အသက်ဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှုနဲ့ ရန်ပွဲတွေ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်က အ.ထ.က (၁) ကျောင်းမှာ ၂၀၂၆၊ ဇန်နဝါရီ ၂၇ ရက်က ကျောင်းသား ချင်းရန်ဖြစ်ထိုးကြိတ်ရာကနေ Grade 7 ကျောင်းသား မောင်မိုးသူရိန် သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီ ၂၉ ရက်မှာ ရွှေပြည်သာ၊ ကျူချောင်သုသာန်မှာ သူ့ရဲ့ မီးသဂြိုဟ်စျာပန ပြုလုပ်ခဲ့ပါတယ်။
မိသားစုနဲ့နီးစပ်သူရဲ့ မှတ်ချက်ကတော့ "လက်သီးနဲ့ ထိုးလိုက်တဲ့အရှိန်က လည်စေ့ကိုထိပြီး ခေါင်းထဲသွေးခဲသွားတာ''လို့ပြောပါတယ်။
ဖြစ်စဥ်ကို သိထားတဲ့ အမည်မသုံးစေလိုသူတစ်ဦးကတော့ ဆေးစစ်ချက်မှာ ''ဦးခေါင်းအထိသွေးယိုတယ်'' လို့ဖော်ပြကြောင်း ဘီဘီစီကို ပြောပြပါတယ်။
ဒီလို ကျောင်းတွင်းရန်ဖြစ်မှုကနေ အသက်ဆုံးရတဲ့ ဖြစ်စဥ်က မကြာခဏတွေ့လာရတဲ့ အခြေခံပညာအဆင့် ကျောင်းတွင်းရန်ပွဲတွေ၊ အနိုင်ကျင့်မှုတွေဖြစ်စဥ်တွေရဲ့ အန္တရာယ်နဲ့ အကျိုးအပြစ်ကို မီးမောင်းထိုးပြလာတယ်လို့ ရွှေပြည်သာမြို့နယ်က အငြိမ်းစားကျောင်းအုပ်တစ်ဦးက မှတ်ချက်ပြုပါတယ်။
အာဏာသိမ်းပြီးနောက် ပညာရေးဝန်ထမ်းတွေ ဆရာ၊ဆရာမအင်အားတွေလျော့နည်းလာတဲ့ နိုင်ငံတဝန်းက အခြေခံကျောင်းတွေမှာ ဒီပြဿနာတွေကို ထိထိရောက်ရောက်မဖြေရှင်းနိုင်တဲ့အပေါ် မေးခွန်းထုတ်မှုတွေလည်းရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အ.ထ.က ၁ ရွှေပြည်သာကျောင်းသားဟောင်းအဖွဲ့
ခြေရာဖျောက်ခံထားရတဲ့ မောင်မိုးသူရိန်သေဆုံးရခြင်းအကြောင်းရင်း

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ဖြစ်စဥ်ဖြစ်တဲ့နေ့ ဇန်နဝါရီ ၂၇ ရက်ကတော့ မောင်မိုးသူရိန်သေဆုံးမှုကို နှလုံးရောဂါအခံရှိလို့ ဘောလုံးကန်ရင်း အမောဖောက်သေဆုံးတယ်လို့ သတင်းတွေလွှင့်ခဲ့ကြပါတယ်။
ဇန်နဝါရီ ၂၈ ရက်မှာတော့ မောင်သူရိန်မိုး လဲကျနေတဲ့ ရုပ်သံဖိုင်ထွက်လာမှသာ ကျောင်းတွင်းရန်ပွဲမှာ ထိုးကြိတ်ခံရတာကြောင့် သေဆုံးရကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဒီဖြစ်စဥ်ကို သိတဲ့ ရွှေပြည်သာမြို့နယ်က သတင်းရင်းမြစ်က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကလေးမိသားစုနဲ့ နီးစပ်သူတစ်ဦးက"ကလေးမှာ နှလုံးရောဂါမရှိပါဘူး။ ကလေးက ဆေးခန်းတောင် တစ်ခါမှတောင် မပြဖူးဘူး"လို့ မောင်မိုးသူရိန်သေဆုံးမှုနဲ့ ပတ်သက်တဲ့ လူမှုကွန်ရက်ကသတင်းတစ်ပုဒ်မှာ မှတ်ချက်ဝင်ရေးထားပါတယ်။
လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်ထဲမှာ ကျောင်းသားကလေးတွေရဲ့ အသံတွေလည်းကြားရပါတယ်။
"တစ်လုံး ဝင်တာနဲ့ မေ့သွားပြီး" "တစ်လုံးပဲ ထိုးရသေးတယ်" "မအုံနဲ့ မအုံနဲ့" ဆိုပြီး ကျောင်းသားတစ်စုက ပလက်လန်လဲကျနေတဲ့ ကျောင်းသားတစ်ဦးရဲ့အနားမှာ ဝိုင်းကြည့်ရင်း ပြောနေကြပါတယ်။
လဲကျနေသူကတော့ Grade 7 ကျောင်းသား မောင်မိုးသူရိန်ဖြစ်ပါတယ်။
ဒီဖြစ်စဥ်ကို သိတဲ့ ရွှေပြည်သာမြို့ခံ ၃ ဦးထက်မနည်းရဲ့ တူညီတဲ့အပြောကတော့ '' မောင်မိုးသူရိန် လဲကျနေတဲ့ရုပ်သံထွက်မလာခင်အထိ သွေးရိုးသားရိုးသေဆုံးတယ်'' လို့သာ သတင်းထွက်ခဲ့တာလို့ဆိုပါတယ်။
ဖြစ်စဥ်သိသူတစ်ဦးရဲ့ ပြောပြချက်အရ အွန်လိုင်းပေါ်ထွက်လာတဲ့ ရုပ်သံကြောင့်သာသေဆုံးရတဲ့အကြောင်းရင်းမှန်က ''အထိုးခံရတာကြောင့် "လို့ သိရကြောင်းပြောပါတယ်။
သေဆုံးတဲ့ကျောင်းသားထက် တစ်နှစ်ကြီးတဲ့ Grade 8 (၈ တန်းကျောင်းသား) က မောင်သူရိန်မိုးကို ထိုးလိုက်တာလို့ ပြောဆိုချက်တွေရှိနေပါတယ်။
"အစပိုင်းမှာ ဆေးရုံရောက်မှာ ဆုံးသလိုပြောကြပေမဲ့ နေရာမှာပဲဆုံးတာ"လို့ဖြစ်စဥ်ကို သိထားတဲ့ ရွှေပြည်သာမြို့ခံ တစ်ဦးက ပြောပါတယ်။ မောင်သူရိန်မိုးရဲ့ နာရေးဖိတ်စာမှာတော့ ဇန်နဝါရီ ၂၇ ရက်၊ နေ့လယ် ၁၂ နာရီမှာ ဆုံးပါးတယ်လို့ ရေး ထားပါတယ်။
ဒီကျောင်းသား သေဆုံးရတဲ့အကြောင်းရင်းနဲ့ ဖြစ်စဥ်အမှန်ကို သိရဖို့ ရွှေပြည်သာမြို့နယ်ပညာရေးမှူးရုံး၊ ရန်ကုန်တိုင်းပညာရေးမှူးရုံးနဲ့ အခြေခံပညာညွှန်ကြားရေးဦးစီးဌာနတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
ကျောင်းပတ်ဝန်းကျင်နေသူတချို့ကလည်း ဒီကိစ္စကိုမသိဘူးလို့ ငြင်းဆိုကြပါတယ်။
ရွှေပြည်သာရဲစခန်းက ရဲစခန်းမှူ၊နယ်ထိန်းနဲ့ ရဲအုပ်တို့ကို ဆက်သွယ်မေးမြန်းပေမဲ့ ဖြေဆိုတာမရှိပါဘူး။
လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူလို့ ယူဆခံထားရတဲ့ ၈ တန်း ကျောင်းသားကို ရွှေပြည်သာရဲစခန်းက ဖမ်းဆီးထားတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ကျောင်းအုပ်ကြီးကိုလည်း ခေါ်ယူစစ်ဆေးတာရှိတယ်လို့ ဖြစ်စဥ်ကိုသိထားသူက ပြောပြပါတယ်။
စစ်ကော်မရှင်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းက ခိုက်ရန်ဖြစ်ပွားမှုမှာ Grade-7 ကျောင်းသား မောင်မိုးသူရိန်ရဲ့ သေဆုံး မှုနှင့်ပတ်သက်ပြီး ရွှေပြည်သာမြို့နယ်ရဲစခန်းမှ စုံစမ်းစစ်ဆေးနေတယ်လို့ ဇန်နဝါရီ ၂၉ ရက် မှာ ထုတ်ပြန်ပါတယ်။
ခိုက်ရန်ဖြစ်ပွားမှု ဖြစ်စဉ်မှာ ပါဝင်သူတွေကို ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ စိစစ်ပြီး အရေးယူ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အလားတူ အုပ်စုဖွဲ့အနိုင်ကျင့် ခိုက်ရန်ဖြစ်ပွားမှုမရှိစေဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ကျောင်းသားမိဘများပူးပေါင်းပြီး ကြိုတင်ကာကွယ်တားဆီးတာ၊ အသိပညာပေးတာနဲ့ ဖြစ်ပွားလာပါက ထိထိရောက်ရောက်အရေးယူဆောင်ရွက်တဲ့ နည်းလမ်းတွေနဲ့ ထိန်းချုပ်ဆောင်ရွက် သွားမယ်လို့ ထုတ်ပြန်ပါတယ်။
မောင်မိုးသူရိန်နဲ့ ဆွေမျိုးနီးစပ်တော်စပ်သူတစ်ဦးက "စောလိုက်တာကလေးရယ်။ နောက်ဘဝမှာ အခုလိုအဖြစ်ပျက်မျိုးနဲ့ ဘယ်တော့မှမကြုံပါစေနဲ့" ဆိုပြီးနာရေးဖိတ်စာ၊ မောင်မိုးသူရိန်ရဲ့ နာရေးပြင်ဆင်ထားတဲ့ပုံနဲ့ အတူ သူ့ရဲ့ လူမှုကွန်ရက်မှာတင်ထားပါတယ်။
၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ ဒီလို ကျောင်းတွင်းရန်ပွဲဖြစ်တာ၊ အုပ်စုဖွဲ့အနိုင်ကျင့်တာတွေက ရန်ကုန်တိုင်းထဲက ရွှေပြည်သာအပြင် မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ သန်လျင်၊ ရွှေပေါက္ကံ၊ လှည်းကူးမြို့နယ်တွေမှာဖြစ်ခဲ့တာကို သတင်းမှတ်တမ်းတွေအရ တွေ့ရှိရပါတယ်။
၂၀၂၄ တုန်းက တောင်ဒဂုံက ခဲတံချွတ်ဓားနဲ့ထိုးခံရတဲ့ ကျောင်းသားအပါအဝင် ကျောင်းတွင်းမှာ အနိုင်ကျင့်မှုနဲ့ ရန်ပွဲကြောင့် သေဆုံးတဲ့ကျောင်းသား ၃ ဦးရှိလာပါပြီ။
မန္တလေးကရှေ့နေတစ်ဦးကလည်း တိုင်းထဲမှာ ကျောင်းတွင်းအုပ်စုဖွဲ့အနိုင်ကျင့်မှု ၁၀ မှုလောက်ရှိခဲ့ပြီး အွန်လိုင်းပေါ်မရောက်တဲ့အမှုတွေလည်းရှိတယ်လို့ သူသိထားတဲ့ အမှုဖြစ်စဥ်တွေအရ ဘီဘီစီကိုပြောပြပါတယ်။
