ဖေဖော်ဝါရီ ၄ ရက်ထိပ်တန်းသတင်းများ - မောင်တောက နယ်ခြားစောင့်ရဲ ၁၄ ဦး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ထွက်ပြေးထားတဲ့နယ်ခြားစောင့်တပ်ရဲတပ်ဖွဲ့ဝင်အချို့

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ထွက်ပြေးထားတဲ့နယ်ခြားစောင့်တပ်ရဲတပ်ဖွဲ့ဝင်အချို့

မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်၊ မောင်တောမြို့နယ်ထဲမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄ ဦးဟာ ဒီနေ့ မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို လက်နက်တွေနဲ့အတူ ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ နှစ်နိုင်ငံ နယ်ခြား မိုင်တိုင်အမှတ် ၄၃ အနီးဝန်းကျင် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ဘာဒေါရ်ဘန်ခရိုင်၊ နိုက်ချောင်းဆူရီမြို့နယ်၊ တောင်ပြိုစခန်းဘက်ကို ထွက်ပြေးသွားတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

‘‘ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရောက်သွားတဲ့ အဲဒီရဲတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြန်သွားကြဖို့ပြောဆိုနေပေမဲ့ လောလောဆယ်တော့ မပြန်ကြသေးဘူးလို့ သိရပါတယ်’’ လို့ မြေပြင် အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ဒီနေ့မွန်းလွဲပိုင်းမှာ ပြောထားပါတယ်။

မိုင်တိုင်အမှတ် ၄၃ အနီးဝန်းကျင် လောလောဆယ်မှာတော့ ပစ်ခတ်သံတွေမကြားရတော့ဘဲ တိုက်ပွဲရပ်နေတဲ့သဘောရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကတော့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်တွေ သိမ်းဆည်းထားပြီး စာသင်ကျောင်းတစ်ကျောင်းမှာ နေရာချထားတယ်လို့ ဘင်္ဂလားဒေ့ရှ်က လာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်က တိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းကို ပေါက်ကွဲ လက်နက်ကြီး အပိုင်းအစတွေနဲ့ ကျည်တွေ ကျရောက်မှုရှိနေပြီး နယ်စပ်မှာနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦး လက်မောင်းကို ကျည်ထိမှန်ခဲ့ပါတယ်။

ဒါ့အပြင် နယ်စပ်အနီးမှာနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာလည်း လုံခြုံရေးစိုးရိမ်လို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေကြသလို ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ဝင်တွေကိုလည်း နယ်စပ်မှာ တပ်လှန့်ထားတယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြပါတယ်။

လောက်ကိုင်မှာ အွန်လိုင်းလိမ်လည်မှု သံသယရှိသူ ၃၆ ဦးကို MNDAA ဖမ်း

လောက်ကိုင်မြို့က စုံစမ်းစစ်ဆေးမှုတစ်ခု

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, လောက်ကိုင်မြို့က စုံစမ်းစစ်ဆေးမှုတစ်ခု

ကိုးကန့်တပ်(MNDAA)ဟာ လောက်ကိုင်မြို့မှာ ပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေး စီမံချက်အတွင်း တရားမဝင်နေထိုင်သူ ၃၆ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဇန်နဝါရီလ ၃ ရက်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရားမဝင်နယ်စပ်ဖြတ်ကျော်ပြစ်မှု ကျူးလွန်တယ်လို့ သံသယရှိသူတွေကို သူတို့အသုံးပြုတဲ့ ဖုန်းတွေနဲ့ ဆက်စပ်လက်နက်ခံယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တာလို့ MNDAA အာဘော် The Kokang က သတင်းဖော်ပြပါတယ်။

ကိုးကန့်ဒေသထဲ နယ်မြေရှင်းလင်းရေး အထူးစီမံချက် စတင်တဲ့ ဒုတိယနေ့မှာ ကိုးကန့်ဒေသက စွမ်းဟော့ချိန်နဲ့တုံချိန်အရပ်တို့မှာ စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ကိုးကန့်ဘက်ကတော့ အွန်လိုင်း လိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုနဲ့ ရာဇဝတ်မှုတွေ ပပျောက်ဖို့ ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးကော်မတီ လက်အောက်က် အဖွဲ့တွေဟာ အထူးစီမံချက်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စတင်ပြုလုပ်နေတာဖြစ်ပါတယ်။

ကိုးကန့်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ လောက်ကိုင်က ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ အဆောင်တွေ၊ အငှားအိမ်တွေ၊ တရုတ်-မြန်မာ နယ်စပ် က ကျေးရွာတွေ၊ အင်တာနက်ဆိုင်တွေနဲ့ လူမနေတဲ့စက်ရုံနဲ့ အဆောက်အအုံတွေမှာ အင်အား ၆၀၀ ကျော်နဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

