လိင်တူလက်ထပ်ထိမ်းမြားခွင့်ကို ထိုင်းဘုရင်မင်းမြတ် အတည်ပြုပေးလိုက်ပြီ

သက်တံ့ရောင်အလံပေါ် လှဲလျောင်းနေတဲ့ အမျိုးသမီးတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Reuters

ထိုင်းဘုရင်မင်းမြတ်ဟာ လိင်တူလက်ထပ်ခွင့်ဆိုင်ရာဥပဒေမူကြမ်းကို လက်မှတ်ထိုး အတည်ပြုပေးလိုက်ပြီဖြစ်တာကြောင့် ထိုင်းဟာ အရှေ့တောင်အာရှမှာ လိင်တူ စုလျားရစ်ပတ်တာကို အသိအမှတ်ပြုတဲ့ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။

အဲဒီဥပဒေမူကြမ်းကို ထိုင်းအထက်လွှတ်တော်က ဇွန်လကတည်းက အတည်ပြုခဲ့တာဖြစ်ပြီး ဥပဒေအဖြစ်အတည်ပြုဖို့ တော်ဝင်ထောက်ခံချက် လိုအပ်နေခဲ့တာဖြစ်ပါတယ်။

အခုတော့ ဒီဥပဒေကို တော်ဝင်ပြန်တမ်းမှာ အင်္ဂါနေ့တုန်းက ထုတ်ပြန်လိုက်တာဖြစ်ပြီး နောက်နှစ် ဇန်နဝါရီလ ၂၂ ရက်မှာ စတင်အသက်ဝင်မယ်လို့ ဆိုပါတယ်။

တက်ကြွလှုပ်ရှားသူတွေကတော့ ဒါဟာ သမိုင်းဝင် မှတ်တိုင်တစ်ရပ်လို့ဆိုပြီး ကြိုဆိုကြပါတယ်။ ဘာကြောင့်လဲဆိုရင် နှစ်နဲ့ချီကြာအောင် လှုပ်ရှားစည်းရုံးခဲ့တဲ့ သာတူညီမျှ လက်ထပ်ခွင့် အကောင်အထည်ပေါ်လာမှာကြောင့်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ဒေသတွင်းမှာဆိုရင် လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBTQ+ အသိုက်အဝန်း အပေါ် လိုလားလက်ခံမှုပြတဲ့ အရှေ့တောင်အာရှမှာ ရှားရှားပါးပါး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

မြို့တော် ဘန်ကောက်က အစိုးရအိမ်တော်မှာ ဇွန်လ ၁၈ ရက်တုန်းက ပြုလုပ်တဲ့ တန်းတူလက်ထပ်ထိမ်းမြားခွင့် ဥပဒေ အောင်မြင်မှုအထိမ်းအမှတ်ပွဲမှာ ပါဝင်နေကြတဲ့ ထိုင်းစုံတွဲ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မြို့တော် ဘန်ကောက်က အစိုးရအိမ်တော်မှာ ဇွန်လ ၁၈ ရက်တုန်းက ပြုလုပ်တဲ့ တန်းတူလက်ထပ်ထိမ်းမြားခွင့် ဥပဒေ အောင်မြင်မှုအထိမ်းအမှတ်ပွဲမှာ ပါဝင်နေကြတဲ့ ထိုင်းစုံတွဲ

ဥပဒေသစ်မှာတော့ ''အကြင်လင်ယောက်ျားတွေ''၊ ''ဇနီးမယားတွေ'' တွေအစား လိင်ဖြစ်တည်မှုကို တသီးတသန့်ညွှန်းဆိုတာမျိုးမဟုတ်တဲ့ ''အမျိုးသားတွေ''၊ ''အမျိုးသမီးတွေ'' လို့ပဲ ဖော်ညွှန်း ခေါ် ဝေါ် သုံးနှုန်းမှာဖြစ်ပါတယ်။ ဥပဒေအရ လိင်တူလက်ထပ်ထားတဲ့စုံတွဲတွေဟာ ကလေးမွေးစားခွင့်နဲ့ အမွေဆက်ခံခွင့် အခွင့်အရေးတွေကိုလည်း အာမခံပေးထားပါတယ်။

