ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လောက်ကိုင် - တိုက်ပွဲတွေဝန်းရံနေတဲ့မြို့
မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်၊ နမ့်ဖာဟော်ဂိတ်မှာ ကိုးကန့်အလံလွှင့်ထူလိုက်တာကို ဆယ်စုနှစ်တစ်ခုကျော်အတွင်းပထမဆုံးပြန်မြင်ရပြီး ကိုးကန့်ဒေသ၊ အုပ်ချုပ်ရေးအပြောင်းအလဲရဲ့ သင်္ကေတတစ်ခုဖြစ်လာပါတယ်။
မြန်မာအစိုးရက ၁၄ နှစ်ကြာ ထိန်းသိမ်းထားတဲ့ တရားဝင်နယ်စပ်ဂိတ်တစ်ခုကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်လိုက်တာဖြစ်ပြီး ခဲတပစ်အကွာက တရုတ်ဘက်အခြမ်းမှာတော့ တရုတ်လုံခြုံရေးအဖွဲ့တွေရှိနေပါတယ်။
အောက်တိုဘာ ၂၇ ရက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ကိုးကန့်တပ်ရဲ့ ဦးဆောင်မှု နဲ့အတူ မဟာမိတ်တပ်တွေက ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာရှိတဲ့ ကိုးကန့်ဒေသရဲ့ ချင်းရွှေဟော်အပါအဝင် မြို့လေးမြို့နဲ့ စစ်ကောင်စီ တပ်စခန်းပေါင်း ၉၀ ကျော်ကို သီတင်းတစ်ပတ်အတွင်းသိမ်းပိုက်လိုက်ပါတယ်။ ဒါပေမဲ့ ကိုးကန့်ရဲ့အဓိကမြို့ဖြစ်တဲ့ လောက်ကိုင်ကိုတော့ စစ်ကောင်စီကဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
အောက်တိုဘာလ နောက်ဆုံးအပတ်ကစပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေက ကိုးကန့်အထူးဒေသရဲ့ အုပ်ချုပ်သူအပြောင်းအလဲဆီကို ဦးတည်နေတယ် လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။
လောက်ကိုင်မှာ ဘာတွေဖြစ်နေလဲ
ပြီးခဲ့တဲ့ ကိုးကန့်တိုက်ပွဲတွေမှာတုန်းက လောက်ကိုင်မြို့ ကို MNDAA က တိုက်ခိုက်ခဲ့ပေမဲ့ အခု ၁၀၂၇ စစ်ဆင်ရေးမှာ တစ်ပတ်ကျော်တဲ့အထိ လောက်ကိုင်မြို့ကို ဝင်မတိုက်သေးပါဘူး။
၂၀၀၉ ခုနှစ်က ကိုးကန့်တိုက်ပွဲမှာ မြန်မာစစ်တပ်က ဦးဖုန်ကြားရှင်အုပ်ချုပ်တဲ့ လောက်ကိုင်မြို့ကို ဝင်ရောက်စီးနင်းခဲ့သလို ၂၀၁၅ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ် က MNDAA ရဲ့ ထိုးစစ်မှာလည်း လောက်ကိုင်က အုပ်ချုပ်ရေးရုံးတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
ချင်းရွှေဟော်မြို့ကို အောက်တိုဘာ ၂၇ ရက် မနက်ကတည်းက ကိုးကန့်တပ်က သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ၂၂ မိုင် အကွာအဝေးသာရှိတဲ့ လောက်ကိုင်မြို့ကိုတော့ တစ်ပတ်ကြာတဲ့အထိ မတိုက်ခိုက်သေးပါဘူး။
လောက်ကိုင်မြို့ပေါ်ကို တိုက်ပွဲက ရောက်မလာသေးပေမဲ့ မြို့ပြင်မှာတော့ တိုက်ပွဲကနေ့တိုင်းရှိနေတယ်လို့ လောက်ကိုင်မြို့မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
