လုံခြုံရေးလား၊ မျက်ကန်းမျိုးချစ်တာလား- တရုတ် မြေယာအဆောက်အဦ ပိုင်ဆိုင်ငှားရမ်းခွင့်ကို တက္ကဆက်ကန့်သတ်

ဓာတ်ပုံ ရင်းမြစ်, Office of the Texas Governor
- ရေးသားသူ, မန်ချန် ကျန်း
- ရာထူးတာဝန်, BBC Global China Unit
တစ်ပတ်ရစ်ကားအရောင်းဆိုင် ဆိုင်ပိုင်ရှင် ဂျက်ဆင် ယွမ်တစ်ယောက် ဘတ္ထရီငုတ်ကနောက်ဆုံး မူလီတစ်ခုကိုကျပ်လိုက်ပြီး ကားစက်ဖုံးကို ပိတ်လိုက်ပါတယ်။ အဲဒါကသူ့ရဲ့ နေ့စဥ်လုပ်နေကြဖြစ်ပြီး ရင်းနှီးပြီးသားအလုပ်ပါ။
တရုတ်ဖွား အမေရိကန် ဥပဒေအရဖြစ်တဲ့ (ပြု) နိုင်ငံသားတစ်ဦးဖြစ်နေပြီဖြစ်တဲ့ ဂျေဆင်အတွက် တက္ကဆက်ပြည်နယ်ဆိုတာဟာ ဇာတိချက်ကြွေမဟုတ်ပေမဲ့ မွေးရပ်လိုပါပဲ။ ဒါပေမဲ့ လတ်တလောအတည်ပြုလိုက်တဲ့ ပြည်နယ်ဥပဒေဟာ သူရွေးချယ်ခဲ့တဲ့ အမိမြေဆိုတဲ့ ယုံကြည်ချက် ခိုင်မာမှုကို လှုပ်ခတ်သွားစေပါတယ်။
SB 17 လို့ခေါ်တဲ့ တက္ကဆက်လွှတ်တော် ဥပဒေအမှတ် ၁၇၊ ၂၀၂၅ ခုနှစ်ဟာ စက်တင်ဘာလ ၁ ရက်ကစလို့ အသက်ဝင်ပါပြီ။ ဒီဥပဒေအရ တရုတ်နိုင်ငံ အီရန်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့က လူတွေနဲ့ ကုမ္ပဏီတွေရဲ့ မြေယာအဆောက်အဦ အစရှိတာတွေကို ဝယ်ယူပိုင်ဆိုင်ခြင်းနဲ့ ငှားရမ်းတာတွေကို ကန့်သတ်ထားပါတယ်။
ဒီဥပဒေဟာ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ လည်း မစ္စတာယွမ်တို့လိုလူတွေအတွက်တော့ ဒီဥပဒေဟာ တက္ကဆက်ဟာ သူတို့အပေါ် လိုလိုလားလား မရှိဘူးဆိုတဲ့ခွဲခြားဆက်ဆံတဲ့သတင်းစကားပါးတာမျိုးနဲ့ တူနေပါတယ်။
"အဲဒါက အာရှသားတွေကို ဆန့်ကျင်ရေး၊ ရွှေ့ပြောင်းတွေကို ဆန့်ကျင်ရေးနဲ့ အထူးသဖြင့်တော့ တရုတ်ဖွား အမေရိကန်တွေကို ဆန့်ကျင်တဲ့ဥပဒေ" လို့ အခုဥပဒေကို ဦးဆောင်ကန့်ကွက်သူ တက္ကဆက် ကိုယ်စားပြု ဒီမိုကရက်အမတ် ဂျင်း ဝူက ပြောပါတယ်။
ဥပဒေသစ်ဟာ တက္ကဆက်ကစီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နိုင်တယ်လို့ ဝူက ဘီဘီစီကို ပြောပါတယ်။ နိုင်ငံအတွင်း ဒေါ်လာသန်းနဲ့ချီပြီး ရင်းနှီးမြှုပ်နှံတာတွေ လုပ်မယ့်ကုမ္ပဏီတွေလည်း ဒီဥပဒေကြောင့် တခြားနေရာကို ရွေးလိုက်တာမျိုး ဖြစ်သွားစေနိုင်ပါတယ်။

ဆိုးရွားတဲ့လွှမ်းမိုးမှုကို ပစ်မှတ်ထားတဲ့ ဥပဒေ