“ဒီနေ့မှာ ကျွန်မတို့ဟာ လက်ထပ်စာချုပ်မှာ ကျွန်မတို့နာမည်တွေကို ရေးထိုးနိုင်ရုံတင်မဟုတ်ပါဘူး။ သမိုင်းစာမျက်နှာတစ်ခုကိုလည်း ရေးထိုးတာဖြစ်ပါတယ်။ ... ဒါက ဘာကိုပြလဲဆိုရင် ကျွန်မတို့ ဘယ်လိုပုံစံနဲ့ပဲ မွေးဖွားလာပါစေ ချစ်ခြင်းမေတ္တာက ခွဲခြားမှုမရှိဘူးဆိုတာကိုလည်း ပြသပါတယ်'' လို့ LGBTQ+ အရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ဘန်ကောက် Pride လှုပ်ရှားမှုကို ပူးတွဲ ထူထောင်သူလည်းဖြစ်တဲ့ အန်း ချူမာပွန်းက ဘီဘီစီကို ပြောပါတယ်။

''ဒါဟာ တန်းတူညီမျှမှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် အောင်မြင်မှုလည်းဖြစ်ပါတယ်''

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လာမယ့်နှစ် ဇန်နဝါရီလ ၂၂ ရက်မှာ LGBTQ+ စုံတွဲပေါင်း ၁,၀၀၀ ကျော် ပါဝင်မယ့် စုပေါင်းလက်ထပ်ပွဲ ကြီးတစ်ခုကို ပြုလုပ်သွားဖို့လည်း စီစဥ်ထားတယ်လို့ သူက ပြောပါတယ်။

"[တရားဝင်အသိအမှတ်ပြုမှု]ဟာ ကျွန်တော်တို့ကို ပြည့်ပြည့်ဝဝ လက်ခံလိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့ ဘဝတွေကို တခြားလူတွေရဲ့ဘဝနဲ့နှိုင်းယှဥ်နေစရာမလိုဘဲ လွတ်လွတ်လပ်လပ်နေထိုင်နိုင်ပြီဆိုတယ်လို့လည်း အဓိပ္ပါယ်ရပါတယ်'' လို့ စျေးကွက်ကြော်ငြာဆိုင်ရာကျွမ်းကျင်သူ Kwankaow Koosakulnirund ကပြောပါတယ်။

"အခုတော့ ထိုင်းနိုင်ငံက LGBTQ+ အသိုင်းအဝိုင်းဟာ အခုဆိုရင် ဒီဥပဒေကနေ ဆောင်ကျဥ်းပေးလာတဲ့ ဂုဏ်ယူစရာအခြေအနေကို ထွေးပွေ့ရင်း ချစ်သူရည်းစားဆက်ဆံရေးဆိုတာထက်ပိုတဲ့ အနာဂတ် ဘဝကို မျှော်ကြည့်နိုင်ပါပြီ'' လို့ သူက ပြောပါတယ်။

"ကျွန်မတို့ အားလုံး ပျော်လည်းပျော်၊ စိတ်လည်း လှုပ်ရှားရပါတယ်။ ဒီအခွင့်အရေးအတွက် ကျွန်မတို့ တောင်းဆိုနေတာ ၁၀ နှစ်ကျော်သွားပြီ။ နောက်ဆုံးမှာတော့ ဒီကြိုးစားမှု အရာထင်ခဲ့ပါပြီ'' လို့ နောက်ထပ်တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Siritata Ninlapruek က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် ကတော့ ''အားလုံးရဲ့ချစ်ခြင်းမေတ္တာတွေအတွက် ဂုဏ်ယူပါတယ်။ ချစ်ခြင်းမေတ္တာက အောင်မြင်ပါတယ်'' လို့ လူမှုကွန်ရက် X(အရင်က တွစ်တာ)မှာ ရေးပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းက ပြုလုပ်ခဲ့တဲ့ ဒီဥပဒေမူကြမ်းကို လွှတ်တော်မှာ ဆွေးနွေးအတည်ပြုအပြီး ဓာတ်ပုံအတူတူရိုက်နေကြတဲ့ ထိုင်းလွှတ်တော်အမတ်တွေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့မတ်လတုန်းက ပြုလုပ်ခဲ့တဲ့ ဒီဥပဒေမူကြမ်းကို လွှတ်တော်မှာ ဆွေးနွေးအတည်ပြုအပြီး ဓာတ်ပုံအတူတူရိုက်နေကြတဲ့ ထိုင်းလွှတ်တော်အမတ်တွေ

