LGBT တွေကို တခြားအာရှနိုင်ငံတွေထက် ထိုင်းနိုင်ငံမှာ ပိုလက်ခံတာ ဘာ့ကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျီရာပွန် ဆရီဂျယမ်
- ရာထူးတာဝန်, ဘီဘီစီ ထိုင်းဌာန
ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့ထဲမှာ ပထမဆုံးနဲ့ အာရှမှာ တတိယမြောက်နိုင်ငံအဖြစ် လိင်တူချင်း လက်ထပ်တာကို လက်ခံတဲ့ ဥပဒေကို အတည်ပြုလိုက်တဲ့ နိုင်ငံဖြစ်လာပါတယ်။
လူပုဂ္ဂိုလ် တစ်ဦးစီတိုင်းဟာ ဥပဒေအရ အတူတူဖြစ်တယ်ဆိုတဲ့ ဖွဲ့စည်းပုံဥပဒေပါ အခြေခံမူနဲ့အညီ ဖြစ်စေဖို့အတွက် “ခင်ပွန်း-ဇနီး” ဆိုတဲ့ စာသားနေရာမှာ “အိမ်ထောင်ဖက်” အဖြစ် ပြောင်းလဲ ဖော်ပြမှာဖြစ်ပါတယ်။
ဒီဥပဒေကို အတည်ပြုဖို့ နှစ်ပေါင်း ၂၀ ကျော် အချိန်ယူခဲ့ရပါတယ်။ ထိုင်းတော်ဝင် ပြန်တမ်းမှာ ထုတ်ပြန်ခဲ့အပြီး ရက်ပေါင်း ၁၂၀ ကြာတဲ့ လာမယ့်နှစ် ၂၀၂၅ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ဒီဥပဒေ စတင်အသက်ဝင်မှာပါ။
တန်းတူညီမျှလက်ထပ်နိုင်ခွင့် ဥပဒေကြမ်းအရ အသက် ၁၈ နှစ်နဲ့ အထက် ကျားမ မရွေး လိင်တူ လိင်ကွဲချင်း တရားဝင် လက်ထပ်ထိမ်းမြား ဒါမှမဟုတ် ကွာရှင်းပြတ်စဲခွင့် ရှိလာမှာ ဖြစ်ပါတယ်။
အဲဒီလူတွေဟာ အိမ်ထောင်ဖက်တစ်ဦးအနေနဲ့ အစိုးရထံက လူမှုဖူလုံရေး အကျိုးခံစားခွင့်၊ ဆေးကုသစရိတ် ပြန်တောင်းခံခွင့်၊ ဆေးကုသမှုဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ ကိုယ့်အိမ်ထောင်ဖက်ပိုင် ဥစ္စာပစ္စည်းကို စီမံခန့်ခွဲနိုင်ခွင့်တွေ ရှိလာမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ တခြားအာရှနိုင်ငံ အတော်များများနဲ့ နှိုင်းယှဉ်ရင် LGBT တွေအပေါ် ဘာ့ကြောင့် သဘောထားပျော့ပြောင်းပြီး လက်ခံနိုင်တာလဲ ဆိုတဲ့ အဓိကအကြောင်းရင်း ၃ ချက်ကို ဘီဘီစီ ထိုင်းဌာနက လေ့လာဖော်ထုတ်ခဲ့ပါတယ်။
ဘာသာရေး ယုံကြည်မှု အကြောင်းရင်းများ
ဒေါက်တာ နာရူပွန် ဒွန်ဝိဆက်ဟာ မင်းသမီး မဟာချက်ကရီ သီရိဒုံ မနုဿဗေဒလေ့လာရေးဌာနက ဌာနက ပညာရှင်တစ်ဦး ဖြစ်ပြီး ထိုင်းနိုင်ငံက LGBTQ အသိုင်းအဝိုင်းရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနဲ့ ကွဲပြားမှုတွေအကြောင်း ၁၀ နှစ်ကျော်ကြာ လေ့လာခဲ့သူ ဖြစ်ပါတယ်။