အ.ထ.က ၁ ရွှေပြည်သာက ကျောင်းသားတစ်ဦးရဲ့ အုပ်ထိန်းသူက"အိမ်ကစထွက်တာနဲ့ လမ်းမှာ ဘာဖြစ်မလဲစိတ်ပူရတယ်။ ကျောင်းထဲလည်း ဘာဖြစ်မလဲစိတ်ပူနေရပြီ။ ဖြစ်လာရင် ဘယ်သူမှတာဝန်မခံဘူး"လို့ သူ့စိုးရိမ်ချက်ကို ပြောပါတယ်။
ကျောင်းတွင်းရန်ဖြစ်မှုဖြစ်စဥ်တွေကိုကြည့်ရင် ဇန်နဝါရီလထဲမှာပဲ မိတ္ထီလာမြို့နယ်မှာ အလယ်တန်းကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားချိန် ဓားပါ ပါလာတာကြောင့် ကျောင်းသားတစ်ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ်မှာ ဖော်ပြထားကြပါတယ်။
၂၀၂၅ ခုနှစ်ကလည်း မန္တလေးတိုင်း၊ ပုလိပ်မြို့မှာ စာသင်ခန်းအထိဝင်ပြီး ကျောင်းသားအချင်းချင်း ဓားနဲ့ ရန်ရှာတာကြောင့် ကျောင်းသား၊ ကျောင်းသူ သုံးယောက်ဒဏ်ရာရခဲ့ပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာပဲ မြောင်းမြမြို့က အထက်တန်းကျောင်းတစ်ခုမှာ ကျောင်းသူအချင်းချင်း အနိုင်ကျင့်မှုတစ်ခု လူမှုကွန်ရက်မှာ ပေါ်ထွက်ခဲ့ပါတယ်။ အဲ့ဒါကို ပညာရေးတာဝန်ရှိသူတွေ အရေးယူမှုတွေ လုပ်ခဲ့ရပါတယ်။
ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာဖြစ်ခဲ့တဲ့ ကျောင်းသားတွေရဲ့ အနိုင်ကျင့်မှုအပြင် အခြား နေရာတွေမှာလည်း အလားတူဖြစ်ရပ်မျိုးတွေ မကြာခဏဖြစ်ခဲ့တယ်လို့ ဒေသခံတွေ၊ တရားရေးပိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
'' လူငယ်တွေအနေနဲ့ ကျောင်းတွင်းရော လူမှုဝန်းကျင်မှာပါ ခိုက်ရန်မဖြစ်ဖို့နဲ့ ကိုယ်ချင်းစာတတ်အောင် လေ့ကျင့် သင်ယူဖို့က မိဘ၊ ဆရာသမားတွေအပြင် တိုင်းပြည်အုပ်ချုပ်သူတွေမှာပါ တာဝန်ရှိတယ်'' လို့ ပညာရေးအသိုင်းအဝိုင်းက ထောက်ပြနေပါတယ်။
"ဆရာမတွေကို သွားတိုင်လည်း ဘာမှမတုံ့ပြန်ဘူး"

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျောင်းချိန်အတွင်း ကျောင်းသား သေဆုံးမှုဖြစ်ခဲ့တဲ့ အ.ထ.က ၁ ရွှေပြည်သာကျောင်းမှာ တက်နေတဲ့ ကျောင်းသားတစ်ဦးကလည်း ကျောင်းမှာ သူငယ်ချင်းတချို့ရဲ့ အနိုင်ကျင့်ပြောဆိုတာခံရဖူးတယ်လို့ သူ့ရဲ့ အုပ်ထိန်းသူမိဘက ဘီဘီစီကိုပြောပါတယ်။