ဒီဥပဒေ မူကြမ်းအဆင့်ရှိချိန်တုန်းက လူသိရှင်ကြားထောက်ခံခဲ့သူ ထိုင်းဝန်ကြီးချုပ်ဟောင်း ဆေထာ ထဝီဆင်ကလည်း ဥပဒေအတည်ပြုခံရတာကို ထိုင်းနိုင်ငံအတွက် ''ထင်ရှားသိသာတဲ့ခြေလှမ်းတစ်ခု'' လို့ ဂုဏ်ပြုပြောဆိုပါတယ်။

''တန်းတူညီမျှမှုနဲ့ စာနာနားလည်မှုဟာ ထိုင်းလူမှုအဖွဲ့အစည်းမှာ အခြေပိုခိုင်လာပြီဖြစ်ပါတယ်။ လိင်ဖြစ်တည်မှု ကွဲပြားမှုကို နောက်မှာတော့ တဖြည်းဖြည်းနဲ့ ပြည့်ပြည့်ဝဝ လက်ခံလာကြမှာဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်'' လို့ X (အရင်က တွစ်တာ) မှာရေးပါတယ်။

ဥပဒေအသက်ဝင်လာတဲ့အခါမှာတော့ ထိုင်းနိုင်ငံဟာ အာရှမှာ လိင်တူစုံတွဲတွေ လက်ထပ်ခွင့်ရှိတဲ့ တတိယမြောက်နေရာဖြစ်လာမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်ဝမ်ကျွန်းနဲ့ နီပေါနိုင်ငံတို့မှာ လက်ထပ်ခွင့်ရှိထားပြီးဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက လိင်တူလက်ထပ်ခွင့်ကို အာရှမှာ ပထမဆုံးအနေနဲ့ ထိုင်ဝမ်လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ နီပေါနိုင်ငံကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ပထမဆုံး လိင်တူလက်ထပ်ခွင့်ကို တရားလွှတ်တော်ချုပ်အဆုံးအဖြတ်ကို ခံယူခဲ့ပြီး တရားလွှတ်တော်ချုပ်ကလည်း ၅ လကြာမှာ အတည်ပြုပေးခဲ့ပါတယ်။

ဒါဟာ အိန္ဒိယတရားရုံးချုပ်က လိင်တူလက်ထပ်ခွင့်ကို ဆန့်ကျင်တဲ့ဆုံးဖြတ်ချက်ကို ချပြီး တစ်လအကြာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို အိန္ဒိယအစိုးရကသာ ဆက်ပြီးဆုံးဖြတ်ဖို့ ကျန်တော့တာဖြစ်ပြီး အစိုးရကတော့ လိင်တူလက်ထပ်ခွင့် အခွင့်အရေးတွေ ပိုပြီးပေးနိုင်ဖို့ ကမကထ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့ပြောပါတယ်။

စင်္ကာပူနိုင်ငံကတော့ လိင်တူ လိင်တူဆက်ဆံတာကို တားမြစ်ကန့်သတ်တဲ့ ကိုလိုနီခေတ်ဥပဒေပါ ပုဒ်မ ၃၇၇(က)ကို ပယ်ဖျက်ခဲ့ပြီး လက်ထပ်ထိမ်းမြားမှုဆိုတဲ့အဓိပ္ပါယ်ကို ဖော်ညွှန်းရာမှာ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးတို့ ထိမ်းမြားမှုဆိုတဲ့ရည်ညွှန်းချက်ထက် ကျော်လွန်ဖို့ ရုံးတော်မှာ လျှောက်ထားမှုတွေကို ဟန့်တားနိုင်ရေး ဖွဲ့စည်းပုံကို ပြင်ဆင်ခဲ့ပါတယ်။