လောက်ကိုင်မြို့ပြင်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေကလည်း လောက်ကိုင်မြို့ထဲကိုဝင်ရောက်လာနေပြီး တရုတ်နယ်စပ်အနီးမှာ ဒုက္ခသည်စခန်းတစ်ခုဖွင့်လှစ်ထားပါတယ်။
လက်နက်ကြီးသံတွေ နေ့စဉ် ကြားရသလို စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တွေက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) နဲ့ ကုန်းကြမ်း မြို့နယ်ဘက်ကို နေ့စဉ်ဆင်းသက်နေတယ်လို့ လောက်ကိုင်မြို့ခံတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး အစပိုင်းရက်တွေမှာ လောက်ကိုင်ဒေသခံတွေက တိုက်ပွဲဖြစ်မယ်လို့ သေချာပေါက်တွက်ဆပြီး ရိက္ခာတွေ စုဆောင်းပြီး အိမ်ထဲကအိမ်ပြင်မထွက်ကြဘူးလို့ ဒေသခံတွေထံကသိရပါတယ်။
တစ်ပတ်ကြာတဲ့အထိ တိုက်ပွဲတွေမဖြစ်တဲ့အခါ လောက်ကိုင်မှာ စျေးဆိုင်တွေပြန်ဖွင့်ပြီး လူတွေလည်း လမ်းပေါ်ပြန်ထွက်နေကြပြီလို့ သိရပါတယ်။
သားငါးနဲ့ အခြေခံစားသောက်ကုန်တွေဝယ်လို့ရနေသေးပေမဲ့ ကုန်စျေးနှုန်းကတော့ သုံးဆလောက် တက်သွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။
‘’ကစားဝိုင်းတချို့တောင် ပြန်ဖွင့်နေပြီ’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အရင်တိုက်ပွဲတွေလိုမဟုတ်ဘဲ လောက်ကိုင်ကို မတိုက်ခိုက်သေးတဲ့အကြောင်းနဲ့ပတ်သက်လို့ ဘီဘီစီက MNDAA ပြောခွင့်ရ လီကျာဝင်းကို မေးမြန်းခဲ့ပေမဲ့ စစ်ရေးလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားပါတယ်။
ဒါပေမဲ့ ကိုးကန့်စစ်ကြောင်းတွေဟာ လောက်ကိုင်ဘက်ကို ဦးတည်နေပြီလို့ နိုဝင်ဘာ ၁ ရက်မှာ MNDAA က ထုတ်ပြန်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အရေး လေ့လာသုံးသပ်သူတွေနဲ့ နိုင်ငံရေးအကဲခတ်တွေကတော့ လောက်ကိုင်မှာ တိုက်ပွဲတွေမဖြစ်သေးတာနဲ့ပတ်သက်လို့ ကွဲပြားစုံလင်တဲ့ အမြင်အမျိုးမျိုး ရှိနေကြပါတယ်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ဟာ ချင်းရွှေဟော် နဲ့ လောက်ကိုင်ကြားမှာ တည်ရှိပြီး သူ့လက်အောက်မှာ ခြေလျင်တပ် ၇ ခု ထက်မနည်းနဲ့ ပြည်သူ့စစ်တွေလည်း ရှိနေပါတယ်။
ဒါ့အပြင် လောက်ကိုင်မြို့ထဲမှာ ကာစီနိုကုမ္ပဏီ ၅၀ ဝန်းကျင်ရှိပြီး အဲဒီကုမ္ပဏီတွေမှာ ကိုယ်ပိုင်တပ်တွေလည်းရှိနေတယ်လို့ ကိုးကန့်ဦးစီးအဖွဲ့နဲ့ နီးစပ်သူတွေကရော ကာစီနိုကုမ္ပဏီတချို့က ဝန်ထမ်းတချို့ကပါ ဘီဘီစီ ကိုပြောပါတယ်။
‘’လောက်ကိုင်ကို တိုက်ရင် ချင်းရွှေဟော်လိုတော့ လွယ်မှာမဟုတ်ဘူး။ တိုက်ပွဲပြင်းထန်လိမ့်မယ်။ ဒါကြောင့် ကိုးကန့်တပ်က သေချာအချိန်ယူပြင်ဆင်နေပုံရတယ် ’’ လို့ လောက်ကိုင် (ဒကစ) နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံသားတွေ သေဆုံးခဲ့တဲ့ ပစ်ခတ်မှု