"ရုပ်ပိုင်းဆိုင်ရာကို ကဲ့ရဲ့ ပြီး ဘူလီ( အနိုင်ကျင့်) ခံရတာ။ ဆရာမတွေကို သွားတိုင်လည်း ဘာမှမတုံ့ပြန်ဘူး"လို့ ဆိုပါတယ်။ ကျောင်းသားက သူကြုံတွေ့ရတာကို ဆရာမတွေဆီ အသိပေးခဲ့ပေမဲ့ တဖက်ကကျောင်းသားတွေကို ခေါ်ယူသတိပေးတာမျိုး မလုပ်ပေးခဲ့ဘူးလို့ ပြောပါတယ်။
"ကျောင်းအုပ်ကြီးအထိတိုင်ရင်လည်း ရှက်စရာကောင်းတယ်ထားလိုက်ပါတော့ဆိုပြီး ကလေးက ပြောတာနဲ့ မတိုင်ဖြစ်ဘူး။ သူ့ဘာသာပဲ ကဲ့ရဲ့တဲ့ သူငယ်ချင်းတွေကို လျစ်လျူရှုနေနေရတယ်လို့ ပြောတယ်"
ပျမ်းမျှတစ်လအတွင်း ကျောင်းတွေမှာ ကျောင်းသား ၃ ဦးမှာ ၁ ဦးခန့်ဟာ သက်တူရွယ် တူတွေရဲ့ အနိုင်ကျင့်ခံရမှုကို အနည်းဆုံး တစ်ကြိမ် ကြုံတွေ့ရတယ်လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ - UNESCO က ပြောထားပါတယ်။
ကျောင်းတွင်း အကြမ်းဖက်မှုနဲ့ အနိုင်ကျင့်ခံရမှုတွေဟာ များသောအားဖြင့် သက်တူရွယ်တူ တွေက ကျူးလွန်မှုများပြီး အချို့မှာ ဆရာ၊ ဆရာမတွေနဲ့ အခြားကျောင်း ဝန်ထမ်းတွေက အနိုင်ကျင့်နှိပ်စက်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၀ ခုနှစ်တုန်းကတော့ ပညာရေးဝန်ကြီးဌာနက ကျောင်းတွင်းဆိုက်ဘာခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများ ဆန့်ကျင် တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားလုပ်ခဲ့ဖူးပါတယ်။
အကြမ်းဖက်မှုတွေက သင်ယူတတ်မြောက်မှု၊ စိတ်ကျန်းမာရေးနှင့် အရည်အသွေး မြှင့်တင်ရေးတို့အပေါ် သိသာထင်ရှားတဲ့ ဆိုးရွားသော သက်ရောက်မှုတွေ ဖြစ်စေတယ်လို့ အဲဒီအချိန်က ပညာရေးဝန်ကြီးဖြစ်တဲ့ ဒေါက်တာမျိုးသိမ်းကြီးက ပြောခဲ့ဖူးပါတယ်။
"ကျောင်းတွေမှာ မကြာခဏ အနိုင်ကျင့်ခံရတဲ့ ကလေးတွေဟာ ကျောင်းနဲ့ မသက်ဆိုင်သူ တစ်ဦးအဖြစ် ပုံမှန် အခြေအနေစိတ်ခံစားချက်ထက် ၃ ဆနီးပါး ခံစားရပြီး၊ မကြာခဏ အနိုင်ကျင့်မခံရတဲ့ ကလေးငယ်တွေထက် ကျောင်းတက်လိုစိတ် ၂ ဆမက နည်းပါးတယ်" လို့ ဒေါက်တာမျိုးသိမ်းကြီးက ပြောခဲ့ဖူးပါတယ်။