SB 17 ကို အခုနှစ်အစောပိုင်းမှာ အတည်ပြုခဲ့ပြီး ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ဂ် အက်ဘော့က ဇွန်လ ၂၀ ရက်မှာ လက်မှတ်ထိုး အတည်ပြုပါတယ်။ ပြည်ပက "ပြိုင်ဘက်တွေ" ကို ဝေးဝေးမှာ ထားတဲ့ "အမေရိကန်အတွင်းက အကြမ်းတမ်းဆုံးပိတ်ပင်မှု" လို့ အဲဒီဥပဒေကို သူက ခေါ်ဆိုခဲ့ပါတယ်။
အိမ်၊ စီးပွားရေးလုပ်ငန်းတွေနဲ့ စိုက်ပျိုးမြေတွေအပါအဝင် တက္ကဆက်အတွင်းက မြေယာ အဆောက်အဦတွေကို အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုလို့ သတ်မှတ်ထားတဲ့နိုင်ငံတွေက အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းစီ ရယူနိုင်ခွင့်ကို အဲဒီဥပဒေက တားမြစ်ပိတ်ပင်ထားတာပါ။ မြေယာအဆောက်အဦတွေကို တစ်နှစ်အောက်သာ ငှားရမ်းလို့ရမယ့်အချိန်ကာလ ကန့်သတ်ချက်မျိုးလည်း အဲဒီဥပဒေထဲမှာ ထည့်သွင်းထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဥပဒေထဲမှာ တရုတ်ကို နာမည်နဲ့တကွ ဖော်ပြ သတ်မှတ်ပြဋ္ဌာန်းခံရတဲ့ ပထမဆုံးနိုင်ငံဖြစ်ပြီး ဘေကျင်းဟာ ''အမေရိကန်ရဲ့ စီးပွားရေး၊ စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာတွေ ထက်သာလွန်စေဖို့ သူတို့ရဲ့အားထုတ်မှုအတွင်း "နိုင်ထက်စီး နင်းပြုတာ၊ အဖျက်သမားဆန်တာနဲ့ အမေရိကန်ပြည်ထောင်စုအားနည်းစေဖို့ ဆိုးဝါးတဲ့လွှမ်းမိုးမှုလုပ်ဆောင်ချက်တွေ" ကို အသုံးပြုနေတယ်လို့ စွပ်စွဲပါတယ်။
ဥပဒေကို ချိုးဖောက်သူတွေကတော့ ဒဏ်ငွေ ဒေါ်လာ ၂၅၀,၀၀၀ (ပေါင် ၁၉၃,၀၀၀) ဒါမှမဟုတ် ထောင်ဒဏ်တွေလည်း ရင်ဆိုင်ရနိုင်ပါတယ်။
အမေရိကန်နိုင်ငံသားတွေနဲ့ Green Card ကတ်ကိုင်ဆောင်ထားသူတွေက ကင်းလွတ်ခွင့်ရပြီး သက်တမ်းရှိတဲ့ဗီဇာကိုင်ဆောင်ထားသူတွေကလည်း မူလနေထိုင်ခွင့်တစ်ခုကို ဆက်လက်ပိုင်ဆိုင်ဖို့ ခွင့်ပြုထားပါတယ်။
ဒါပေမယ့်လည်း အတိုက်အခံတွေကတော့ ဒီဥပဒေဟာ အထူးကင်းလွတ်ခွင့်ကို ဂရုမစိုက်ဘူးလို့ ပြောကြသလို၊ ဥပဒေ သဘောအရ ခွဲခြားဆက်ဆံမှုဖြစ်စေတယ်လို့ဆိုပြီး အများစုက ယူဆထားကြပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး တရုတ်နိုင်ငံကနေ တရားဝင်ဗီဇာနဲ့နေထိုင်ကြသူ ၃ ဦးအစား တရုတ်အမေရိကန်ဥပဒေရေးရာ အကာကွယ်ပေးရေးမဟာမိတ်၊ အကျိုး အမြတ်မယူတဲ့ အဖွဲ့အစည်း (Calda) က ဇူလိုင်လအတွင်းမှာ အမှုဖွင့်တရားစွဲထားပါတယ်။