သူက ဗုဒ္ဓဘာသာမှာ LGBTQ တွေကို တားမြစ်ပိတ်ပင်ထားတာမျိုး အပြစ်ပေးတာမျိုး လုံးဝ မရှိဘူးလို့ ဘီဘီစီ ထိုင်းဌာနကို ပြောပါတယ်။ နပုန်းပဏ္ဍုတ် လို့ခေါ်တဲ့ ဖိုမလိင်အင်္ဂါ ထင်ရှားမရှိသူတွေကိုသာ ရဟန်းခံခွင့် တားမြစ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“မွတ်ဆလင် ဒါမှမဟုတ် ခရစ်ယာန်အသိုင်းအဝိုင်းမှာ တစ်ခါတလေ တွေ့ရတတ်သလို LGBTQ တွေကို ဖမ်းဆီး၊ ထောင်အကျဉ်းချ၊ ရိုက်နှက် ညှင်းဆဲတာမျိုး ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းမှာ လုပ်လေ့မရှိပါဘူး။”
ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေ နေထိုင်ပြုမူမှုအရ တကယ်လို့ တခြားသူတွေအပေါ် ဒုက္ခပေးတာမျိုး မလုပ်ဘူးဆိုရင် လူတစ်ယောက်ဟာ နပုန်းပဏ္ဍုတ် အဖြစ် နေထိုင်ခွင့်ရှိတယ်လို့ သူက ပြောပါတယ်။
ယဉ်ကျေးမှုပေါင်းစုံရှိတဲ့ ထိုင်းနိုင်ငံမှာ ဒီအကြောင်းရင်းကြောင့် လိုက်လျောညီထွေရှိတဲ့ လူမှုအသိုင်းအဝိုင်း တစ်ခု ဖြစ်နေတာလို့ သူက ယူဆပါတယ်။
ထိုင်းနိုင်ငံမှာ အမျိုးသား၊ အမျိုးသမီး မသတ်မှတ်နိုင်တဲ့ နတ်ဘုရားပေါင်းများစွာကို ကိုးကွယ်တဲ့ ဟိန္ဒူဘာသာရဲ့ သြဇာလည်း ရှိပါတယ်။ ဒါ့ကြောင့် လိင်ကွဲပြားမှုအပေါ် ယုံကြည်မှု အယူအဆဟာ ထိုင်းလူမျိုးအများစု လက်ကိုင်ထားတဲ့ ဘာသာတရားတွေမှာ အခြေခံထားပါတယ်။
ကိုလိုနီစနစ်ကြောင့် ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ခဲ့သလဲ
ဒါ့အပြင် အရင်က ဆီယမ် လို့ ခေါ်တဲ့ ထိုင်းနိုင်ငံဟာ ၁၈ ရာစုမှာ ကိုလိုနီ နယ်ချဲ့ မခံခဲ့ရတဲ့အတွက်လည်း ကိုလိုနီနယ်ချဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ သြဇာလွှမ်းမိုး ခံရမှုကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။ လိင်တူချင်း ဆက်ဆံတာကို ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့ အနောက်အုပ်စုနိုင်ငံတွေက ဘုရားမကြိုက်တဲ့ အပြစ်ကျူးလွန်မှုတစ်ခုအဖြစ် သတ်မှတ်ထားတာမို့ ဒါကို တားမြစ်တဲ့ ဥပဒေတွေ ချမှတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥပမာအားဖြင့် မြန်မာနိုင်ငံဟာ တစ်ချိန်က ထိုင်းနိုင်ငံလိုပဲ LGBTQ တွေကို ပွင့်ပွင့်လင်းလင်း လက်ခံတဲ့ လူမှုအသိုင်းအဝိုင်း ဖြစ်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ လိင်စိတ်ခံယူမှု ကွဲပြားသူတွေဟာ နတ်ကန္နားပွဲတွေ၊ မင်္ဂလာပွဲတွေ၊ ဘာသာရေးအခမ်းအနားတွေမှာ ပါဝင်ခွင့် ရခဲ့ကြပါတယ်။
