မိုးပျံပူဖောင်း ကိစ္စကြောင့် အမေရိကန်-တရုတ် တင်းမာမှု၊ နိုင်ငံတကာ ရိုက်ခတ်မှုနဲ့ အလားအလာ

ဓာတ်ပုံ ရင်းမြစ်, Reuters
မိုးပျံပူဖောင်းကိစ္စကြောင့် တရုတ်နဲ့ အမေရိကန်တို့ အကွဲအပြဲ အခြေအနေက နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပိုမို ကျယ်ပြန့်လာနေတာကို တွေ့ရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အခုအချိန်အထိ အပြန်အလှန် ပြောဆိုမှုတွေ ရှိနေရာမှာ လောလောလတ်လတ် အနေနဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်ဘက်က သူသျှိုလုပ်တယ်လို့ စွပ်စွဲခံရတဲ့ မိုးပျံပူဖောင်းကို အမေရိကန်က ပစ်ချခဲ့တာကို တောင်းပန်မှာ မဟုတ်ဘူးလို့ အတည်ပြု ပြောကြားထားပါတယ်။
အခုလို အမေရိကန်ဘက်က လောလောလတ်လတ် မှတ်ချက်ထွက်လာပြီး နာရီပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ချက်ချင်း ဆိုသလို တုံ့ပြန်လာခဲ့ပြန်ပါတယ်။
အမေရိကန်အနေနဲ့ တရုတ်နဲ့ အခြေအနေတင်းမာမှုတွေ ပိုဆိုးလာအောင် လုပ်နေတဲ့အချိန်ကျမှ တွေ့ဆုံဆွေးနွေး စကားပြောချင်တယ်ဆိုပြီး လုပ်လို့မရဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CHINESE MINISTRY OF FOREIGN AFFAIRS
တရုတ်က ဘယ်လို တုံ့ပြန်ပြောကြားမှုတွေ လုပ်ထားပြီးပြီလဲ
အမေရိကန်ဟာ သူတို့က တရုတ်သူလျှို မိုးပျံပူဖောင်းလို့ယူဆတဲ့ အရာဝတ္ထုကို ပစ်ချပြီးနောက်ပိုင်း ဒီစွပ်စွဲမှုအတွက် သက်သေအချက်အလက် အသေးစိတ်တွေကို ဆက်လက် ထုတ်နေပေမဲ့လည်း တရုတ်ဘက်ကတော့ သူတို့ သူလျှိုမိုးပျံပူဖောင်း မလွှတ်ပါဘူးလို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်ဟာ သူတို့ပြောသလို မိုးလေဝသတိုင်းတာတဲ့ မိုးပျံပူဖောင်းသာ ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်မယ့် ဒီမိုးပျံပူဖောင်းကို ကြီးကြပ်တဲ့ ကုမ္ပဏီ အစရှိတဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဒါတင်မကသေးပဲ အမေရိကန်ဟာ တရုတ်ပိုင်နက်အတွင်းကို ထောက်လှမ်းရေး မိုးပျံပူပေါင်း ၁၀ ခုကျော် စေလွှတ်ခဲ့ဖူးတယ်လို့လည်း ပြန်လည် စွပ်စွဲထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်-တရုတ် မိုးပျံပူဖောင်းအရေးက နိုင်ငံတကာကို ဘယ်လို ရိုက်ခတ်နေသလဲ
အခုလို တရုတ်နဲ့ အမေရိကန်တို့ရဲ့ အပြန်အလှန် ပြောဆိုမှုတွေဟာ တခြားကမ္ဘာ့နိုင်ငံတွေအပေါ် နိုင်ငံတော်လုံခြုံရေးနဲ့ နယ်နိမိတ်တည်နေရာအလိုက် နိုင်ငံရေးအရသက်ရောက်မှု ရှိနိုင်တာကြောင့် နိုင်ငံတကာက နားစွင့်စောင့်ကြည့် သုံးသပ်နေကြပါတယ်။
ဒီလို အခြေအနေတွေအပေါ် လေ့လာသုံးသပ်သူတွေကတော့ လက်ရှိအနေအထားကြောင့် တရုတ်နဲ့ အမေရိကန်တို့ရဲ့ အချင်းချင်း မယုံမကြည်ဖြစ်တာတွေ ပိုဆိုးလာပြီး နှစ်ဖက်လုံးအတွက် ပြန်လည်ရင်ကြားစေ့ရေး ကြိုးစားဖို့ ပိုခက်သွားတယ်လို့ ဆိုကြပါတယ်။
အခုလို တရုတ်-အမေရိကန် အချေအတင် ဖြစ်နေမှုကို စောင့်ကြည့်နေကြတဲ့ နိုင်ငံတွေထဲက တချို့ကတော့ တရုတ်ရဲ့ ပြည်ပမှာ ဖြန့်ကျက် လျှို့ဝှက် စုံစမ်းထောက်လှမ်းနိုင်စွမ်းကို စိုးရိမ်လာကြတာ တွေ့ရပါတယ်။
တဆက်တည်းမှာပဲ ကမ္ဘာ့နိုင်ငံတွေဟာ တရုတ်ရဲ့ စုံစမ်းထောက်လှမ်းနိုင်စွမ်းကို သူတို့ ဘယ်လောက်သိထားသလဲဆိုတာကိုလည်း ပြန်လည် ဆန်းသစ် သုံးသပ်လာကြပါတယ်။
ဒီလိုဖြစ်နေတဲ့ကြားထဲက နိုင်ငံတကာအသိုင်းအဝိုင်းက တရုတ်ကို တညီတညာတည်း ရှုတ်ချပြောဆိုတာမျိုးအထိ မရှိတာကတော့ နိုင်ငံတကာက ဥပဒေ အခြေမခိုင်မှုနဲ့ တရုတ်က သူ့ကို တခြားနိုင်ငံတွေက မဝေဖန်အောင် လုပ်နိုင်စွမ်းကို ညွှန်ပြနေတယ်လို့ မစ္စတာ ဒရူးသွန်မဆင်က ပြောပါတယ်။