ပြည်နယ်ရှေ့နေချုပ်နဲ့ တစ်ဘက်တည်းမှာ ရပ်တည်ပြီးနောက်ပိုင်းမှာတော့ အဲဒီအမှုကို တရားသူ ကြီးတွေက ပယ်ချခဲ့ပါတယ်။ တိုင်ကြားသူတွေဟာ ကျောင်းသား၊ အလုပ်သမားဗီဇာတွေကို ကိုင်ဆောင်ထားကြသူတွေဖြစ်ပြီး တက္ကဆက်အတွင်း နေထိုင်ကြသူတွေဖြစ်လို့ ဥပဒေကြောင့် ထိခိုက်မှာမဟုတ်ဘူးဆိုတဲ့ဆင်ခြင်ချက်ကြောင့်ပါ။
အခုတော့ တိုင်တန်းသူ ၃ ဦးဟာ အခွင့်ပေး ခံထားရတယ်ဆိုပေမဲ့ အခြားသော ဗီဇာအမျိုး အစားတွေကို ကိုင်ဆောင်ထားတဲ့ နောက်ထပ် ၄ နိုင်ငံက လူတွေအတွက်တော့ ဥပဒေပါ သတ်မှတ်ချက် အဓိပ္ပါယ်ဖွင့်ဆိုမှု ချို့တဲ့ခြင်းဟာ မသေချာမှုတွေကို ပြည့်နှက်နေစေပါတယ်။
"တရုတ်တွေကို ချန်လှပ်ထားတဲ့ ၂၀၂၅ ဥပဒေ"
ဥပဒေကြောင့် သက်ရောက်မှုအများဆုံးအစုအဖွဲ့က တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ တရုတ်ပြည်ဖွားပြီး ၂၀၂၃ ခုနှစ်မှာ တက္ကဆက်မှာနေထိုင်နေတဲ့ တရုတ် ၁၂၀,၀၀၀ ကျော်အထိ ရှိပါတယ်။
အဲဒီဥပဒေအကြောင်းကို ပထမဆုံး သိလိုက်ရတဲ့အချိန်မှာ အတော်လေးကို အံ့အားသင့်ခဲ့တယ်လို့ ချင်လင် လီကပြောပါတယ်။ သူက SB 17 ကို ကန့်ကွက်ကာ အမှုဖွင့်တရားစွဲထားတဲ့ တရားလိုတစ်ယောက်ဖြစ်ပြီး တက္ကဆက်ပြည်နယ် A&M တက္ကသိုလ်ကနေ ပူပူနွေးနွေး ဘွဲ့ရရှိထားသူဖြစ်ပါတယ်။
"တကယ်လို့ လူ့အခွင့်အရေးမရှိဘူးဆိုရင်တော့ ဟိုးတစ်ချိန်က မီးရထား သံလမ်းအလုပ်သမား ဘဝလိုမျိုး နှစ် ၁၅၀ ဆီကို ပြန်သွားတာနဲ့ အတူတူပဲ" လို့ မစ္စလီက ပြောပါတယ်။
အော်စတင်မြို့ရဲ့ ဆင်ခြေဖုံး လူခြေတိတ်တဲ့အရပ်မှာ ငှားရမ်းထားတဲ့တိုက်ခန်းတစ်ခုအတွင်း မစ္စလီ နေထိုင်ပါတယ်။ အလုပ်ရော အမှုရောနဲ့ပါ သူက အလုပ်ရှုပ်နေပြီး လက်ရှိနေထိုင်တဲ့နေရာ က နောက်ထပ် ၂ ပတ်ဆိုရင်ပြည့်တော့မှာဖြစ်လို့ သူလိုချင်တဲ့ပုံစံမျိုးရှိတဲ့နောက်ထပ်နေရာသစ်ရှာ ဖို့အတွက်သူမှာ အချိန်မရှိခဲ့ပါဘူး။
တရားစွဲဆိုမှုကို ပယ်ချခံရအချိန်တုန်းက သူ ပြောင်းရွှေ့နေတုန်းအချိန်အတွင်းမှာ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ တရားရုံးရဲ့အမိန့်ကတော့ သူ့အပေါ်မှာ ဥပဒေအရ သက်ရောက်တာမျိုးမရှိဘူးလို့ ပြောပါတယ်။ ဖြစ်ရပ်တစ်ခုလုံးဟာ သူ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ထိခိုက်မှုဖြစ်စေခဲ့ပါတယ်။
"စဥ်းစားကြည့်လိုက်ရင် ပြဿနာတွေ အများကြီးတယ်လို့ ထင်တယ်။ တွေးကြည့်ရင် ဒီမှာ ကျောင်းလာတက်ကြသူတွေ၊ အလုပ်လာ လုပ်ကြသူတွေ အကုန် ပိတ်ပင်ခံရပြီး ခက်ကုန်ကြလိမ့်မယ်" လို့ မစ္စလီက ပြောပါတယ်။
