တရုတ်မိုးပျံပူဖောင်းက အာရုံခံကိရိယာတွေကို သမုဒ္ဒရာထဲမှာရှာတွေ့ပြီလို့ အမေရိကန်ပြော

မက်ဇ် မာဇာ၊ ဘီဘီစီသတင်း

ပူဖောင်း

ဓာတ်ပုံ ရင်းမြစ်, REUTERS/BBC

သူလျှိုမိုးပျံပူဖောင်းလို့ အမေရိကန်က သံသယရှိနေတဲ့ တရုတ်မိုးပျံပူဖောင်းက အာရုံခံကိရိယာတွေကို အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ပါတယ်။

“အာရုံခံကိရိယာနဲ့ အီလက်ထရွန်နစ် အစိတ်အပိုင်းတွေ အပါအဝင် မိုးပျံပူဖောင်းက ပစ္စည်းတွေကို “ ရှာဖွေရေးသမားတွေ တွေ့ရှိထားကြောင်း အမေရိကန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

အရေးကြီးလျှို့ဝှက်တဲ့ စစ်ဘက်ဆိုင်ရာနေရာတွေကို ထောက်လှမ်းဖို့ တရုတ်က လွှင့်တင်ခဲ့တာလို့ အမေရိကန်အစိုးရက စွပ်စွဲနေတဲ့ မိုးပျံပူဖောင်းက ပစ္စည်းတွေကို အက်ဖ်ဘီအိုင်အဖွဲ့ကလည်း သေသေချာချာ စစ်ဆေးမှုတွေ လုပ်နေပါပြီ။

အဲဒီ မိုးပျံပူဖောင်းကို ဖေဖော်ဝါရီ ၄ ရက်နေ့က ပစ်ချခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာလည်း နောက်ထပ် အမျိုးအမည်မသိ အရာဝတ္ထုသုံးခုကို အမေရိကန် စစ်တပ်က ပစ်ချခဲ့ပါတယ်။

တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းမှာလည်း “မိုးပျံပူဖောင်းရဲ့ ပစ္စည်း အစိတ်အပိုင်းကြီးတစ်ခု”ကို တနင်္လာနေ့က ရှာတွေ့ထားတယ်လို့ စစ်တပ်အရာရှိတွေက ပြောပါတယ်။

ရှာတွေ့ခဲ့တဲ့ ပစ္စည်းတွေထဲမှာ ပေ ၃၀ ကနေ ပေ ၄၀ ထိရှည်တဲ့ မိုးပျံပူဖောင်းရဲ့ အင်တင်နာတစ်ခု ပါဝင်တဲ့အကြောင်း ဘီဘီစီ မိတ်ဖက် အမေရိကန် သတင်းဌာန CBSက သတင်းဖော်ပြထားပါတယ်။

အဲဒီ မိုးပျံပူဖောင်းကိုသူလျှိုထောက်လှမ်းရေးလုပ်ဖို့ တရုတ်က လွှင့်တင်လိုက်တာလို့ အမေရိကန်အစိုးရက စွပ်စွဲထားပြီး တရုတ်ဘက်ကတော့ လမ်းလွဲပြီးရောက်သွားတဲ့ ရာသီဥတုစောင့်ကြည့်ရေး မိုးပျံပူ ဖောင်းတစ်ခုလို့ ပြန်ဖြေရှင်းထားပါတယ်။

ပူဖောင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မိုးပျံပူဖောင်းကို ပထမဆုံးပစ်ချပြီးနောက်ပိုင်း အလက်စကာ၊ ကနေဒါနိုင်ငံ ယူကွန်ဒေသနဲ့ အမေရိကန်-ကနေဒါနယ်စပ် ဟူရွန်ရေကန်တွေရဲ့ ကောင်းကင်အမြင့်ပိုင်းမှာ ပျံနေတဲ့ နောက်ထပ် အရာဝတ္ထု ၃ ခုကို အမေရိကန် ဂျက်တိုက်လေယာဉ်တွေက ပစ်ချခဲ့ပါတယ်။

ဟူရွန်ရေကန်ကြီးရဲ့ ကောင်းကင်မှာ မျောပျံနေတဲ့ အရာဝတ္ထုကို အမေရိကန် အက်ဖ်၁၆ တိုက်လေယာဥ်က Sidewinder ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်၊ ပထမအကြိမ်ပစ်တာမှာ ပစ်မှတ်လွဲချော်ပြီး နေရာတစ်ခုမှာ ပေါက်ကွဲသွားတယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြကြပါတယ်။