မစ္စတာ ဒရူးသွန်မဆင် ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိဟောင်းတဦးဖြစ်ပြီး စင်ကာပူ အမျိုးသား တက္ကသိုလ်က ဝါရင့် ဧည့်သုတေသီ တဦး ဖြစ်ပါတယ်။
ဂျပန်မှာ လုံခြုံရေး အချက်အလက်တွေ ပြန်စစ်ရ
အခုလို တရုတ်ရဲ့ စုံစမ်းထောက်လှမ်းနိုင်စွမ်းကို ပြန်လည်သုံးသပ်လာတဲ့အထဲမှာ အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။
ဂျပန်က သူတို့ဟာ အရင်က ကြုံခဲ့ရဖူးတဲ့ အမျိုးအမည်မသိ ပျံသန်းနေတဲ့ အရာဝတ္ထုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြန်လည် သုံးသပ်လေ့လာခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
အခုလို လေ့လာသုံးသပ်အပြီးမှာတော့ တရုတ်နိုင်ငံဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်းကစပြီး ဂျပန်နယ်နိမိတ်အပေါ် ကျော်ဖြတ်ပြီး ထောက်လှမ်းရေး မိုးပျံပူဖောင်း သုံးခုထက်မနည်း စေလွှတ်ခဲ့ဖူးတယ်ဆိုတဲ့ အဖြေထွက်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်မှာတွေ့ရတာ စစ်ရေးစုံစမ်းတဲ့ မိုးပျံပူဖောင်းတွေလား
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နောက်ထပ် အမေရိကန်နိုင်ငံရဲ့ အဓိက မဟာမိတ်လို့ ပြောနိုင်တဲ့ ထိုင်ဝမ်ကလည်း အခုလို အလားတူ ကြုံရတယ်ဆိုတဲ့ သတင်းထွက်လာတာကိုလည်း တွေ့ရပါတယ်။
ယူကေနိုင်ငံထုတ် Financial Times သတင်းစာက အမည်မဖော်တဲ့ ထိုင်ဝမ်အစိုးရ အရာရှိတွေရဲ့ အပြောကို ကိုးကားပြီး တရုတ်ရဲ့ သူသျှို မိုးပျံပူဖောင်းသုံးမှုနဲ့ ပတ်သက်တဲ့ သတင်းတပုဒ် ဖော်ပြခဲ့ပါတယ်။
အဲဒီသတင်းအရ တရုတ်ဟာ သူတို့ပိုင်နက်လို့ သတ်မှတ်ထားတဲ့ ထိုင်ဝမ်နယ်နိမိတ်အတွင်းကို ကျော်ဖြတ် ထောက်လှမ်းတဲ့ စစ်သုံး မိုးပျံပူဖောင်းတွေ ဒါဇင်နဲ့ချီပြီး လွှတ်တင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်က ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ရာမှာ သူတို့ တွေ့ရှိထားခဲ့သမျှက တရုတ်ရဲ့ မိုးလေဝသဆိုင်ရာ မိုးပျံပူဖောင်းတွေသာ ဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ၇က်နေ့မှာပဲ ပျက်ကျထားတဲ့ တရုတ် မိုးလေဝသ မိုးပျံပူဖောင်းတခု တွေ့ထားတယ်လို့ ထိုင်ဝမ်က ထုတ်ပြန်ကြေညာထားပြီး သူတို့ လေပိုင်နက်အတွင်းက စစ်ရေးနဲ့ဆိုင်တယ်လို့ သံသယဖြစ်စရာရှိတဲ့ ဘယ်အရာဝတ္ထုမဆို ပစ်ချဖို့ ဝန်လေးနေမှာ မဟုတ်ဘူးလို့လည်း ပြောကြားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်-အမေရိကန် ညှိနှိုင်းဆွေးနွေးမှု ပြန်လုပ်ဖို့ ဘယ်လောက်ဖြစ်နိုင်ခြေ ရှိသလဲ
အခုလို တရုတ်-အမေရိကန် တင်းမာမှုတွေ ရှိနေတဲ့ကြားက အမေရိကန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစကားပြောနိုင်မယ့် စုံရပ် အစည်းအဝေးတခု ရှိနေတာကို တွေ့ရပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပမယ့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ အစည်းအဝေးတခုမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထနီ ဘလင်ကင်တို့ တွေ့ဆုံမှုပါ။
အမေရိကန်သမ္မတ ဘိုင်ဒန် ကိုယ်တိုင်ကလည်း မိုးပျံပူဖောင်းကိစ္စနဲ့ ပတ်သက်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဖုန်းဆက် ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒီခေါင်းဆောင် နှစ်ဦးစလုံးဟာ သူတို့ရဲ့ ပြည်တွင်း ပုံရိပ်အသီးသီးမှာ အလျှော့ပေးလိုက်တယ်ဆိုတဲ့ ပုံစံ မပေါက်အောင် လက်ရှိ တင်းမာမှုကို ဖြေရှင်းနိုင်ဖို့ လိုအပ်နေပြီး ဒီလို ရှင်းနိုင်ဖို့က သူတို့ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို ဘယ်လောက် အပွန်းခံမလဲ ဆိုတဲ့ အပေါ် မူတည်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။








