ဘယ်နိုင်ငံတွေမှာ လိင်တူကြိုက်တာ တရားမဝင်သတ်မှတ်ထားသလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် ဒုသမ္မတ ကမ်မလာ ဟဲရစ်စ်က အာဖရိကတိုက်က သုံးနိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်ခဲ့ရာမှာ လိင်တူအခွင့်အရေး လှုံ့ဆော်တဲ့ မိန့်ခွန်းတွေ ပြောကြားခဲ့တဲ့အတွက် အဲဒီနိုင်ငံတွေက အာဏာပိုင်တွေရဲ့ ဝေဖန်တာ ခံခဲ့ရပါတယ်။
အကြောင်းကတော့ သူ သွားရောက်ခဲ့တဲ့ သုံးနိုင်ငံဖြစ်တဲ့ ဂါနာ၊ တန်ဇန်းနီးယားနဲ့ ဇမ်ဘီယာ သုံးနိုင်ငံစလုံးဟာ လိင်တူချင်း နှစ်သက်လိင်ဆက်ဆံမှုကို တရားမဝင်ကြောင်း ပြဋ္ဌာန်းထားလို့ပဲ ဖြစ်ပါတယ်။
မစ္စ ဟဲရစ်စ်ဟာ ဂါနာအရောက်မှာ ဂါနာပါလီမန်ကို လူတိုင်းအပေါ် တန်းတူညီမျှ ဆက်ဆံသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့တာကို တွေ့ရပါတယ်။
အဲဒီ ဂါနာပါလီမန်ဟာ လိင်တူအခွင့်အရေး လှုပ်ရှားမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့အပြင် မိမိကိုယ်ကို လိင်တူချစ်ကြိုက်သူ ဒါမှမဟုတ် မွေးရာပါ လိင်ကို ပြောင်းလိုသူတွေကို ထောင်ဒဏ် ချမှတ်ဖို့ အဆိုပြုတဲ့ ဥပဒေကို ပြဋ္ဌာန်းခဲ့တာ ဖြစ်တဲ့အတွက် ဒါကို မစ္စ ဟဲရစ်စ်က ပစ်မှတ်ထားပြီး ဝေဖန်ခဲ့ပုံရပါတယ်။
ဒီလို မစ္စ ဟဲရစ်စ်က ပြောကြားမှုအပေါ် ဂါနာပါလီမန် ဥက္ကဋ္ဌ အယ်လဘန် ဘက်ဂ်ဘင်က ဒီမိုကရက်တစ် နည်းမကျဘူးလို့ ဝေဖန်ခဲ့ပြီး အမတ်တွေအနေနဲ့လည်း ဘယ်သူ့ရဲ့ လွှမ်းမိုး ပြောဆိုမှုကိုမှ ဂရုစိုက်မနေဖို့ တုံ့ပြန်တိုက်တွန်းခဲ့ပါတယ်။
တန်ဇန်းနီးယားမှာ ဆိုရင်လည်း ဝန်ကြီးဟောင်းတဦးက အမေရိကန်ရဲ့ လိင်တူလိင်ကွဲ အခွင့်အရေး ထောက်ခံမှုကို ဝေဖန်ခဲ့တာကို တွေ့ရပြန်ပြီး ဇမ်ဘီယာမှာ ဆိုရင်လည်း အတိုက်အခံ နိုင်ငံရေးသမားတွေဘက်ကပါ မစ္စ ဟဲရစ်စ်ရဲ့ ဇမ်ဘီယာ ခရီးစဉ်ကို ဆန္ဒပြမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တာကို တွေ့ရပါတယ်။
လိင်တူနှစ်သက်ခြင်း တရားမဝင်မှုနဲ့ အာဖရိက
အာဖရိက သုံးနိုင်ငံရဲ့ လိင်တူနှစ်သက်ခြင်း ဆန့်ကျင်မှု နောက်ခံ အကြောင်းကို ကြည့်တဲ့အခါမှာ ကမ္ဘာ့ဘယ်တိုက်ကြီးတွေက နိုင်ငံတွေက လိင်တူနှစ်သက်မှုကို တရားမဝင်ပြုလဲ ဆိုတဲ့ လက်တွေ့အနေအထားနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။