လောက်ကိုင်မှာ တိုက်ပွဲမဖြစ်သေးတဲ့ နောက်တစ်ချက်က တရုတ်နိုင်ငံနဲ့ ပတ်သက်နေတယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အောက်တိုဘာ ၂၀ ရက်က လောက်ကိုင်မြို့မှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှု တစ်ခုအတွင်းမှာ တရုတ်နိုင်ငံသားတချို့ ထိခိုက်သေဆုံးခဲ့တဲ့ အခြေအနေကို ချက်ချင်းစုံစမ်းပေးဖို့ ယူနန်ပြည်နယ်၊ လင်ချန်းမြို့၊ နိုင်ငံခြားရေးရာရုံးက ကိုးကန့်ဦးစီးအဖွဲ့ကို ဖိအားပေးခဲ့ပါတယ်။
လောက်ကိုင်က ထင်ရှားတဲ့ မီ မိသားစု ပိုင်တဲ့ဟိုတယ်ဝန်းထဲမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို ဖြေရှင်းပေးဖို့ အာဏာပိုင်တွေကိုသာမကဘဲ ပိုင်ရှင် မီရှောက်ချန်ကိုပါ တရုတ်က တိုက်တွန်းထားပါတယ်။
လောက်ကိုင်က ဘီဘီစီ သတင်းအရင်းအမြစ်ကလည်း ဒီပစ်ခတ်မှုကို အတည်ပြုပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းကထွက်ပြေးတဲ့တရုတ်နိုင်ငံသားတွေ ပစ်ခတ်ခံရတာ လို့ ပြောပါတယ်။
ဒီဖြစ်စဉ်မှာတရုတ်နိုင်ငံသား အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ လောက်ကိုင်မြို့မှာ ပြောဆိုနေကြပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
ဘီဘီစီက ရရှိခဲ့တဲ့ လင်ချန်းမြို့၊ နိုင်ငံခြားရေးရာရုံးက ကိုးကန့်ဦးစီးအဖွဲ့ကိုပို့တဲ့ စာမှာ ‘’ဒေသခံ တရုတ်နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အသက်ဘေးကင်းရေးသေချာစေမယ့် အစီအမံတွေ ဆောင်ရွက်ပေးဖို့’’ တရုတ်ဘက်က အလေးအနက် တောင်းဆိုထားတာ တွေ့ရပါတယ်။
‘’တရုတ်က အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ပါနေတဲ့ လူတွေကို အရှင်လိုချင်နေတယ်။ ဒါမှ ငွေကြေးနဲ့ ကွင်းဆက်တွေကို သူတို့ ဆက်လိုက်လို့ရမှာ’’ လို့ တရုတ်ထောက်လှမ်းရေး နဲ့ နီးစပ်တဲ့လောက်ကိုင်မြို့က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လောက်ကိုင်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နဲ့ ဆက်စပ်သူတွေကို နေ့တိုင်းနီးပါး တရုတ်ဘက်ကို လွှဲပေးနေတာတွေ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီ ကိုပြောပါတယ်။
MNDAA ရဲ့ စစ်ဆင်ရေး ဗျူဟာမှာ လောက်ကိုင်မြို့ကို အထိအခိုက်နည်းစေချင်တဲ့ သဘောထားတွေကိုလည်း တွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ တိုက်ပွဲဖော်ဆောင်မှု နဲ့အတူ MNDAA က ကျင့်သုံးတဲ့ ဗျူဟာ တစ်ခုက လက်နက်ချပြီး ပူးပေါင်းပါဝင်စေတာပဲ ဖြစ်ပါတယ်။