စတင်စုံစမ်းတဲ့ ပထမနေ့မှာပဲ လိမ်လည်မှုနဲ့ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်လူမျိုး ၂၁ ဦးနဲ့ ဗီယက်နမ် ၇ ဦးတို့ကို လောက်ကိုင်မှာ ဖမ်းဆီးမိခဲ့ပါတယ်။

ဒီလူတွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့က ကိုးကန့်ရဲဌာနကို လွှဲပြောင်းပြီးဖြစ်တယ်လို့ The Koang က သတင်းဖော်ပြသလို တရားဝင်နေထိုင်တဲ့နိုင်ငံခြားသားတွေကိုလည်း ကိုးကန့်တပ်က မှတ်ပုံတင်ရေးနဲ့ ယာယီနေထိုင်ခွင့်သက်သေခံ လက်မှတ်တွေ ထုတ်ပေးနေတယ်လို့ ပြောထားပါတယ်။

စစ်ကြောင်းတွေကြောင့် ကောလင်းမြို့ခံတွေတိမ်းရှောင်နေ

ပြီးခဲ့တဲ့ဇန်နဝါရီလဆန်း တုန်းက ကောလင်းမြို့ စျေးအနီးကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှု အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ဇန်နဝါရီလဆန်း တုန်းက ကောလင်းမြို့ စျေးအနီးကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှု အခြေအနေ

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ဝင်လာနိုင်တဲ့ လမ်းကြောင်း တွေမှာသာမက ကောလင်းမြို့နဲ့ကပ်ရပ် ကန့်ဘလူမြို့နယ်မှာပါ စစ်တပ်က စစ်အင်အားတွေ ချလာတာကြောင့် ကောလင်းမြို့ခံတွေ မနေ့က ဖေဖော်ဝါရီ ၃ ရက်ကစပြီး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ ၁ ရက်ကနေ ၃ ရက်အတွင်း MI 17 ရဟတ်ယာဉ် ၇ စင်းနဲ့ ဝန်းသိုမြို့က အမှတ် ၁၂၀ ခြေမြန်တပ်ရင်းကို စစ်အင်အားဖြည့်နေသလို ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘို့တိုက်နယ်က စစ်ကောင်စီအထိုင်စခန်းတွေဆီ ၈ ကြိမ်လောက် အင်အားဖြည့်ထားတယ်လို့ ဒေသတွင်းအခြေအနေတွေကို ဖော်ပြပေးနေတဲ့ Kawlin Revolution – KR ကနေ သိရပါတယ်။

အဲဒီစစ်အင်အားတွေဟာ ဒီနေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီလောက်မှာ ကြခတ်အိုက်ရွာအနောက်ကနေ ဒေါင်းမြူးချောင်းကိုကျော်ပြီး ကောလင်းမြို့ဘက်ကို စစ်ကြောင်းထိုးလာတယ်လို့လည်း သတိပေးထားပါတယ်။

“မနေ့ကစပြီး ပြည်သူ့ကာကွယ်‌ရေးအဖွဲ့တွေက မြို့ကနေထွက်ခိုင်းတယ်။ စစ်ကြောင်းတွေက မြို့ထဲဘက်ကို ဦးတည်နေလို့တဲ့။ ဒီနေ့လည်း မြို့ထဲကနေ ထွက်နေကြပြီ။ ကောလင်းမြို့ထဲဘက်ကိုက ဆက်သွယ်ရေးလမ်းကြောင်းတွေ အကုန်ပြတ်နေတာ။ ဖုန်းတွေလည်း ဆက်လို့မရတော့ဘူး”လို့ ကောလင်းမြို့နယ် ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ကောလင်းမြို့မြောက်ဘက် မိုးကောင်းတောင်ကို စစ်ကောင်စီတပ်အင်အား ၁၅၀ လောက် ရောက်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှာ သိမ်းပိုက်ခဲ့ပြီးနောက် NUG ရဲ့ အုပ်ချုပ်ရေးစနစ် လည်ပတ်နေတာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဝန်းသိုမြို့ စစ်ကောင်စီစခန်းတွေကနေ ကောလင်းမြို့ထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လေကြောင်းပစ်ခတ်တာတွေကြောင့် လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

အကယ်ဒမီည ပဲခူးမြို့ပေါ် ဖောက်ခွဲဖို့ကြံရွယ်သူတွေလို့ဆိုပြီး ဘုန်းကြီးတစ်ပါးအပါ ၆ ဦးဖမ်းဆီးခံရ

