တရုတ်မိုးပျံပူဖောင်းကြီးကို အမေရိကန်တိုက်လေယာဥ်က ပစ်ချလိုက်ပြီ

အမေရိကန်နိုင်ငံ ကောင်းကင်ယံမှာ ဝဲနေခဲ့တဲ့ တရုတ်မိုးပျံပူဖောင်းကြီးကို အမေရိကန်တိုက်လေယာဥ်တွေက ပစ်ချလိုက်ပြီလို့ အမေရိကန်ကာကွယ်ရေးဌာနက အတည်ပြု ပြောပါတယ်။
ဒီမိုးပျံပူဖောင်းဟာ အမေရိကန်ပိုင်နက် ပင်လယ်ရေပြင်ပေါ် ကျရောက်ခဲ့တယ်လို့ ပြောပါတယ်။
F-22 တိုက်လေယာဥ်ကနေ မစ်ဆိုင်းနဲ့ ပစ်ချခဲ့ပြီး အမေရိကန်ကမ်းရိုးတန်းကနေ ရေမိုင် ၆ မိုင်အကွာမှာ စနေနေ့ အရှေ့ပိုင်းစံတော်ချိန် နေ့လယ် ၂:၃၉ မှာ ကျရောက်ခဲ့တယ်လို့ ကာကွယ်ရေးဌာန အရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ အမေရိကန်ကောင်းကင်ယံပေါ်ရောက်နေတဲ့ ဒီမိုးပျံပူဖောင်းကြီးကို ပစ်ချဖို့ အစောပိုင်းတုန်းက ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပစ်ချပြီးနောက်မှာတော့ သမ္မတဘိုင်ဒန်က “အောင်မြင်စွာ ပစ်ချနိုင်ခဲ့ပါပြီ။ ဒီလို လုပ်ဆောင်ခဲ့တဲ့ လေယာဥ်မှူးတွေကို ကျွန်တော် ဂုဏ်ပြုချင်ပါတယ်လို့” ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ လူမပါတဲ့ အရပ်ဘက်သုံးယာဥ်ကို အမေရိကန်ဘက်က အင်အားသုံးတိုက်ခိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်းနဲ့ ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။