MNDAA ကြေညာချက်တစ်စောင်မှာ စစ်သားတွေအပါအဝင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဝန်ထမ်းတွေကို သူတို့နဲ့ ပူးပေါင်းပြီး ရုံးစာရွက်စာတမ်းတွေ နဲ့ ငွေကြေးစာရင်းဇယားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားရမယ် ဆိုတဲ့ အချက်တစ်ခု ပါဝင်ပါတယ်။
ဒီအချက်က မြန်မာပြည်ရဲ့ တခြားတော်လှန်ရေး နယ်မြေတွေမှာဖြစ်ပွားနေတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ဗုံးခွဲပြီးအုပ်ချုပ်ရေးပိုင်းကလူတွေကို သတ်ဖြတ်တဲ့ပုံစံနဲ့ နည်းနာကွဲပြားနေတယ် လို့ အကဲခတ်တွေက ထောက်ပြကြပါတယ်။
‘’ဒီမြောက်ပိုင်းကိစ္စမှာ ကိုးကန့်သဘောက ငါတို့က အုပ်ချုပ်ရေးအဖွဲ့ပြောင်းဖို့လာတာ။အပေါ်ပိုင်းပဲပြောင်းမှာဆိုတဲ့သတင်းစကားကိုပေးတာ’’ လို့ စစ်ရေးအကဲခတ်တစ်ဦးကပြောပါတယ်။
လက်ရှိ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ကို လဲလှယ်ဖို့အရေးမှာ မြို့မပျက်စေဖို့ တရုတ်ကဆန္ဒရှိပြီး ချင်းရွှေဟော်ကို သိမ်းခဲ့ပေမယ့် မြို့မပျက်ခဲ့တဲ့ပုံစံကို တရုတ်အရေးကျွမ်းကျင်သူတစ်ဦးက ထောက်ပြပါတယ်။
MNDAA က လောက်ကိုင်မြို့ ကို ၁၀၂၇ စစ်ဆင်ရေး နဲ့ ဝိုင်းပတ်ထိန်းချုပ်ထားပြီး စစ်ကောင်စီက သူ့တပ်တွေကို လေကြောင်းတစ်ခုတည်းကနေပဲ ထောက်ပံ့ပို့ဆောင်ရေးတွေ လုပ်နေရတာ ဖြစ်ပါတယ်။
ကိုးကန့်ဒေသ အုပ်ချုပ်ရေး အပြောင်းအလဲ ဘယ်လိုဖြစ်လာနိုင်မလဲ
၂၀၀၉ ခုနှစ် ကိုးကန့်တိုက်ပွဲနဲ့အတူ ဦးဖုန်ကြားရှင်ကို ဖယ်ရှားခဲ့ပြီးတဲ့နောက် ကိုးကန့်ဒေသကို စစ်တပ်က ထိန်းချုပ်ပြီးသူ့ကို သြဇာခံသူတွေကို အာဏာပေးခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးဖုန်ကြားရှင် ခေတ်လွန်ကိုးကန့်ကို အုပ်ချုပ်ရတဲ့ ဦးပယ်စောက်ချိန် ကစလို့ လက်ရှိ ဥက္ကဋ္ဌ ဦးမြင့်ဆွေ လို့သိကြတဲ့ ဦးလီကျိန်းဖူအထိ စစ်တပ်ရဲ့ သြဇာခံတွေဖြစ်ကြပါတယ်။
တရုတ်က နယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်သူတွေကို ထုတ်ပေးဖို့ တောင်းဆိုခဲ့တဲ့အချိန်မှာ ကိုးကန့်ဦးစီးအဖွဲ့ နဲ့ ဝ တပ်ဖွဲ့ UWSA တို့ နဲ့ ပြဿနာတွေ အထင်အရှား ရှိခဲ့ပါတယ်။
ကိုးကန့်ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ကိုးကန့်ကိုယ်စားလှယ်အဖွဲ့ကို တရုတ်နိုင်ငံထဲကို ဖိတ်ခေါ်ခဲ့ပြီး ကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက် ကို တရုတ်ဘက်က ဖမ်းဆီးခဲ့ပါတယ်။
ဦးမြင့်ဆွေကိုတော့ တရုတ်ဘက်က ပြန်လွှတ်ခဲ့ပေမဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့ကိစ္စမှာ ကိုးကန့်ကို အားမရဘူးလို့ တရုတ်ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့ ကိုးကန့်လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်တပ်ရဲ့ သြဇာခံတွေကို MNDAA က ကိုးကန့်ရုပ်သေးအဖွဲ့လို့ အမည်ပေးထားပြီး ကိုးကန့်ဦးစီးအဖွဲ့ဝင်တွေကို အလျဉ်းသင့်သလို လမ်းခရီးမှာ ကြားဖြတ် ပစ်ခတ်တိုက်ခိုက်တာတွေ ရှိပါတယ်။
