မယ်စကြဝဠာ ပြိုင်ပွဲကို ထိုင်း လိင်ပြောင်းသူဌေးဝယ်

ဓာတ်ပုံ ရင်းမြစ်, JKN
ထိုင်းနိုင်ငံက ကျော်ကြားတဲ့ မီဒီယာ လုပ်ငန်း သူဌေးကြီး တယောက်က မယ်စကြဝဠာပြိုင် ကျင်းပတဲ့ ကုမ္ပဏီကို ဒေါ်လာသန်း ၂၀ နဲ့ ဝယ်ယူလိုက်ပါတယ်။ လိင်ပြောင်းထားသူ တဦး ဖြစ်တဲ့ အန်း ဂျကာပေါင်း ဂျကရာဂျူတာတစ်ပ် ဟာ ထိုင်းနိုင်ငံအတွင်းမှာ ရုပ်မြင်သံကြား အစီအစဥ်တွေ ထုတ်လုပ်တင်ဆက်နေတဲ့ JKN Global Group ရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။
သူကိုယ်တိုင်လည်း ထိုင်းပုံစံနဲ့ ထုတ်လွှင့်ပေးတဲ့ ကျော်ကြားတဲ့ သဘာဝ ရုပ်မြင်သံကြား အစီအစဥ်တွေ ဖြစ်တဲ့ Project Runway နဲ့ Shark Tank တို့မှာ ပါဝင် အသုံးတော်ခံခဲ့ဖူးပါတယ်။ တချိန်က ဒေါ်နယ်ထရမ့်တောင် ပူးတွဲ ပိုင်ဆိုင်ခဲ့တဲ့ ဒီပြိုင်ပွဲကျင်းပတဲ့ ကုမ္ပဏီက ပြိုင်ပွဲကို ပိုမို ကျယ်ပြန့်မှု ရှိအောင် လုပ်ဆောင်လာချိန်မှာပဲ သူက အခုလို ဝယ်ယူလိုက်တာပဲ ဖြစ်ပါတယ်။
မစ္စ ဂျကရာဂျူတာတစ်ပ်ဟာ သူရဲ့ လိင်ပြောင်းမှု အတွေ့အကြုံတွေနဲ့ ပတ်သက်လို့လည်း ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူ ဖြစ်ပါတယ်။ သူက ဒီဝယ်ယူမှုနဲ့ ပတ်သက်လို့ မယ်စကြဝဠာပြိုင်ပွဲ အဖွဲ့အစည်းဟာ သူ့ကုမ္ပဏီအတွက် ခိုင်မာပြီး ဗျူဟာမြောက်တဲ့ ရင်းနှီးမြှုပ်နှံမှု တခု ဖြစ်တယ်လို့ သူ့ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။
ပြိုင်ပွဲဝင်တွေဟာ ဘယ်လို အခြေအနေ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးစံတွေကပဲ ဖြစ်ပါစေ စိတ်ပါဝင်စားမှု ရှိသူ ဘယ်သူမဆိုကို စင်တင်ပေးတဲ့ ဒီပြိုင်ပွဲရဲ့ အစဥ်အလာကို ဆက်လက် ထိန်းသိမ်းဖို့ နဲ့ နောက်မျိုးဆက်သစ်တွေ အတွက်ပါ ဆက်လက်ရှိနေစေဖို့ ပြောင်းလဲမှုတွေကို ဖော်ဆောင်သွားမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
မယ်စကြဝဠာပြိုင်ပွဲ ကျင်းပရေး အဖွဲ့ရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်သူ အေမီ အမ်းမရစ်နဲ့ ဥက္ကဌ ပေါ်လာ ရှူးဂတ်တို့က တွဲဖက် ဆောင်ရွက်နေတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ၊ ကုန်ပစ္စည်းတွေနဲ့လည်း အရင်ကထက် ပိုမို မြဲမြံစွာ လက်တွဲ ထားနိုင်သလို တိုးတက်တီထွင် ဆန်းသစ်မှုတွေကြောင့်လည်း ဒီလောကရဲ့ ရှေ့တန်းကနေ ဦးဆောင်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မယ်စကြဝဠာပြိုင်ပွဲ ကျင်းပရေး အဖွဲ့အစည်းကို အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၁၉၉၆ ခုနှစ်ကနေ ၂၀၁၅ အထိ ပူးတွဲ ပိုင်ဆိုင်ခဲ့ပါတယ်။ မစ္စတာ ထရမ့်က ၂၀၁၆ ခုနှစ်က သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်ရာမှာ အမေရိကန် ပြည်ထောင်စုထဲ တရားမဝင် ရောက်ရှိလာသူ တွေနဲ့ ပတ်သက်လို့ သူ့ရဲ့ မှတ်ချက်ပေး ပြောကြားမှုတွေကြောင့် အဲဒီအချိန်က ရုပ်မြင်သံကြား ကုမ္ပဏီကြီး ၂ ခုက ပြိုင်ပွဲကို ထုတ်လွှင့်ပြသတော့မှာ မဟုတ်ဘူးလို့ ပြောလာခဲ့တဲ့ နောက်မှာ ကုမ္ပဏီကို ရောင်းချသွားခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ထရမ့်ဟာ အရင် မယ်စကြဝဠာ အလစ်ဆီယာ မာချာဒိုကိုလည်း Miss Piggy လို့ ခေါ်ခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်ပစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။
၁၉၉၆ ခုနှစ် ပြိုင်ပွဲမှာ မယ်စကြဝဠာ အဖြစ် ရွေးချယ်ခံခဲ့ရပြီးတဲ့နောက်မှာ သူ့ ကိုယ်အလေးချိန် တက်လာတာကြောင့် အခုလို အခေါ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဗန်နီဇွဲလားသူ မော်ဒယ်က ပြောပြပါတယ်။
မစ္စတာ ထရမ့်ကတော့ ၂၀၁၅ ခုနှစ်မှာ အလားအလာရှိသူတွေကို မြှင့်တင်ပေးတဲ့ အမေရိကန်က WME-IMG အေဂျင်စီကို ပြန်လည် ရောင်းချခဲ့ပါတယ်။
သူ ဒီပြိုင်ပွဲကျင်းပတဲ့ ကုမ္ပဏီကို ဝယ်ယူခဲ့စဥ်က ကုမ္ပဏီဟာ တော်တော် အခက်အခဲတွေနဲ့ ကြုံနေခဲ့ရတာ ဖြစ်တယ်လို့ ရောင်းချစဥ်မှာ မစ္စတာ ထရမ့်က ပြောခဲ့ပါတယ်။ ဒီလို အောင်မြင်မှုတွေ ပြန်ရလာအောင် စွမ်းဆောင်နိုင်ခဲ့တာကို ကျေနပ်အားရ ဂုဏ်ယူကြောင်းနဲ့ အခုထက်ပိုပြီး အောင်မြင်မှုတွေ ရလာတော့မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အားလုံး ပါဝင်နိုင်ရေး တွန်းအားပေး
မယ်စကြဝဠာ ပြိုင်ပွဲနဲ့ ပတ်သက်လို့ လူတန်းစားပေါင်းစုံ ပိုမို ပါဝင်မှုတွေ ရှိလာစေဖို့ ကြိုးစားလာနေချိန်မှာပဲ မစ္စ ဂျကရာဂျူတာတစ်ပ် က ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။
ပြိုင်ပွဲ စီစဥ်ကျင်းပသူတွေကလည်း လာမယ့်နှစ်က စပြီး အိမ်ထောင်ရှင် အမျိုးသမီးတွေနဲ့ မိခင်တွေပါ ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်နိုင်တော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီပြိုင်ပွဲကို အရင်က အိမ်ထောင်တခါမှ မပြုဖူးသူ နဲ့ ကလေး မရှိသူ အမျိုးသမီးတွေကိုသာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ပြုထားတာ ဖြစ်ပါတယ်။
မယ်စကြဝဠာ ပြိုင်ပွဲကို နှစ်စဥ် ကျင်းပလာတာဟာ ၇၁ နှစ် တိုင်ခဲ့ပြီ ဖြစ်သလို နိုင်ငံပေါင်း ၁၆၀ ကျော်မှာ ထုတ်လွှင့်ပြသပေးနေပါတယ်။








