတ်ရဲက ဝင်ရောက်ဖမ်းဆီးတာ လို့ အဲဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ ဘီဘီစီ သတင်းအရင်းအမြစ် ကပြောပါတယ်။
‘’အိပ်နေတဲ့အချိန် မနက် ၃ နာရီလောက်မှာ တံခါးတွေကိုဖျက်ပြီးဝင်တာ။ ဘယ်သူတွေကဘယ်အခန်းမှာအိပ်လဲဆိုတာ ရဲက စာရင်းအတိအကျသိထားတယ်’’ လို့ အထက်ပါ သတင်းအရင်းအမြစ် က ပြောပါတယ်။
ဒီဖမ်းဆီးမှုအပြီးမှာ ကုန်စည်ပြပွဲကိုသွားတဲ့ ကိုယ်စားလှယ်အဖွဲ့တွေလည်း ပြပွဲမပြီးခင် ပြန်လာခဲ့ကြတယ် လို့ သိရပါတယ်။
အဲဒီခရီးစဉ်မှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ နဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ် တို့ပါ ပါဝင်ပြီး သူတို့ နှစ်ယောက်လည်း ပြန်လာပြီလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ ၁၁ ဦးထဲမှာ ကိုးကန့်ဒေသရဲ့ အချမ်းသာဆုံးလုပ်ငန်းအုပ်စုတွေထဲက နှစ်ဦး ပါဝင်တယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်ကပြောပြီး သူတို့ ရဲ့ ကုမ္ပဏီတွေကိုတော့ ထုတ်မပြောပါဘူး။
ဘီဘီစီ ရဲ့ သီးခြားစုံစမ်းမှုအရ ဖမ်းဆီးခံရသူတွေထဲမှာ လောက်ကိုင်က အကြီးဆုံးလုပ်ငန်းစုဖြစ်တဲ့ ဖူလီလိုက် ကုမ္ပဏီက ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဦးမောင်မောင် ပါဝင်တယ် လို့ သိရပါတယ်။
သူဟာ အစိုးရအဆက်ဆက် နေပြည်တော် နဲ့ ပေါက်ရောက်တဲ့ လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
အခုလို လုပ်ငန်းရှင်တွေကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးတာဟာ လောက်ကိုင်မှာရှိနေတဲ့ ဟိုတယ်တွေမှာ ခြေကုပ်ယူပြီး အွန်လိုင်းလိမ်လည်မှုလုပ်နေတဲ့ကိစ္စတွေ နဲ့ ဆက်စပ်နိုင်တယ်လို့ သုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
‘’တရုတ်ရဲကတော့ အွန်လိုင်းလိမ်လည်မှု နဲ့ သက်ဆိုင်အောင် လုပ်မှာပါပဲ။ သူတို့က ဒီကိစ္စကိုပဲ ပစ်မှတ်ထားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကုမ္ပဏီကတော့ ကျားဖြန့်မလုပ်ဘူး’’ လို့ ဖမ်းဆီးခံရတဲ့ ကုမ္ပဏီတစ်ခုက တာဝန်ရှိသူတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
တရုတ်ရဲတပ်ဖွဲ့က ကူမင်းမြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးကို အကြောင်းကြားတဲ့စာမှာတော့ အခုဖမ်းဆီးထားသူတွေဟာ တရုတ်နိုင်ငံရဲ့ ဥပဒေစည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ ယူဆတဲ့အတွက် ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တချို့က မြန်မာကောင်စစ်ဝန်ရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ဘယ်မှာဖမ်းထားလဲ ဆိုတာကို မသိရဘူး လို့ ဘီဘီစီ ကိုပြောပါတယ်။
‘’ကောင်စစ်ဝန်ကိုယ်တိုင် တရုတ်ပြည်တွင်းလုံခြုံရေးဌာနကို ဆက်သွယ်မေးမြန်းပေးပါတယ်။ ဒါပေမဲ့ ဘယ်မှာဖမ်းထားလဲဆိုတာတောင် မသိရပါဘူး’’ လို့ ဒီဖမ်းဆီးခံရမှုကို လိုက်လံစုံစမ်းပေးနေတဲ့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူး ပါ ပါဝင်ပြီး တရားဝင်ဖိတ်ကြားတဲ့ ခရီးစဉ်အတွင်းမှာ အခုလိုဖမ်းဆီးခံရတာကို အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေက မကျေမနပ်ဖြစ်နေကြပါတယ်။
လောက်ကိုင်မြို့ တစ်ဘက်ခြမ်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျိန်းခမ်းခရိုင်မှာ လုပ်တဲ့ ကုန်စည်ပြပွဲအတွက် ကျိန်းခမ်းခရိုင်ကုန်သည်ကြီးများအသင်းက ကိုးကန့်လုပ်ငန်းရှင်တွေကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့က ကုန်သည်စက်မှု အသင်းက လုပ်ငန်းရှင်တစ်ဦးကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်စက်မှု အသင်းကတဆင့် ဒီကိစ္စကိုသိရကြောင်း အတည်ပြုပါတယ်။
စက်တင်ဘာလ နောက်ဆုံးပတ် မှာ မြန်မာ-တရုတ်နယ်စပ်မြို့ လောက်ကိုင်က အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၇၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ကာစီနိုရော၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေပါရှိနေတယ်လို့ နာမည်ကြီးတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသက လောက်ကိုင်မြို့မှာ အခုလိုတရုတ်နိုင်ငံသား ရာဂဏန်းကို ပထမဆုံးအကြိမ် ဖမ်းဆီးပြီး တရုတ်နိုင်ငံကိုလွှဲအပ်ဖို့စီစဉ်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီရာချီတဲ့ ကိန်းဂဏန်းဖမ်းမိတာကို တရုတ်ဘက်က ကျေနပ်ဟန်မပြဘဲ ဒီထက် အရေအတွက်များများ နဲ့ အရေးကြီးခေါင်းဆောင်ပိုင်းကို လိုချင်နေတယ် လို့ တရုတ်ရဲ နဲ့ အဆက်အသွယ်ရှိသူ ကိုးကန့်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
တရုတ် နိုင်ငံရဲ့ ပိုင်နက်ထဲမှာ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးရတဲ့အကြောင်းရင်းကို ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အောက်တိုဘာ ၃ ရက် ညနေပိုင်းအထိ ပြန်လည် ဖြေကြားခြင်းမရှိပါဘူး။
ဒါ့အပြင် စစ်ကောင်စီဘက်ကိုလည်း ဒီဖမ်းဆီးခံရမှု နဲ့ ပတ်သက်ပြီး မြန်မာဘက်က ဘယ်လိုကူညီဆောင်ရွက်ပေးနေလဲလို့ မေးမြန်းထားပေမဲ့ ပြန်လည် မဖြေကြားသေးပါဘူး။