ဒုတိယမြောက်ပစ်လိုက်တဲ့ ဒုံးကျည်ကျမှ ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ သတင်းတွေ ဖော်ပြချက်အရသိရပါတယ်။အဲ့ဒီ Sidewinder ဒုံးကျည် တစ်စင်းရဲ့ တန်ကြေးက အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ လေးသိန်းကျော် ရှိပါတယ်။

ပထမမိုးပျံပူဖောင်းထက်သေးငယ်တဲ့ အမျိုးအမည်မသိ ရွေ့လျားနေတဲ့ အရာဝတ္ထုသုံးခုကို ပစ်ချခဲ့ရတဲ့ကိစ္စမှာ စစ်တပ်လေယာဉ်မှူးတွေ အတွက် အခက်အခဲတွေ ရှိနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကလည်း အမျိုးအမည်မသိ အခြားအရာဝတ္ထု ၃ ခုကို သတိထား ပစ်ချခဲ့ရတဲ့အကြောင်း တနင်္လာနေ့က ပြောခဲ့ပါတယ်။

အဲ့ဒီအရာဝတ္ထုတွေက မြေပြင်မှာရှိတဲ့လူတွေကို တိုက်ရိုက်ခြိမ်း ခြောက်မှုတွေ မလုပ်နိုင်ပေမယ့် လုံခြုံရေး၊အကျိုးစီးပွားနဲ့ လေယာဉ်တွေရဲ့ လုံခြုံမှု ကို ကာကွယ်ဖို့အတွက် ဖျက်ဆီးခဲ့ရကြောင်း ဂျွန်ကာဘီက ရှင်းပြပါတယ်။

တောင်ကယ်ရိုလိုင်းနားမှာ ပစ်ချခဲ့တဲ့ မိုးပျံပူဖောင်းရဲ့ အရွယ်အစားက ဘတ်စကား ၃ စီးစာ အရွယ်ရှိတယ်လို့ တာဝန်ရှိသူတွေရဲ့ အပြောအရ သိရပါတယ်။

အလက်စကာမှာ ပစ်ချခဲ့တဲ့ ဒုတိယပစ္စည်းရဲ့ အရွယ်က ကားအသေးစားအရွယ်ရှိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက သတ်မှတ်ထား ပါတယ်။ ယူကွန်ဒေသ ကောင်းကင်ကနေ ပစ်ချခဲ့တဲ့ တတိယအရာဝတ္ထုက "ဆလင်ဒါ" ပုံစံဖြစ်ပါတယ်။ မစ်ရှီဂန်မှာပစ်ချလိုက်တဲ့ စတုတ္ထအရာဝတ္ထုကို ကြိုးတွေနဲ့ တွဲထားတာတွေ့ရပြီး အဋ္ဌဂံပုစံရှိတယ်လို့ ပြောပါတယ်။

နောက်ပိုင်း ပင်တဂွန်စစ်ဌာနချုပ်က အမေရိကန်မီဒီယာတွေကို ပြောထားတဲ့ မှတ်တမ်းတစ်ခုအရဆိုရင် ယူကွန်ဒေသမှာ ပစ်ချလိုက်တဲ့ အရာဝတ္ထုကို ကြိုးတွေနဲ့တွဲချီထားပြီး သတ္တုမီးပုံးပျံတစ်ခု ပုံစံမျိုးလို့ သိရပါတယ်။

မစ်ရှီဂန်မှာ ပစ်ချလိုက်တဲ့ အရာဝတ္ထုကတော့ ပစ်ချခံရပြီးနောက်ပိုင်း ရေထဲကို တဖြည်းဖြည်းနဲ့ မြုပ်သွားတဲ့အကြောင်း ကာကွယ်ရေး အရာရှိတွေက မှတ်တမ်းတင်ထားကြပါတယ်။