အကယ်ဒမီည ပဲခူးမြို့ပေါ် ဖောက်ခွဲဖို့ကြံရွယ်သူတွေလို့ဆိုပြီး ဘုန်းကြီးတစ်ပါးအပါ ၆ ဦးကို စစ်ကောင်စီဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, MOI

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ(အကယ်ဒမီ) ကျင်းပတဲ့ ဖေဖော်ဝါရီ ၃ ရက်ညမှာ ပဲခူးမြို့ပေါ်လူစည်ကားရာနေရာတွေကို ရှော့တိုက်ဒုံးတွေပစ်ခတ်ဖို့ ရည်ရွယ်ထားကြသူတွေဆိုပြီး ဉူးသောဘန အမည်ရ ဘုန်းကြီးတစ်ပါးအပါအဝင် ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဒီကနေ့ထုတ် သတင်းစာတွေမှာဖော်ပြပါတယ်။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်နဲ့ သနပ်ပင်မြို့နယ်လမ်းဆုံ၊ ကမာနတ်ရွာအနီးမှာ ၁၀၇ မမ ရှော့တိုက်ဒုံး၊ စနက်တံတို့ကို သယ်ဆောင်လာတဲ့ အမျိုးသား ငါးဦးနဲ့ အမျိုးသမီး တစ်ဦးကို ဖေဖော်ဝါရီ ၂ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ အသက် ၄၅ နှစ်ကနေ အသက် ၆၀ ဝန်းကျင်အရွယ်ရှိသူတွေဖြစ်ပါတယ်။

သူတို့ဟာ နစ်ဆန် မာ့ချ် အမျိုးအစား ခဲရောင်မော်တော်ယာဉ်ပေါ်မှာ လိုက်ပါလာကြပြီး ကချင်လွတ်လပ်ရေးတပ်(KIA)ထုတ်လက်နက်တွေကိုသယ်ဆောင်လာတဲ့ Dark Side Revolution Burma - DSRB အဖွဲ့ဝင်တွေလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာပါ။

"DSRB က တိုက်ခိုက်ရေးအဖွဲ့မဟုတ်တော့တာ တစ်နှစ်ကြာပါပြီ။ အခု ဖမ်းဆီးရမိတဲ့သူတွေကို မသိသလို ပဲခူးမှာလည်းအခြေချလှုပ်ရှားတာဘာမှမရှိပါဘူး" လို့ DSRB ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်(KIA)ထုတ်လက်နက်တွေကိုသယ်ဆောင်လာတဲ့ Dark Side Revolution Burma - DSRB အဖွဲ့ဝင်တွေလို့ စစ်ကောင်စီက သတင်းထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ကချင်လွတ်လပ်ရေးတပ်(KIA)ထုတ်လက်နက်တွေကိုသယ်ဆောင်လာတဲ့ Dark Side Revolution Burma - DSRB အဖွဲ့ဝင်တွေလို့ စစ်ကောင်စီက သတင်းထုတ်ပြန်

အခုလို ဖမ်းဆီးခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးအောင်နိုင်မျိုးရဲ့ထွက်ဆိုချက်အရ သနပ်ပင်မြို့နယ်၊ ရေတံခါး တာဝကျေးရွာက နေအိမ်ကနေပါ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာတစ်လက်နဲ့ လက်လုပ်ရှေ့ထွက်မိုင်းတစ်လုံး ထပ်ပြီးသိမ်းဆည်းရမိကြောင်းပါဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့အပြောအရ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (အကယ်ဒမီပေးပွဲ) ကျင်းပမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့ညမှာ လူစည်ကားရာနေရာတွေကိုဖောက်ခွဲဖို့ကြံရွယ်ထားသူတွေဖြစ်ပြီး ပဲခူးမြို့ပေါ်က စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ပစ်မှတ်ထားနေတာလို့ ပြောပါတယ်။

ကမာနတ်ရွာအနီးမှာ အခုလိုဖမ်းဆီးထိန်းသိမ်းခံတဲ့ဖြစ်စဉ်ရှိခဲ့သလားလို့ နီးစပ်ရာဒေသခံတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းပေမဲ့ မသိရှိဘူးလို့သာ ဒေသခံအချို့ကတုံ့ပြန်ဖြေကြပါတယ်။

မြန်မာမှာ အကူအညီလိုသူ ၁၇ သန်း တိုးလာ

မုန်လိုင်ခက် စစ်ရှောင်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Simsa Kasa Multimedia

ဓာတ်ပုံ ပုံစာ, မုန်လိုင်ခက် စစ်ရှောင် တစ်ဦး

မြန်မာနိုင်ငံမှာ စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ၃ နှစ်အတွင်း ဒုက္ခသည် ၁၇ သန်းတိုးလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပြောဆိုပါတယ်။