ဒါပေမဲ့ ၁၈၂၀ ပြည့်လွန်နှစ်ပိုင်း ရောက်တဲ့အခါမှာတော့ မြန်မာနိုင်ငံဟာ ဗြိတိသျှတွေရဲ့ နယ်ချဲ့တာ ခံခဲ့ရပြီး ကိုလိုနီအုပ်စိုးသူတွေက လိင်တူဆက်ဆံရင် ရာဇဝတ်မှုမြောက်တဲ့ ဥပဒေ ပြဋ္ဌာန်းခဲ့ပါတယ်။ လိင်တူ ဆက်ဆံတာဟာ ဘုရားသခင်ရဲ့ အလိုတော်ကို ဆန့်ကျင်တဲ့ အပြစ်တစ်ခုအဖြစ် သတ်မှတ်ထားတာကြောင့် မြန်မာနိုင်ငံသားတွေ လိင်တူဆက်ဆံတာကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ မလေးရှားနဲ့ စင်္ကာပူတို့လို နိုင်ငံတွေလည်း ဗြိတိသျှရဲ့ နယ်ချဲ့ခံရပြီး ဗြိတိသျှသြဇာအောက် ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၁၈၈၀ ပြည့်လွန်နှစ်ပိုင်းတွေမှာ ပြင်သစ် ကိုလိုနီနယ်ချဲ့ လက်အောက် ရောက်ခဲ့ရတဲ့ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာလည်း ဗြိတိသျှ ဥပဒေနဲ့ အလားတူတဲ့ ဥပဒေတွေ ချမှတ်ခဲ့ပြီး လိင်တူထိမ်းမြားမှုကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
အမျိုးသမီး၊ အမျိုးသား အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပြီး မိသားစုဝင်တစ်ခုမှာ အမျိုးသားတွေက အိမ်ထောင်သားမွေးပြုလုပ်ပြီး အမွေဆက်ခံနိုင်သူတွေကို မွေးထုတ်ပေးဖို့ မျှော်လင့်ကြတဲ့ တရုတ်နိုင်ငံရဲ့ ကွန်ဖြူးရှပ် အယူအဆဟာ ဗီယက်နမ် နိုင်ငံမှာလည်း လွှမ်းမိုးပါတယ်။ အဲဒီအတွက် ဒီနိုင်ငံတွေမှာတော့ လိင်တူ စိတ်ဝင်စားသူတွေအပေါ် ပွင့်ပွင့်လင်းလင်း လက်ခံတာမျိုး မရှိပါဘူး။
လိင်ပိုင်းဆိုင်ရာ မတူကွဲပြားတဲ့ အမြင်သဘောထားအပေါ် လက်ခံမှုနဲ့ ပတ်သက်လို့ အစ္စလာမ်ဘာသာရဲ့ လွှမ်းမိုးမှုအကြောင်းကိုလည်း ဒေါက်တာ နာရူပွန်က ရှင်းပြပါတယ်။ "အစ္စလာမ်ဘာသာကျမ်းစာမှာ အမျိုးသားတွေဟာ အမျိုးသမီးလို ဝတ်စားဆင်ယင်ခွင့် မရှိကြောင်းနဲ့ တခြားအမျိုးသားတွေနဲ့ ရည်ငံတာကို ခွင့်မပြုကြောင်း ထင်ထင်ရှားရှား ဖော်ပြထားပါတယ်။ အစ္စလာမ်ဘာသာအရ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ လိင်တူစိတ်ဝင်စားသူတွေ၊ လိင်စိတ်နှစ်ခွ ရှိသူတွေအပေါ် ဖိနှိပ်ခွင့် ရှိတာကို တွေ့ရပါတယ်။ ဘာသာရေး ဥပဒေကို ချိုးဖောက်သူတွေကို သတ်ဖြတ်ခဲ့တဲ့ အမှုတွေကိုလည်း တွေ့ရပါတယ်။"
သမိုင်းကြောင်းဆိုင်ရာ အကြောင်းရင်းများ
ထိုင်းလူမှုအသိုင်းအဝိုင်းက LGBTQ တွေအပေါ် ဘာ့ကြောင့် ပိုလက်ခံကြတာလဲ ဆိုတာနဲ့ ပတ်သက်လို့ သမိုင်းကြောင်းဆိုင်ရာ အကြောင်းရင်းတွေလည်း ရှိနေပါတယ်။ ဟိုးအရင်က ထိုင်းနိုင်ငံက ဒေသတချို့မှာ ထိုင်းလူမျိုးတွေ အိမ်ထောင်ပြုရင် မိသားစုထဲကနေထွက်ပြီး ဇနီးသည်နဲ့ လိုက်နေရပါတယ်။