ရာသီဥတုဆိုးရွားမှုအခြေအနေကြောင့် ဖေဖော်ဝါရီ ၄ ရက်က ပစ်ချလိုက်တဲ့ မိုးပျံပူဖောင်းက ပစ္စည်းတွေကို ပြန်လည်ရှာဖွေနိုင်ဖို့ နှောင့်နှေးမှု တွေရှိခဲ့ ပါတယ်။ လွင့်စင်ထွက်သွားတဲ့ အခြားအရာဝတ္ထုအားလုံးကိုလည်း ပြန် လည် စုစည်းရယူနိုင်ဖို့ ဆက်လက် ကြိုးစားနေဆဲဖြစ်ပါတယ်။

ယူကွန်မှာ ပစ်ချလိုက်တဲ့ အရာဝတ္ထုက ပစ္စည်းတွေကို ရှာဖွေရတဲ့ နယ်မြေ ဧရိယာက ၁၈၇၀ စတုရန်းမိုင် ပမာဏကျယ်ဝန်းကြောင်း ကနေဒါ ဖက်ဒရယ်ရဲတပ်ဖွဲ့က တနင်္လာနေ့က ပြောထားပါတယ်။

တော်ဝင် ကနေဒါ မြင်းစီး ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Sean McGillis က ယူကွန်ဒေသနဲ့ ဟူရွန်ရေကန်ကြီး ကောင်းကင်ကနေ ပစ်ချခဲ့ တဲ့ အရာဝတ္ထုနှစ်ခုက လွင့်ထွက်လာတဲ့ အပိုင်းအစတွေက ဝေးလံတဲ့နေရာတွေကို ရောက်သွားတဲ့အတွက် ပြန်ရဖို့ မဖြစ်နိုင်ဘူးလို့ ပြောထားပါတယ်။

ရေငုပ်သမားတွေက အတ္တလန္တိတ်သမုဒ္ဒရာထဲက မိုးပျံပူဖောင်းက အပိုင်းအစတွေကို ဆယ်ယူနိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, US Navy

ဓာတ်ပုံ ပုံစာ, ရေငုပ်သမားတွေက အတ္တလန္တိတ်သမုဒ္ဒရာထဲက မိုးပျံပူဖောင်းက အပိုင်းအစတွေကို ဆယ်ယူနိုင်ခဲ့

ကနေဒါစစ်တပ် ဗိုလ်မှူးချုပ် ပေါလ်ပရီဗို့စ်က နောက်ဆုံးပစ်ချခဲ့တဲ့ အရာဝတ္ထု ၃ ခုစလုံးဟာ လေထက်ပိုမိုပေါ့ပါးတဲ့ စက်ပစ္စည်းတွေ တပ်ဆင်ထားပုံရပြီး ဟူရွန်ရေကန်ပေါ်က ပစ်ချလိုက်တဲ့ အရာဝတ္ထုကတော့ "မိုးပျံပူဖောင်းတစ်ခု"ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ပစ်ချလိုက်တဲ့ အရာဝတ္ထုတွေက လွင့်ထွက်သွားတဲ့ အပျက်အစီး အပိုင်းအစတွေကို တွေ့တဲ့သူတွေ ရဲတပ်ဖွဲ့ကို တိုက်ရိုက်ဆက်သွယ်ကြပါလို့ အထက်ပါ ကနေဒါ စစ်တပ်အကြီးအကဲက တိုက်တွန်းအကြံပြုထားပါတယ်။

အခုသီတင်းပတ်နှောင်းပိုင်း ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပမယ့် လုံခြုံရေးဆိုင်ရာ အစည်းအ‌ဝေးမှာ တရုတ်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး အကြီးတန်းသံတမန် ဝမ်ရီနှင့် တွေ့ဆုံဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က စဉ်းစားနေတယ်လို့ စေ့စပ်ညှိနှိုင်းမှုနဲ့ ပတ်သက်တဲ့ သတင်းရင်းမြစ်တွေက တနင်္လာနေ့တုန်းက အမေရိကန် မီဒီယာကို ပြောထားပါတယ်။

အမေရိကန်လေပိုင်နက်ထဲ ရောက်လာတဲ့ မိုးပျံပူဖောင်းကိစ္စနဲ့ နှစ်ဖက် နိုင်ငံနှစ်ခုအကြား အငြင်းပွားမှုတွေဖြစ်ခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို သွားရောက်လည်ပတ်မယ့်က သူ့အစီအစဥ်ကို အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က လောလောဆယ် ရပ်ဆိုင်းထားပါတယ်။