အကြောင်းကတော့ လိင်တူနှစ်သက်ခြင်းကို တရားမဝင် သတ်မှတ်ထားတဲ့ နိုင်ငံတွေ ၆၀ ကျော်ထဲမှာ အာဖရိကတိုက်က နိုင်ငံတွေက တဝက်လောက် ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။
အာဖရိကတိုက်ရဲ့ နိုင်ငံပေါင်း ၃၂ နိုင်ငံအထိက လိင်တူနှစ်သက်မှုကို တရားမဝင် သတ်မှတ်ထားရာမှာ အာဖရိကမြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသက နိုင်ငံတွေက အများစု ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
ဒါတောင်မှ လတ်တလောကာလမှာ အာဖရိကတိုက်က နိုင်ငံတချို့က လိင်တူအခွင့်အရေးနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာကာ နိုင်ငံပေါင်း ၂၂ နိုင်ငံ အထိ လိင်တူနှစ်သက်မှုကို တရားဝင် ခွင့်ပြုထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တချိန်တည်းမှာပဲ တချို့ အာဖရိကတိုက်နိုင်ငံတွေက လိင်တူနှစ်သက်မှုကို ဥပဒေနဲ့ တိတိကျကျ ရာဇဝတ်မှု သတ်မှတ် တားမြစ်တာမျိုး စလုပ်လာတာကိုလည်း တွေ့နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အာဖရိကတိုက်အတွင်း လိင်တူနှစ်သက်မှုဆိုင်ရာ လတ်တလော ဥပဒေပြဋ္ဌာန်းမှု အခြေအနေ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အန်ဂိုလာ သမ္မတ ဂျာအို လော်ရန်ကို က လိင်တူနှစ်သက်မှုကို ခွင့်ပြုတဲ့ ဥပဒေ ပြင်ဆင်မှု ပြုလုပ်ခဲ့ပြီး လိင်ခံယူချက်အရ ခွဲခြားဆက်ဆံခြင်းကို တားမြစ်တဲ့ ဥပဒေကို အတည်ပြု လက်မှတ် ထိုးခဲ့တာ တွေ့ရပါတယ်။
ဂါဘွန် နိုင်ငံဆိုရင်လည်း လိင်တူနှစ်သက်မှုကို ရာဇဝတ်မှုလို့ သတ်မှတ်ပြီး လိင်တူဆက်ဆံမှုကို ထောင် ၆ လနဲ့ ဒဏ်ငွေ ကြီးကြီး ဆောင်ခိုင်းတဲ့ ဥပဒေ ရှိခဲ့ရာကနေ ၂၀၂၀ အရောက်မှာ ဒါကို ပြန်လည် ပယ်ဖျက်ပေးခဲ့တာ တွေ့ရပါတယ်။
ဘော့ဆွားနား တရားရုံးချုပ်ကလည်း လိင်တူနှစ်သက်မှုကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်တော့ကြောင်း စီရင်ချက် ချမှုတွေ လုပ်ခဲ့ပြီး မိုဇမ်ဘိခ်နဲ့ ဆေးရှဲလ် နိုင်ငံတွေမှာ ဆိုရင်လည်း လိင်တူနှစ်သက်မှု ဆန့်ကျင်တဲ့ ဥပဒေတွေကို ဖျက်သိမ်းတာတွေ လတ်တလော နှစ်တွေမှာ လုပ်ခဲ့တာ တွေ့ရပါတယ်။