ဂျေဆင် ယွမ်က သူ့ ကားရောင်းတဲ့အလုပ်ပြင်ပကအချိန်တွေကို ရပ်ရွာအရေး တက်ကြွလှုပ်ရှားသူလုပ်ဖို့ အချိန်ပေးထားတဲ့သူပါ။ ဥပဒေကိုအတည်မပြုခင်က တက္ကဆက်ပြည်နယ်မြို့တော် အော်စတင်မှာ လူအုပ်စုလိုက်ကို ဦးဆောင်ပြီး လူထုစုဝေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမြေယာဥပဒေအသစ်ကို "တရုတ်တွေကို ချန်လှပ်ထားတဲ့ ၂၀၂၅ ဥပဒေ" လို့တောင် နာမည်ပေးသင့်တဲ့အကြောင်း သူက လွှတ်တော်ကော်မတီကို ပြောခဲ့ပါတယ်။
တရုတ်ဆန့်ကျင်ရေးသဘောထားတွေကြောင့် "တရုတ်တွေကို ချန်လှပ်မှုဆိုင်ရာဥပဒေ'' ကို ၁၈၈၂ ခုနှစ်တုန်းမှာ ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ အငြင်းပွားစရာအဲဒီဥပဒေဟာ အမေရိကန်ပြည်ထောင်စုထဲကို တရုတ်လုပ်သားတွေ ရွှေ့ပြောင်းဝင်ရောက်လာတာကို တားမြစ်ဖို့ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ning Li
"ကျွန်တော်တို့လိုလူတွေကို မွေးဖွားတဲ့နိုင်ငံကို အခြေတည်ပြီး မြေယာအိုးအိမ် ပိုင်ဆိုင်မှု ပိတ်ပင်တာဟာ သဘာဝအရကို ခွဲခြားဆက်ဆံတဲ့သဘောဖြစ်ပါတယ်" လို့ ကားအရောင်းဆိုင်ပိုင်ရှင် မစ္စတာယွမ်က ဘီဘီစီကို ပြောပါတယ်။
မစ္စတာယွမ်ကတော့ သူ့ကလေး ၂ ယောက်ရဲ့ အနာဂတ်အတွက် စိုးရိမ်နေပြီး အခုလတ်တလော လူအုပ်ကြီးကို သူပြောနေတဲ့အချိန်မှာကို ၁၃ နှစ်အရွယ် သူ့ရဲ့သားက သူ့နောက်မှာ ရပ်နေခဲ့တာပါ။
"အခုလို စုဝေးတာဟာ အားလုံးအတွက် လုပ်သင့်လုပ်ထိုက်တာလို့ ကျွန်တော် ပြောလေ့ရှိပါတယ်'' လို့ မစ္စတာယွမ်က ပြောပါတယ်။ "အနာဂတ်မှာ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ရင်ဆိုင်ရရင်၊ တစ်ယောက်ယောက်က သူတို့အပေါ်လုပ်တဲ့အခါ၊ ကိုယ်ကပြန်ပြီးတော့ ပြန်တွန်းလှန်ရမယ်လို့ ကျွန်တော့်ကလေးတွေကို ပြောနိုင်မှာ"
တရုတ်ကုမ္ပဏီတွေ တခြားနေရာကို အလုပ်ရွှေ့ဖို့ စဥ်းစားလာ
အသေးစားစီးပွားရေးလုပ်ငန်းပိုင်ရှင် မစ္စတာယွမ် အနည်းဆုံး သုံးပုံတစ်ပုံသောသူ့ရဲ့ ဖောက်သည် တွေဟာ ရွှေ့ပြောင်းနေထိုင်လာကြတဲ့တရုတ်တွေဖြစ်တာကြောင့် ဥပဒေက သူ့အတွက် ဘဏ္ဍာရေးဆိုင်ရာသက်ရောက်မှုရှိလာမှာကို စိုးရိမ်နေပါတယ်။
''စီးပွားရေးလုပ်ငန်းရှင်တွေဟာ တရုတ်လူမှုအစုအဖွဲ့ပေါ်မှာ တည်မှီနေတာ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့" လို့ သူက ပြောပါတယ်။