ဒါ့ကြောင့် သားတွေ အိမ်ထောင်ကျရင် မိသားစုတွေမှာ လုပ်ကိုင်ရှာဖွေပေးမယ့်သူ ဆုံးရှုံးသွားရလေ့ ရှိပါတယ်။ အဲဒီအတွက် ထိုင်းမိသားစုတွေက LGBTQ သားတွေကို ပိုသဘောကျကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် LGBTQ တွေဟာ လူတွေကြားထဲ အထူးသဖြင့် လယ်ယာလုပ်ငန်းတွေမှာ အလုပ်လုပ်တဲ့အခါ ပုံမှန်အတိုင်း ပြုမူ လုပ်ကိုင်လေ့ရှိပါတယ်။ ဒါ့ကြောင့် ရှေးခတ် ထိုင်းလူမှုအသိုင်းအဝိုင်းမှာ သူတို့ကို ခွဲခြားဆက်ဆံတာမျိုး မရှိခဲ့ပါဘူး။
“တန်းတူ လက်ထပ်ထိမ်းမြားခွင့်” ဟာ အောင်ပွဲတစ်ခုဖြစ်ပေမဲ့ စိန်ခေါ်မှုတွေ ရှိနေဆဲ
ထိုင်း လူမှုအသိုင်းအဝိုင်းက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကမှစပြီး LGBTQ တွေရဲ့ အခွင့်အရေးတွေကို တောင်းဆိုခဲ့ကြသလို LGBTQ တွေအပေါ် မုန်းတီး ဖယ်ကျဉ်ထားမှုတွေကို အဆုံးသတ်ဖို့ တိုက်တွန်းမှုတွေ လုပ်လာခဲ့ကြပါတယ်။
၂၀၀၀ ပြည့်လွန်နှစ်ပိုင်းတွေမှာ နိုင်ငံတကာ LGBT လှုပ်ရှားမှုတွေကို နိုင်ငံအသီးသီးမှာ တပြိုင်တည်း ကျင်းပခဲ့ရာကနေ ထိုင်းနိုင်ငံက လှုပ်ရှားမှုတွေအပေါ် လည်း အရှိန်ရ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ လိင်တူချင်း လက်ထပ်ထိမ်းမြားတာကို လက်ခံအတည်ပြုလိုက်ပေမဲ့ စိန်ခေါ်မှုတွေက ရှိနေဆဲပါ။

ဓာတ်ပုံ ရင်းမြစ်, U.S. National Archives and Records Administration
“ထိုင်းနိုင်ငံဟာ အနောက်အုပ်စု ကိုလိုနီနယ်ချဲ့ နိုင်ငံတွေရဲ့ လက်အောက်ကို တစ်ခါမှ မကျရောက်ခဲ့ဖူးပေမဲ့လည်း စစ်အာဏာရှင်နဲ့ စစ်ပညာရေးစနစ်ရဲ့ ကြီးစိုးအုပ်ချုပ်မှုကို ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ထိုင်းလူမှုအသိုင်းအဝိုင်းမှာ အာဏာရှင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ ဘက်လိုက်မှုတွေ နှစ်ပေါင်း ၈၀ လောက် ရှိနေခဲ့တာကြောင့် LGBTQ တွေအတွက် ဘေးကင်းလုံခြုံရာ နေရာ မရှိပါဘူး” လို့ မင်းသမီး မဟာချက်ကရီ သီရိဒုံ မနုဿဗေဒလေ့လာရေးဌာနက ပညာရှင် ဒေါက်တာ နာရူပွန် က ထောက်ပြပါတယ်။