ဘီဘီစီမေးမြန်းခဲ့တဲ့ အ.ထ.က ၁ ရွှေပြည်သာကျောင်းသားရဲ့ အုပ်ထိန်းသူဟာ ကလေးနဲ့အတူမနေနိုင်ဘဲ နိုင်ငံပြင်ပမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။ ဇန်နဝါရီ ၂၇ ရက်က ကျောင်းသားသေဆုံးတဲ့ ဖြစ်စဥ် သိရချိန်မှာ သူ့ အိမ်ကို စိုးရိမ်တကြီးနဲ့ လှမ်းဆက်သွယ်ခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။
"အိမ်က ကလေးတက်တဲ့ကျောင်းဖြစ်နေတော့ ရင်ပူသွားတယ်။ အဲဒီနေ့က သူကကျောင်းမသွားတဲ့ရက် ဖြစ်နေတယ်"လို့ ပြောပါတယ်။
သူက ရွှေပြည်သာရဲစခန်းကို မနေ့က ဖုန်းဆက်မေးမြန်းခဲ့ပါသေးတယ်။
"မိဘတွေကို ဘောလုံးကန်ရင်းဖြစ်တယ်လို့ လိမ်ထားတာသိရတော့ ရဲစခန်းကိုဘာကြောင့်လဲဆိုတာ သိချင်လို့ဆက်မေးတာ ရဲစခန်းလာခဲ့လို့ပြောတယ်။ လာမယ်ပြောတော့ လာလည်းဘာမှသိရမှာ မဟုတ်ဘူး။ စစ်တပ်ဘက်ကိုမေးရမှာလို့ပြောတယ်"လို့ ရဲစခန်းကို အားကိုးမရဘဲ စစ်တပ်ကိုထည့်ပြောပြီး မရေရာတဲ့အဖြေကိုပေးခဲ့တယ်လို့ သူက ပြောပြပါတယ်။
ကိုယ့်ကလေး ထိခိုက်တာမဟုတ်ပေမဲ့ ကျောင်းတွင်းဖြစ်တဲ့ ကိစ္စရပ်တစ်ခုကို အမှန်တိုင်းသိရဖို့ ခက်ခဲ တာကြောင့် အဝေးက မိဘတစ်ဦးအနေနဲ့ စိတ်ပျက်ရတယ်လို့ ဆိုပါတယ်။
ကျောင်းစည်းကမ်းထိန်းသိမ်းရေးလျော့ရဲလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျောင်းတွင်းရန်ပွဲတွေ၊ ကျောင်းတွင်းစည်းကမ်းထိန်းသိမ်းမှုအားနည်းတာတွေနဲ့ ကျောင်းသား ဒါမှမဟုတ် မိဘပေါ်မူတည်ပြီး ဘက်လိုက်တဲ့ဖြစ်စဥ်တွေက အရင်စစ်အစိုးရလက်ထက်ပညာရေးတွေမှာလည်းရှိခဲ့တယ်လို့ ပညာရေးCDM အသိုင်းအဝိုင်းက ပြောပါတယ်။
" ဦးသန်းရွှေ သမီးကို စာမေးပွဲစည်းကမ်းအရ ကျောင်းသားကတ်တောင်းမိလို့ အထက် က ညိုညင်တာမျိုးကြုံဖူးတယ်" ရန်ကုန်တက္ကသိုလ်ကြားကာလကောင်စီက ပါမောက္ခ ဒေါက် တာဝေယံလင်းက ပြောပါတယ်။
စစ်အစိုးရကနေ အရပ်သားအစိုးရလက်ထက်မှာတော့ ကျောင်းတွင်းစည်းကမ်းထိန်းသိမ်းမှုအပိုင်းမှာ ဘက်မလိုက်ဘဲ ဆောင်ရွက်တဲ့အပိုင်းအားကောင်းခဲ့တာတွေ့ရတယ်လို့ သူကယူဆပါတယ်။
နောက်ထပ် အခြေခံပညာ CDM ကျောင်းအုပ်တစ်ဦးကလည်း အရပ်သားအစိုးရလက်ထက်မှာအခြေခံကျောင်းတွေမှာ ကျောင်းသားသေဆုံးတဲ့ အထိ အကြမ်းဖက်ဖြစ်ရပ်တွေ မရှိသလောက်နည်းတယ်လို့ ၂၀၂၁ မတိုင်ခင်အခြေအနေကို ပြောပြပါ တယ်။