သူလို စီးပွားရေးလုပ်ငန်းလေးတွေအပြင် ကမ္ဘာ့နိုင်ငံစုံမှာ ကုမ္ပဏီတွေ ဖွင့်ထားတဲ့ တရုတ်ကုမ္ပဏီကြီးတွေလည်း အခုဥပဒေကြောင့် သက်ရောက်မှုကြီးပါတယ်။
၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း တရုတ်ကုမ္ပဏီပေါင်း ၃၄ ခုဟာ စီမံကိန်း ၃၈ ခုမှာ ဒေါ်လာ ၂.၇ ဘီလျံချီရင်းနှီးမြှုပ်နှံထားပြီး အလုပ်အကိုင်ပေါင်း ၄,၆၈၂ ခုကို တက္ကဆက်မှာ ဖန်တီးပေးထားတယ်လို့ ပြည်နယ်အာဏာပိုင်တွေရဲ့ အစီရင်ခံစာအရသိရပါတယ်။
အခုတော့ တရုတ်ကုမ္ပဏီအချို့ဟာ တက္ကဆက်ကနေပြီးတော့ အခြားနေရာကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းနေကြပြီဆိုတဲ့သတင်းတွေလည်း ထွက်လာနေပါတယ်။
ဒဲလ်လက်စ်မြို့က အိမ်ခြံမြေအကျိုးတော်ဆောင် နန်စီလင်းကတော့ စီးပွားရေးလုပ်နိုင်ခြေရှိတဲ့ သူ့ရဲ့ တရုတ် ဖောက်သည်အတော်များများဟာ လျှပ်စစ်ကားကဏ္ဍနဲ့ ဆိုလာပြားထုတ်လုပ်ငန်းလို နယ်ပယ်တွေမှာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံကြမယ့်အစီအစဥ်တွေကို ဆိုင်းထားလိုက်ကြပြီလို့ ဘီဘီစီကို ပြောပါတယ်။
"အဲဒီပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင် တရုတ်ကုမ္ပဏီတွေ တက္ကဆက်ကို ဝင်ဖို့အတွက် ပိုပြီးတော့ ခက်ခဲသွားလိမ့်မယ်လို့ ထင်ပါတယ်။ ငှားထားပြီးသားလူတွေကလည်း ထပ်တိုးပြီးတော့မလုပ်ကိုင် နိုင်ကြတော့ဘူး။ သူတို့လုပ်မယ်ဆိုရင်လည်း တစ်နှစ်ထက်ပိုပြီးတော့ကို လုပ်လို့မရကြဘူး"
မြေပိုင်ဆိုင်ဖို့အခွင့်အရေးဟာ အမေရိကန်ရောက် တရုတ်ဖွားတွေအတွက် ရာစုနှစ်တစ်ခုဆီကို နောက်ပြန်ဆုတ်သွားတဲ့ပုံစံမျိုးနဲ့ ရုန်းကန်ရဖို့လည်း ဖြစ်လာပါတယ်။
တက္ကဆက်မှာ အရင်တုန်းက ပြဋ္ဌာန်းဖူးတဲ့ နိုင်ငံခြားသားမြေယာဥပဒေအရဆိုရင်လည်း အမေရိကန်နိုင်ငံသားမဟုတ်သူတွေ မြေဝယ်ယူခြင်းကနေ ကန့်သတ်ထားခဲ့ဖူးပါတယ်။ ၁၉၆၅ ခုနှစ် မတိုင်ခင်အထိ ဆက်ရှိခဲ့တာပါ။ "အကျိုးအကြောင်းမသင့်လျှော်ပြီး ခွဲခြားဆက်ဆံတဲ့" ပြီးတော့ "စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု'' အတွက်လည်း အလုပ်မဖြစ်ဘူးဆိုပြီး နောက်ပိုင်း ပယ်ဖျက်ခဲ့ပါတယ်။
လေတပ်စခန်းအနီးနား စီမံကိန်းက ခြိမ်းခြောက်မှုလား
သူ့ရဲ့ပထမဆုံးဦးစားပေးတဲ့အရာကတော့ တက္ကဆက်ဘေးကင်းရေးနဲ့ လုံခြုံရေးလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အက်ဘော့က ပြောပါတယ်။
အဲဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ဘီဘီစီကိုဖြေကြားပေးဖို့ ပြောတဲ့အခါမှာတော့ တရုတ်အပါ အဝင် "ရန်လိုတဲ့နိုင်ငံခြားပြိုင်ဘက်တွေ"ကို တက္ကဆက်အတွင်း မြေယာပိုင်ဆိုင်ဖို့ ခွင့်မပြုဘူးဆိုတဲ့ ပြောစကားပါခဲ့တဲ့ထုတ်ပြန်ပြီးသား ထုတ်ပြန်ချက်ကို ကိုးကားဖို့ သူ့ရဲ့ရုံးက ညွှန်းဆိုပါတယ်။
တက္ကဆက်ပြည်သူ့မူဝါဒရေးရဖောင်ဒေးရှင်းက ကွန်ဆာဗေးတစ် ပညာရှင် ချပ်ဒီဘိုရီကတော့ ဒီဥပဒေကို ထောက်ခံကြောင်းပြတဲ့အပြောကို ပြောပါတယ်။
''ရန်လိုတဲ့အစိုးရ အစုအဖွဲ့တွေကို ကျွန်တော်တို့ရဲ့စစ်အခြေစိုက်စခန်းတွေ၊ ယာခင်းတွေနဲ့ ဒယ်လ်ရီယိုက လာ့ဖ်လင် လေတပ်စန်းလို အခြေခံအဆောက်အဦနေရာတွေ ဒါမှမဟုတ်လည်း ကျွန်တော်တို့ တစ်ပြည်နယ်လုံးကို ထမင်းတင်ကျွေးထားတဲ့ မွေးမြူရေးခြံတွေကနေ ခပ်ဝေးဝေးနေအောင်လုပ်ဖို့'' ဒီဥပဒေ လိုတယ်လို့ဆိုပြီး သူက ပြောပါတယ်။
တရုတ် စီးပွားရေးလုပ်ငန်းရှင် ဆန်း ဂေါင်ရှင်းက လေအားလျှပ်စစ်ထုတ်လုပ်ရေးတည်ဆောက်ဖို့ဆိုပြီး လာ့ဖ်လင်လေတပ်အခြေစိုက်အနီးနားကမြေတွေအပါအဝင် မြေဧက ၁၄၀,၀၀၀ ကို ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်မှာ တက္ကဆက်ပြည်နယ်ထဲ ဝယ်ယူခဲ့တာကလည်း အခုလို ဥပဒေထုတ်တာမျိုးအထိဖြစ်လာစေဖို့ အကြောင်းရင်းခံပါတယ်။
ဒီလိုဝယ်နိုင်အောင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီ(CFIUS) က ရှေ့ပြေးခွင့်ပြုထားခဲ့ပါတယ်။ ဒါပေမဲ့ တက္ကဆက်ပြည်နယ်မှာ နိုင်ငံခြားသားပိုင်ကုမ္ပဏီအချို့ကို "အရေးကြီးတဲ့အခြေခံအဆောက်အဦ'' ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံပိုင်ခွင့်ကို တားမြစ်လိုက်တဲ့ဥပဒေတစ်ရပ် ၂၀၂၁ ခုနှစ်တုန်းက အတည်ပြုခဲ့ပါတယ်။ အဲဒီဥပဒေကြောင့် မစ္စတာ ဆန်းရဲ့ စီမံကိန်းလည်း ရှေ့မဆက်နိုင်ဖြစ်ခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ တရုတ်စစ်တပ်အတွင်းက အကြီးတန်းခေါင်းဆောင်ဟောင်းလည်းဖြစ်ဖြစ်တဲ့ ဆန်းဟာ တရုတ်အစိုးရကိုယ်စား အခြားစိုးရိမ်ဖွယ်ရာရှိတဲ့ စောင့်ကြည့်ရေး အစီအစဥ်တွေရှိခဲ့ပုံရတယ်လို့ တက္ကဆက်လွှတ်တော်အမတ် ဂျွန်ကော်နေးက ၂၀၂၄ ခုနှစ်အတွင်းပြောပါတယ်။