ဒေါက်တာ နာရူပွန်က ၁၉၃၀ နှောင်းပိုင်းနှစ်တွေမှာ ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့သူ ဖလက် ဖိဘွန်ဆောင်ခရမ် ကို ရည်ညွှန်း ပြောနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို ခေတ်မီနိုင်ငံဖြစ်အောင် ကြိုးစားရင်း ထိုင်းလူမျိုးတွေကို မွေးရာပါလိင်အရ ဝတ်စားဆင်ယင်ဖို့ ညွှန်ကြားထားတဲ့ တင်းကျပ်တဲ့ ဥပဒေသစ် အတော်များများကို မစ္စတာ ဖိဘွန်ဆောင်ခရမ် က ပြဋ္ဌာန်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီအတွက် အခု တန်းတူညီမျှလက်ထပ်ထိမ်းမြားခွင့် ဥပဒေ ထုတ်ပြန်ချက်ကို ထိုင်းလူမှုအသိုင်းအဝိုင်းတွင်းက LGBTQ တွေအတွက် အောင်ပွဲတစ်ခုအဖြစ် ဒေါက်တာ နာရူပွန်က ရှုမြင်ပါတယ်။ ဒါပေမဲ့လည်း ဥပဒေရှိလာရုံနဲ့ ဒီလူတွေအတွက် မိသားစုနဲ့ လူ့အသိုင်းအဝိုင်းက လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု ဖြစ်လာဖို့ အာမ မခံနိုင်ဘူးလို့ ဆိုပါတယ်။
“ဥပမာအားဖြင့် အနောက်အုပ်စုနိုင်ငံ အတော်များများမှာ လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့် ဥပဒေတွေ ပြဋ္ဌာန်းလာနေတာ ၁၀နှစ်ကနေ အနှစ် ၂၀ ကြာ ရှိနေပါပြီ။ ဒါပေမဲ့ ကျောင်းတွေမှာ အနိုင်ကျင့်ခံနေရတဲ့ LGBTQ လူငယ်လေးတွေ အတော်များများ ရှိနေဆဲပါပဲ။ ဒါ့ကြောင့် ဒီဥပဒေက သူတို့ရဲ့ နေ့စဉ်ဘဝမှာ လွတ်လပ်ခွင့် ရနိုင်မယ်ဆိုတာမျိုး အာမ မခံနိုင်ပါဘူး” လို့ ဒေါက်တာ နာရူပွန်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူထုသဘောထားကောက်ခံတဲ့ အဖွဲ့ဖြစ်တဲ့ ယူဂေါ့ (ထိုင်း) ရဲ့ စစ်တမ်း ရလဒ်တွေအရ ထိုင်းလူမျိုး အများစုဖြစ်တဲ့ ၆၄ ရာခိုင်နှုန်းလောက်ဟာ လိင်တူချင်း လက်ထပ်ထိမ်းမြားတဲ့ ဥပဒေအပေါ် အကောင်းဘက်က ရှုမြင်ကြပါတယ်။ ၃၂ ရာခိုင်နှုန်းကတော့ ဒီဥပဒေ ထွက်ပေါ်လာတဲ့အတွက် ဝမ်းသာပျော်ရွှင်နေကြသလို ၁၈ ရာခိုင်နှုန်းကတော့ ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ ၁၄ ရာခိုင်နှုန်းကလည်း မျှော်လင့်ချက်တွေ ပေါ်ထွန်းလာတယ်လို့ ဆိုပါတယ်။ ယေဘူယျအားဖြင့် ဒီဥပဒေကို အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုထောက်ခံကြတာ တွေ့ရပါတယ်။
ယူဂေါ့ ဟာ စျေးကွက်သုတေသန ကုမ္ပဏီတစ်ခုဖြစ်ပြီး လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့် ဥပဒေအပေါ် ထိုင်းပြည်သူတွေရဲ့ သဘောထားအမြင်တွေကို လေ့လာ စစ်တမ်းယူခဲ့ပါတယ်။ အသက် ၁၈ နှစ်နဲ့အထက် ထိုင်းပြည်သူ ၂၀၅၅ ဦးရဲ့ အမြင်တွေကို ဇူလိုင်လ ၁၈ ရက်ကနေ ၂၃ ရက်အတွင်း လိုက်လံ ကောက်ယူခဲ့ရာကနေ အပေါ်မှာ ပြောခဲ့တဲ့ စစ်တမ်းရဲ့ ရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။