ဒီလို လိင်တူအခွင့်အရေး လတ်တလော တိုးတက်လာတဲ့ အာဖရိကနိုင်ငံတွေ ရှိသလို ရှိပြီးသား လိင်တူနှစ်သက်မှု ဆန့်ကျင်တဲ့ ဥပဒေတွေကို ပိုမို တင်းကျပ်လာတဲ့ အာဖရိကနိုင်ငံတွေလည်း ရှိနေတာကို တွေ့ရပြန်ပါတယ်။
ဥပမာ နိုင်ဂျီးရီးယားနဲ့ ယူဂန်ဒါနိုင်ငံတွေဆိုရင် အခုလို တင်းကျပ်မှုတွေ လုပ်နေတာ တွေ့ရပြီး ယူဂန်ဒါမှာ လိင်တူအခွင့်အရေး လှုပ်ရှားမှုတွေကိုပါ ဖိနှိပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရတာကို တွေ့ရပါတယ်။
တချို့အာဖရိကတိုက်က နိုင်ငံတွေမှာကျတော့ လိင်တူနှစ်သက်မှုကို ရာဇဝတ်မှု မမြောက်တော့အောင် ကြိုးစားမှုတွေ မအောင်မြင်ခဲ့တာမျိုးကိုလည်း တွေ့ရပြန်ပါတယ်။
၂၀၁၉ မေလမှာ ဆိုရင် ကင်ညာ တရားရုံးချုပ်က လိင်တူနှစ်သက်မှု ရာဇဝတ်မှု ဆက်မြောက်သေးကြောင်း စီရင်ချက် ချမှတ်ခဲ့ပြီး ဒီနှစ် ၂၀၂၃ ဖေဖော်ဝါရီမှာ ဆိုရင်လည်း ကင်ညာမှာ လိင်တူနှစ်သက်သူများ အခွင့်အရေးဆိုင်ရာ အစည်းအရုံးထောင်တာ ပိတ်ပင်မှု မှားယွင်းကြောင်း ဆုံးဖြတ်ချက်ထွက်ခဲ့ပေမယ့် လိင်တူဆက်ဆံမှုကတော့ တရားမဝင် ဆက်ဖြစ်နေဦးမယ်လို့ ဆိုပါတယ်။
အာဖရိကတိုက်မှအပ ကမ္ဘာ့နိုင်ငံတွေရဲ့ လိင်တူအခွင့်အရေး လတ်တလော အပြောင်းအလဲ
မြန်မာနိုင်ငံဟာလည်း လိင်တူနှစ်သက်မှုကို တရားမဝင် သတ်မှတ်ထားတဲ့ နိုင်ငံဖြစ်ပြီး ထောင် ၁၀ နှစ် ပြစ်ဒဏ်လည်း သတ်မှတ်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။
အာရှက စင်္ကာပူနိုင်ငံဆိုရင် ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလ ရောက်မှ အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှုကို တားမြစ်တဲ့ ဥပဒေကို ပြန်လည် ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။
ကျွန်းနိုင်ငံတခုဖြစ်တဲ့ ဘာဘေးဒေါ့စ် ဆိုရင်လည်း စင်္ကာပူနဲ့ တလတည်းပဲ လိင်တူဆက်ဆံမှုကို ရာဇဝတ်မှုပြုခြင်းကို ဖျက်သိမ်းကြောင်း သူတို့ရဲ့ တရားရုံးချုပ်က စီရင်ချက် ချခဲ့တာကို တွေ့ရပါတယ်။
နောက်ထပ် ကျွန်းနိုင်ငံတခုဖြစ်တဲ့ အန်တီဂွာ အန် ဘာဘူဒါ ကလည်းပဲ ၂၀၂၂ ဇူလိုင်လမှာ နှစ်ဖက် သဘောတူတဲ့ လိင်တူဆက်ဆံခြင်းကို ရာဇဝတ်မှု ပြုခြင်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီကြောင်း စီရင်ချ ချပြီး အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