အာဏာမသိမ်းခင်တုန်းက မြန်မာမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူ ၁ သန်း ကျော်ကနေ အခုဆို ၁၈ သန်းအထိရှိလာတာကြောင့် ၃ နှစ်အတွင်း အကူအညီလိုသူ ၁၇ သန်းအထိ မြင့်တက်လာတာဖြစ်ပါတယ်။

တဖက်မှာလည်း ဒါဟာ မြန်မာ့လူဦးရေရဲ့ သုံးပုံ တစ်ပုံအထိရှိနေပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)ကတော့ မြန်မာနိုင်ငံတဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၂.၆ သန်းအထိရှိနေပြီး အများစုဟာ အကြိမ်ကြိမ် ထွက်ပြေးနေကြရသူတွေလို့ ဆိုပါတယ်။

မြန်မာမှာ ပဋိပက္ခ ဆက်ပြီး ပြင်းပြင်းထန်ထန်မြင့်တက်နေသလို တိုက်ပွဲတွေလည်း အရပ်မျက်နှာစုံမှာဖြစ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အကူအညီလိုအပ်နေသူ ၁၈ သန်းအထိရှိလာချိန်မှာ မနှစ်က အကူအညီဖြန့်ဝေပေးနိုင်ခဲ့သူ ၃ သန်းသာ ရှိခဲ့တာကြောင့် ဒီနှစ်မှာ အကူအညီတွေ ပိုတိုး လိုအပ်လာမှာဖြစ်တဲ့ စိုးရိမ်စရာ အခြေအနေကိုလည်း ထောက်ပြ ပြောဆိုထားပါတယ်။

မြန်မာပြည်က အခြေအနေဟာ အရပ်သားတွေကြုံတွေ့နေရတဲ့ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်ချက်တွေကို ဖြေရှင်းနိုင်ဖို့ ဆိုရင် နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ ထောက်ပံ့မှု တိုးလာမှ ဖြစ်မယ်လို့လည်း UNOCHA က သတိပေး ပြောဆိုထားပါတယ်။

ရမ်းဗြဲမှာ တိုက်ပွဲဆက်ပြင်းထန်နေ

ရမ်းဗြဲမှာ တိုက်ပွဲဆက်ပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, Western News

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ပေါ်တိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ ဘက်က မြို့ပေါ်နေအိမ်တွေကိုဝင်ရောက်မီးရှို့တာကြောင့် အမှတ် ၄ ရပ်ကွက်က နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဒီကနေ့ မနက်အစောပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

၁၀၂၇ စစ်ဆင်ရေး၊ ရက် ၁၀၀ ပြည့်တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ တိုက်ပွဲဖြစ်စဉ်တွေ အကြောင်းသတင်းထုတ်ပြန်လာတာဖြစ်ပြီး မနေ့ ညနေ ၅ နာရီခွဲခန့်အချိန်မှာ ရမ်းဗြဲမြို့၊ သိမ်တောင်ဘုရားကုန်းပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်ရပ်ကွက်တွေကို အခုလိုဝင်ရောက်မီးရှို့ခဲ့တာလို့ ဖော်ပြပါတယ်။

လက်ရှိ ရမ်းဗြဲမြို့ပေါ်က ဒေသခံအများစုထွက်ပြေးတိမ်းရှောင်နေကြရပြီး မီးလောင်ပျက်စီးတဲ့အခြေအနေအသေးစိတ်ကိုမသိရှိနိုင်ဘူးလို့ ဘီဘီစီမေးမြန်းကြည့်ခဲ့တဲ့ ဒေသခံအချို့ကပြောပါတယ်။

‘’ကျွန်တော်တို့ဆို နှစ်လနီးပါးရှိပြီ စစ်ရှောင်လာကြတာ၊ မြို့ပေါ်မှာတော့ တိုက်ပွဲတွေဆက်ဖြစ်နေတုန်းပဲ။ ကျွန်တော်တို့လည်း သွားကြည့်လို့မရတော့ ကျွန်တော့်အိမ်လည်းပါသွားသလား ဘာမှမသိနိုင်ဘူ’’ လို့ ရမ်းဗြဲဒေသခံတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကလည်း ရမ်းဗြဲမြို့နဲ့အနီးနေရာတွေကို စစ်ကောင်စီကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့နဲ့ အဆောက်အအုံတွေ မီးလောင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထည့်သွင်းပြောထားပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ ရမ်းဗြဲမြို့ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်၊ မနက် ၁၀ နာရီဝန်းကျင်အထိ တစုံတရာသတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။