CDM အသိုင်းအဝိုင်းကတော့ အခုနောက်ပိုင်း မြင်လာရတဲ့ ကျောင်းတွင်း၊ကျောင်းပြင်မှာ ဖြစ်ပေါ်နေတဲ့ ကျောင်းသားအရွယ်ကလေးတွေရဲ့ အကြမ်းဖက်တဲ့လုပ်ရပ်တွေက အရည်အချင်းပြည့်ဝတဲ့ သင်ကြားရေးဆရာတွေ နည်းပါးသွားတာကြောင့် လို့ ဆိုပါတယ်။
"ဆရာ၊ ဆရာမတွေမှာ စေတနာ မရှေးရှုဘဲ ဘာသိဘာသာနေလိုက်တာကြောင့် အခုလိုတွေဖြစ်လာ တယ်လို့ ယူဆပါတယ်"လို့ ဒေါက်တာဝေယံလင်းက ပြောပါတယ်။
ကျောင်းစည်းကမ်းထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ရာဇဝတ်မှုမဟုတ်တဲ့ ဖြစ်စဥ်တွေမှာ ကျောင်းသားကို ခေါ်ယူသတိပေးတာ၊ မိဘကို ခေါ်ယူသတိပေးတာနဲ့ ကျောင်းရပ်နားတာတွေ အထိလုပ်ရတာဖြစ်ပါတယ်။
"ရာဇဝတ်မှုဖြစ်လာခဲ့ရင်တော့ ရဲစခန်းနဲ့ တရားရေးအရ ရင်ဆိုင်ရတဲ့ အခြေအနေတွေရှိပါတယ်" လို့ ဒေါက်တာဝေယံလင်းက ပြောပါတယ်။
ဇန်နဝါရီ ၂၇ ရက် ရွှေပြည်သာ အ.ထ.က ၁ ဖြစ်စဥ်ဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပညာရေးကဏ္ဍအပေါ် သက်ရောက်မှု တစိတ်တပိုင်းဖြစ်တယ်လို့ ပညာရေး CDM တွေက ယူဆပါတယ်။
စစ်ကော်မရှင်ရဲ့ ၂၀၂၄ ခုနှစ်အချက်အလက်အရ စစ်အာဏာသိမ်းအပြီးမှာ CDM ဝင်သွား အခြေခံပညာရေးဝန်ထမ်း ၁၃၃,၉၄၃ ဦးရှိပါတယ်။ ဒီထဲက ၇,၉၃၈ ဦးက စစ်ကော်မရှင်ဘက်ကို အယူခံနဲ့ပြန်ဝင်သွားပါတယ်။
အသစ်ခန့်နိုင်တဲ့ ဦးရေက ၇၄,၂၀၃ ဦးရှိတာကြောင့် ထွက်သွားတဲ့ဝန်ထမ်းနေရာမှာ ၈၂၁၄၁ ဦး ပြန်အစားထိုးခန့်ထားတာပါ။ ဒါကြောင့် ပညာရေးဝန်ထမ်းပေါင်း ၅ သောင်းကျော်ထပ်ဖြည့်ဖို့လိုအပ်နေပါတယ်။
စစ်အာဏာမသိမ်းခင်းကတည်းက မြန်မာနိုင်ငံရဲ့ ကျောင်းသား၊ ဆရာ အချိုးက ကွာဟချက်မြင့်နေခဲ့တာပါ။ လက်ရှိ လူမှုကွန်ရက်မှာတော့ ၇ တန်း ကျောင်းသားသေဆုံးမှုအတွက် ဆရာ၊ ဆရာမတွေကို အပြစ်တင်သူရှိသလို မိဘဘက်ကို အပြစ်ပြောတာလည်းရှိနေတာပါ။
ဘယ်သူ့မှာ တာဝန်ရှိနေလဲဆိုတာကိုတော့ ပညာရေးCDM အသိုင်းအဝိုင်းက အချက် ၃ ချက်ကို ထောက်ပြပါတယ်။
- ကျောင်းသားတက်ရောက်တဲ့ကျောင်းက တာဝန်ရှိသူတွေ
- ပညာရေးဝန်ကြီးဌာန
- စစ်ကော်မရှင်
ဒေါက်တာဝေယံလင်းက "ဒီအကြောင်းကြားရချိန်မှာ တော်တော်စိတ်မကောင်းဖြစ်တယ်။ ဒီလိုဆိုးဆိုးရွားရွားဖြစ်ရပ်တွေက ဆက်ရှိနေမှာပဲ။ စနစ်တစ်ခုမပြောင်းခင်အထိ ရင်နာနာနဲ့ ကြည့်နေရဦးမှာပဲ"