အဲဒီလိုပြောဆိုချက်တွေကို မစ္စတာဆမ်းက ပြန်လည်ချေပပါတယ်။ သူရဲ့စီးပွားရေးလက်အောက်ခံ ကုမ္ပဏီခွဲ တစ်ခုကတော့ အဲဒီစီမံကိန်းဟာ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်ဆိုတဲ့အချက်ကို အမေရိကန်အာဏာပိုင်တွေက အစောပိုင်းကတည်းက ရှင်းပေးခဲ့ပြီးပြီဆိုတာကို ထောက်ပြပြီး တရားရုံးမှာ ၂၀၂၄ ခုနှစ်တုန်းက အမှုဖွင့်ခဲ့ပါတယ်။
ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာက အများသူငါ အချက်အလက်စုဆောင်းနိုင်တဲ့ပွင့်လင်း ရင်းမြစ်တွေကို စုစည်းထားတဲ့စစ်တမ်းတစ်ခုမှာတော့ ၂၀၀၀ ကနေ ၂၀၂၃ ခုနှစ်အထိ တရုတ်ကနေ အမေရိကန်အပေါ် သူလျှိုလုပ်တဲ့အမှု ၂၂၄ မှုကို စုစည်းခဲ့တာကိုတွေ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အမေရိကန်နိုင်ငံအပေါ် တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်နွှယ်တဲ့ ခြိမ်းခြောက်မှုတွေဟာ မြင့်တက်လာတယ်လို့ အမျိုးသားလုံခြုံရေးပညာရှင်တွေက သုံးသပ်ပါတယ်။
"အန္တရာယ်မရှိဘူးလားဆိုရင် ရှိတယ်'' လို့ ဘေဂျင်းမှာရှိတဲ့ FBI ရုံးအကြီးအကဲဟောင်း ဟိုဒန်း ထရိုင်ပ်လက်ဒ်က ဘီဘီစီကို ပြောပါတယ်။
"အမေရိကန်ရဲ့ ပြည်နယ်အဆင့်တွေကို ပစ်မှတ်ထားမှုတွေဟာ ထောက်လှမ်းရေးလုပ်ငန်းမှာ ဖြစ်နေကျပုံစံလိုမျိုး တိုးပြီးဖြစ်လာနေတယ်။ တစ်ဦးတစ်ယောက်ချင်းနဲ့ အုပ်စုလိုက်နဲ့ အဲဒီလိုအ ဆင့်တွေမှာ ဖြစ်လာနေကျပုံစံလိုမျိုး။ အန္တရာယ်သတိထားမှုနည်းပါးလာပြီး ပိုပြီးနီးကပ်တဲ့ဆက်ဆံရေးတွေကို လုပ်လာကြတာပါ" လို့ မစ္စတာ ထရိုင်ပ်လက်ဒ်က ပြောပါတယ်။
ဒါပေမယ့်လည်း SB 17 ဥပဒေဖြစ်ရပ်မှာ အမေရိကန်အရာရှိတွေဟာ တရုတ်လူထုနဲ့ တရုတ်အစိုးရကို ခွဲခြား မမြင်တာမျိုး ဖြစ်နေတယ်လို့ အမေရိကန်အရပ်ဘက်လွတ်လပ်ရေးယူနီယံဖောင်ဒေးရှင်း(ACLU) က ပက်ထရစ် တူမီက ပြောပါတယ်။
"တက္ကဆက်အတွင်းက လူနေထိုင်ရာအရပ်တွေက အိုးအိမ်အဆောက်အဦတွေကို တရုတ်လူမျိုး တွေငှားရမ်းတာ၊ ပိုင်ဆိုင်တဲ့ရလဒ်အနေနဲ့ အမျိုးသားလုံခြုံရေးကိုအန္တရာယ်ဖြစ်စေတဲ့ အထောက် အထားမျိုးမရှိပါဘူး" လို့ သူကပြောပါတယ်။
တက္ကဆက်ဥပဒေသစ်ရဲ့ မရှိမဖြစ်လိုအပ်ချက်ကိုလည်း ကျွမ်းကျင်သူတွေက ကြီးကြပ်ရေးရှု့ထောင့် တစ်ခုကနေ မေးခွန်းထုတ်ကြပါတယ်။ အဲဒီလိုအရေးအရာတွေကို ကိုယ်တွယ်ဖို့အတွက် ဖက်ဒရယ် အစိုးရကို ပိုပြီး အလေးပေးစေခြင်းဟာ တရားစီရင်ရေးမှာ ထပ်နေတာမျိုးမဖြစ်အောင် ရှောင်ရှားသွားနိုင်တယ်လို့ အတ္တလန္တိတ်ကောင်စီ ပညာရှင်အဖွဲ့က ဆာရာ ဘာလီ ဒန့်ဇ် မန်းက ပြောပါတယ်။
