စစ်မီးတောက်ကြားက စာသင်ခန်းများ

ကနီမြို့နယ်ကြားကာလပညာရေးကျောင်းမြင်ကွင်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ကနီပညာရေးဘုတ်အဖွဲ့

စစ်မီးတောက်လောင်နေတဲ့ စစ်ကိုင်းတိုင်းမှာ မြေပြင်အခြေစိုက် ကြားကာလပညာရေးစာသင်ကျောင်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်တာကို ဘီဘီစီကတွေ့ရှိထားပါတယ်။

အထူးသဖြင့် အညာဒေသအလယ်ပိုင်းလို့ ဆိုရမယ့် ယင်းမာပင်ခရိုင်နဲ့ ‌ရွှေဘိုခရိုင်မှာ စဉ်ဆက်မပြတ် ပညာရေးလုပ်ငန်းတွေ အားကောင်းနေပြီလို့ ဒေသအခြေစိုက် ပညာရေးအသိုင်းအဝိုင်းတွေကနေ သိရပါ တယ်။

အဲ့ဒီထဲ ကနီဒေသဟာ စစ်ကောင်စီပညာရေးကို ဆန့်ကျင်တဲ့ ကြားကာလပညာရေး အကောင်အထည် အဖော်နိုင်ဆုံးဒေသလို့ ဆိုကြပါတယ်။

“လေးခွတွေကိုင် ကွမ်းတွေဝါးနေတဲ့ ကလေးတွေကနေ အခုဆို လွယ်အိတ်လေးတွေလွယ်ပြီး စာသင်ခန်းထဲ ပြန်ရောက်လာကြတာ၊ ကျွန်တော့်အတွက် တကယ်ပျော်ရတယ်။ ကြည်နူးရတယ်”

ကျောင်းသားနှစ်သောင်းခွဲနီးပါးကို စာသင်ကြားပေးနေပြီဖြစ်တဲ့ ယင်းမာပင်ခရိုင်၊ကနီမြို့နယ်ကြားကာလ ပညာရေးတာဝန်ခံ၊ ဦးဝင်း‌ဋ္ဌေးက စာသင်ခန်းတွေ ပြန်ဖွင့်နိုင်တဲ့ခံစားချက်ကို ပြောပြပါတယ်။

“ဆိုင်ကယ်စီးလို့မရဘူး၊ လှည်းဝင်မရဘူး။ ရွှံ့တွေဗွက်တွေကြားကို ခြေလျင်ကိုမှ မနက်ကိုးနာရီကနေ ညနေစောင်းအထိလမ်းလျှောက်ပြီးမှ ရွာကိုရောက်တယ်။ ကျောင်းတွေဖွင့်ဖို့ စည်းရုံးရတယ်။ ရွာသားတွေကလည်း ထင်ထားတာထက် ပိုတက်ကြွတယ်ဗျာ”

ကနီဒေသထဲကမှ ဝေးလံခေါင်ဖျားတဲ့ကျေးရွာတွေမှာပါ ကြားကာလပညာရေးကျောင်းတွေ ဖွင့်နိုင်ဖို့ ကြိုးစား ခဲ့ရတဲ့ အမှတ်တရတွေအကြောင်း အသက် ၃၂နှစ်အရွယ်၊ အထက်တန်းပြဆရာဖြစ်တဲ့ ဦးဝင်းဋ္ဌေးက ဘီဘီစီကို အခုလိုပြောခဲ့ပါတယ်။

ဒီကနီမြို့နယ်ထဲမှာ အခုနှစ် ဇန်နဝါရီလကစပြီး ကြားကာလပညာရေးကျောင်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။ ကိုးလအကြာ စက်တင်ဘာလထဲမှာတော့ နောက်ထပ် ပညာသင်နှစ် အသစ်ကို သင်ကြားပေးနေပြီဖြစ်ပြီး ကျောင်းပေါင်း ၁၄၈ ကျောင်းဖွင့်ထားနိုင်ပါပြီ။

တောင်ပိုင်းကိုစစ်ကြောင်းဝင်ရင် မြောက်ပိုင်းမှာစာသင်ကျောင်းဖွင့်ကြတဲ့ ကြားကာလပညာရေး

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၂ခုနှစ်၊ စက်တင်ဘာလအရောက်မှာတော့ အခုလို စစ်ကိုင်းတိုင်းထဲက မြို့နယ်အများစုမှာ ကြားကာလ ပညာရေး‌ကျောင်းတွေ ခပ်စိပ်စိပ် လည်ပတ်လာနိုင်တာဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပညာရေးဘုတ်အဖွဲ့ တွေရဲ့ ကြိုးစားမှုအပြင် လူထုရဲ့ အားကိုးယုံကြည်မှုကြောင့် ရပ်တည်နိုင်တာလို့ ဦးဆောင်သူတွေက ဘီဘီစီကို ပြောပါတယ်။