ဦးပယ်စောက်ချိန် ရဲ့ လောင်းကစားကုမ္ပဏီက ပယ်စိမ်း ဖြစ်ပြီးတော့ လောက်ကိုင်မှာရော ချင်းရွှေဟော်မှာပါ ရှိပါတယ်။
ချင်းရွှေဟော်မှာရှိတဲ့ ပယ်စိမ်းဝန်ထမ်းတွေကို MNDAA က ဖမ်းဆီးသွားတဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုးကန့်မှာ ‘ဖုန်’ မိသားစု အာဏာရခဲ့တဲ့အပေါ် လိုလားဟန်မရှိတဲ့အကြောင်း သူ့ရဲ့ ရုပ်သံပြောကြားချက်တစ်ခုမှာ ပြောထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး နဲ့ MNDAA ကသာ လောက်ကိုင်ကို သိမ်းနိုင်ခဲ့ရင် ဦးဖုန်ကြားရှင်ရဲ့ သား ဦးဖုန်တာရွှင်း က ကိုးကန့်ရဲ့ အုပ်စိုးသူ အသစ်ဖြစ်လာမှာပါ။
ဒီလိုဖြစ်မဖြစ်က လောက်ကိုင်ကို သိမ်းနိုင်မှ အဖြေထွက်မှာ ဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ကိုးကန့်မှာနယ်မြေ နှစ်ခု ပေါ်ပေါက်လာနိုင်တယ် လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
လောက်ကိုင်မြို့ကို စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားပြီး ကုန်းကြမ်း နဲ့ ချင်းရွှေဟော်ကို MNDAA က ထိန်းချုပ်တဲ့ ပုံစံသစ်မျိုးလည်းဖြစ်ပေါ်လာနိုင်တယ် လို့ နိုင်ငံရေး အကဲခတ် တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကို ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့မြောက်ပိုင်းညီနောင် သုံးဖွဲ့က ရှမ်းပြည်မြောက်ပိုင်းမှာစတင်ပြီးတဲ့နောက် နိုဝင်ဘာ ၈ ရက်အထိ ၁၃ ရက်တာကာလအတွင်း စခန်းပေါင်း ၁၂၀ ကျော်နဲ့ မြို့ ၄ မြို့ထက်မနည်းကိုသိမ်းပိုက်နိုင်တယ်လို့ပြောထားပါတယ်။
တစ်ချိန်တည်းမှာ နိုဝင်ဘာ ၇ ရက်ညပိုင်းက ကိုးကန့်ဒေသရဲ့ အရေးအကြီးဆုံးလောက်ကိုင်မြို့ပြင်မှာလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်သံတွေညံလာပြီး ဒေသခံတွေကလောက်ကိုင်မြို့ တစ်ခုလုံးကို စစ်တပ်က စစ်ဆင်ရေးဆင်မှာကိုစိုးရိမ်နေကြပါတယ်။
ကိုးကန့်တပ်ဘက်ကတော့ စစ်ကောင်စီတပ်ဟာ လောက်ကိုင်မြို့နယ် မီရှင်းကုတ် (လောက်ကိုင် ဒေသကွပ်ကဲရေး) ကတစ်ဆင့် လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတယ်လို့ရုပ်သံဖိုင်နဲ့ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ လောက်ကိုင်မြို့မှာ ၁၀ ရက်ကျော် မြို့အားလုံး နဲ့အဆက်အသွယ်ဖြတ်တောက်ခံထားရလို့စားနပ်ရိက္ခာနဲ့ ရေ ရှားပါးပြတ်လပ်လာတယ်လို့ မြို့ခံတွေကပြောပါတယ်။