အမျိုးသားရေး ရေစီးကြောင်း
SB 17 ဟာ အမေရိကန်မှာ အခုလိုကန့်သတ်တားမြစ်တာမျိုးကိုလုပ်တဲ့ ပထမဆုံးသော ဥပဒေ တော့လည်းမဟုတ်ပါဘူး။
ရီပတ်ဘလီကန်ပါတီအမတ်တွေ ကြီးစိုးအားကောင်းတဲ့ပြည်နယ်အများစုအပါအအဝင် ပြည်နယ်ပေါင်း ၂၆ ခုမှာ တရုတ်ကို ပစ်မှတ်ထားခြင်းလို နိုင်ငံခြားသား မြေယာအိုးအိမ်ပိုင်ဆိုင်မှုကို ၂၀၂၁ ခုနှစ်ကတည်းကထိန်းချုပ်တဲ့ ဥပဒေ ၅၀ လောက်အထိကို အတည်ပြုခဲ့တာလို့ တရုတ်-အမေရိကန်အစိုးရမဟုတ်တဲ့အဖွဲ့အစည်း Committee of 100 ရဲ့အဆိုအရ သိရပါတယ်။
ပြည်နယ်အများစုမှာတော့ အဲဒီလိုဥပဒေက တရုတ်ရဲ့ ထောက်လှမ်းရေးမိုးပျံပူဖောင်း မြောက်အမေရိက ကောင်းကင်တခွင်မှာ ပျံသန်းခဲ့တဲ့ ၂၀၂၃ ကတည်းက အတည်ပြုခဲ့တာပါ။
တရုတ်နိုင်ငံသားတွေ အမေရိကန်ရဲ့ စိုက်ပျိုးမြေတွေကို ဝယ်ယူခြင်းကနေ ပိတ်ပင်မယ့်အစီအစဥ်ကိုလည်း ထရမ့်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြောထားပါတယ်။
"တက္ကဆက်ရဲ့ဥပဒေဟာ အချက်ပေးခေါင်းလောင်းသံ ဖြစ်သင့်တယ်'' လို့ မစ္စတာ တူးမီက ပြောပါတယ်။ အမျိုးသားလုံခြုံရေးဆိုပြီး ခိုင်မာမှုမရှိတဲ့ပြောဆိုချက်တွေအောက်ကနေ အာရှပြောင်းရွှေ့အခြေချသူတွေနဲ့ အခြားသောလူမှုအသိုက်အဝန်းတွေကို ဆန့်ကျင်မှုတွေကို ဥပဒေ အောက်ကနေ ပြုလုပ်လာမှာကို သတိထားသင့်တယ်လို့ သူက ဆိုပါတယ်။
တကယ်လို့ တရုတ်နွယ်ဖွား အမေရိကန်တွေဟာ ဒီလိုဥပဒေ ပြဋ္ဌာန်းနေတာကို ရင်မဆိုင် မထောက်ပြဘူးဆိုရင် အခြားပြည်နယ်တွေမှာလည်း အလားတူပုံစံ ဥပဒေတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ မစ္စတာယွမ်က ပြောပါတယ်။
အိုဟိုင်းယိုးဟာလည်း "ပြိုင်ဘက်နိုင်ငံတွေ" အပေါ် ပိတ်ပင်တာမျိုးလို အခြေအနေတွေကို စဥ်းစားနေပြီး ပိုပြီးတင်းကျပ်တာက Green Card ရထားသူတွေကိုပါ ကျပ်ဖို့ လုပ်နေပါတယ်။ တက်ကြွ လှုပ်ရှားသူတွေကတော့ ဒီအခြေအနေကို ဆန့်ကျင်တဲ့ ထောက်ပြပြောဆိုမှုတွေကို စပြီး လုပ်ဆောင်နေကြပါပြီ။
"ဒီမိုကရေစီရဲ့စည်းမျဥ်းတွေကို ပြန်ရေးဖို့ သူတို့ ကြိုးစားနေတာ" လို့ မစ္စတာ ယွမ်က ပြောပါတယ်။ "ဒါပေမယ့် ဦးတည်ရာကို ကျွန်တော်တို့ ပြောင်းနိုင်ဖို့အခွင့်အလမ်းတစ်ခုရှိနေပါသေးတယ်"
"ဒီလိုမှမဟုတ်ရင် အမေရိကန်လည်း တရုတ်နဲ့ ပိုတူသွားမှာပေါ့''