တကမ္ဘာလုံး အနေအထားနဲ့ ကြည့်တဲ့အခါမှာတော့ လိင်တူနှစ်သက်မှုကို တရားဝင်ပြုမှုက တွင်ကျယ်လာနေတာကို တွေ့ရပြီး ကမ္ဘာပေါ်မှာ လိင်တူ လက်ထပ်မှုကို လိင်ကွဲ လက်ထပ်မှုနဲ့ တန်းတူ အသိအမှတ်ပြုတဲ့ နိုင်ငံ ၃၃ နိုင်ငံ ရှိပြီ ဖြစ်သလို လိင်တူ လက်ထပ်မှုအပေါ် လိင်ကွဲ လက်ထပ်မှုလောက် မဟုတ်တဲ့ တရားဝင် အသိအမှတ်ပြုမှုမျိုး လုပ်လာတဲ့ နိုင်ငံ ၃၄ နိုင်ငံ အထိ ရှိနေပြီ ဖြစ်ပါတယ်။
အာဖရိကတိုက်မှာကတော့ အလားတူ လက်ထပ်မှုဆိုင်ရာ အသိအမှတ်ပြုတဲ့ နိုင်ငံအနေနဲ့ တောင်အာဖရိက တနိုင်ငံသာ ရှိပြီး ချွင်းချက်ကတော့ အာဖရိကတိုက်က ကျွန်းဒေသ Mayotte and Reunion ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ကိုလိုနီ ဆိုးမွေတွေကြောင့် လိင်တူနှစ်သက်မှု တားမြစ်တဲ့ ဥပဒေတွေ ကျန်ခဲ့တာလား
လိင်တူနှစ်သက်မှုကို ဥပဒေနဲ့ တားမြစ်တဲ့ လက်ရှိနိုင်ငံတွေမှာ ဒီဥပဒေတွေ ရှိနေခဲ့တာ သူတို့ ကိုလိုနီ လက်ထက်ကတည်းက ဖြစ်တာ များတာကိုလည်း တွေ့ရတတ်ပါတယ်။
ဗြိတိသျှ ကိုလိုနီတွေ ဖြစ်ခဲ့ဖူးတဲ့ ဗြိတိသျှ ဓနဿဟာယ အဖွဲ့ဝင် ၅၃ နိုင်ငံထဲမှာဆိုရင် ၂၉ နိုင်ငံက လိင်တူနှစ်သက်မှုကို တရားမဝင်ကြောင်း ဥပဒေ ပြဋ္ဌာန်းချက်တွေ ရှိနေတာကို တွေ့ရပါတယ်။
မူလ ဗြိတိသျှ ဥပဒေမှာ အမျိုးသားချင်း လိင်တူ နှစ်သက်မှုကိုသာ တားမြစ်တာ ဖြစ်ပေမယ့် တချို့ လွတ်လပ်သွားတဲ့ နိုင်ငံတွေမှာ အမျိုးသမီးချင်း ချစ်ကြိုက်မှုကိုပါ တိုးချဲ့ တားမြစ်တာကိုလည်း တွေ့ရပါတယ်။
မူလ ဗြိတိသျှ ဥပဒေအရ ၁၈၆၁ ခုနှစ်အထိ လိင်တူနှစ်သက်မှုကို သေဒဏ်ပေးခဲ့ဖူးသလိုပဲ လက်ရှိအချိန်အထိ လိင်တူနှစ်သက်မှုကို သေဒဏ် ဆက်ထားနေသေးတဲ့ နိုင်ငံတွေကတော့ ဘရူနိုင်း၊ အီရန်၊ မော်ရစ်တေးနီးယား၊ ဆော်ဒီအာရေဗျ၊ ယီမင်တို့ ဖြစ်ပြီး နိုင်ဂျီးရီးယား မြောက်ပိုင်းက ပြည်နယ်တချို့မှာလည်း သေဒဏ် ဆက်ပေးနေသေးတာကို တွေ့ရပါတယ်။
ဗြိတိသျှ ကိုလိုနီဟောင်း ဆူဒန်နိုင်ငံကတော့ နှစ်ဦးသဘောတူ လိင်တူ ဆက်ဆံမှုကို အခုအထိ တရားမဝင် သတ်မှတ်ပေမယ့်လည်း သေဒဏ်ပေးမှုကိုတော့ ၂၀၂၀ မှာ ပယ်ဖျက်ထားပါတယ်။