သူတို့ရဲ့ ပြောကြားချက်တွေအရလည်း စစ်ရေးပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲက မြေပြင်ပေါ်မှာ စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနိုင်ဖို့က အများအားနဲ့ စုပေါင်းရုန်းကန်ခဲ့ကြရပြီး မလွယ်ကူဘူးလို့ ဆိုကြပါတယ်။

“ကိုယ်ထူကိုယ်ထ ဖတ်စာအုပ်တွေစု ပြင်ဆင်ပြီး စစချင်းဖွင့်တဲ့အင်းပတ်ရွာက ကျောင်းကို ဝင်စီး ခံရတယ်။ သတင်းရပြီး လာကြတယ်၊ ကျောင်းတွေ‌ရော ဖျက်ဆီးခံခဲ့ရတယ်” လို့ ရွှေဘိုခရိုင်၊ ခင်ဦးမြို့မှာ ပထမဆုံးကြားကာလပညာရေးကျောင်း ဖွင့်လှစ်ချိန် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပညာရေးလုပ်သားတစ်ဦး က ပြန်ပြောပြပါတယ်။

ဒီလို ခင်ဦးမြို့နယ်ကြားကာလ ပညာရေးရဲ့ပထမခြေလှမ်းမှာ အခက်အခဲတွေနဲ့ ဖိနှိပ်ခံခဲ့ရပေမဲ့ တဖြည်းဖြည်း စာသင်ကျောင်းတွေ ချိတ်ဆက်ဖွင့်လှစ်ဖို့ ထပ်ကြိုးစားနေပါပြီ။

“အခုတော့ တစ်မြို့နယ်လုံးရဲ့ ၂၅ရာခိုင်နှုန်းလောက်တော့ လွှမ်းခြုံနိုင်ပါပြီ။ ကျောင်း ၃၆ကျောင်းဖွင့်နိုင်ပြီ” လို့ သူက ဆက်ပြောပါတယ်။

NUGအစိုးရနဲ့ ချိတ်ဆက်ပြီး ကြားကာလပညာရေးအစီအစဉ်တွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

နေ့စဉ်လိုလို တိုက်ပွဲရှိနေတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စာသင်ကြားဖို့က စစ်ကြောင်းမရှိရင် စာသင်ခန်းဖွင့်လှစ်ပြီး စစ်ကြောင်းရှိရင် နီးစပ်ရာကျောင်းတွေ အကုန်ပိတ်ကာ ရွာကိုစွန့်ခွာပြေးကြရတယ်လို့ ဒေသအခြေစိုက် ဆရာ၊ဆရာမတွေက ဆိုပါတယ်။

“ကျွန်တော်တို့ခင်ဦးမှာဆိုရင် အနောက်ပိုင်းက မကြာခဏ စစ်ကြောင်းထိုးတယ်၊ မီးရှို့ခံရတယ်ဆိုတော့ ကျောင်းသိပ်မဖွင့်နိုင်ဘူး။ ကျန်တဲ့အပိုင်းတွေကဖွင့်နိုင်တယ်” လို့ မြေပြင်မှာ ပညာသင်ကြားပေးနေတဲ့ ခင်ဦးဒေသခံကျောင်းဆရာတစ်ဦးက သူတို့ရဲ့စာသင်ခန်းလည်ပတ်မှုပုံစံကိုရှင်းပြပါတယ်။

“ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေနဲ့ ဟန်ချက်ညီညီ လှုပ်ရှားရတယ်။ ဘယ်လမ်းမှာ စစ်ကြောင်း လာပြီဆို ကျောင်းနားရက်ပေး၊ လုပ်လက်စတွေ ရပ်ထားကြတယ်” လို့ စစ်ရေးအသိနဲ့ ပညာသင်ကြားပေးရ တာလို့ သူကဆိုပါတယ်။

ဒါကြောင့်လည်း မြေပြင်မှာ ကြားကာလပညာရေးကျောင်းတွေ ဖွင့်လှစ်တာကြောင့်မဟုတ်ဘဲ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျေးရွာတွေထဲကို ဝင်ရောက်ပစ်ခတ်မှု တွေလုပ်ဆောင်ကြတာလို့ ဒေသခံတွေကပြောပါတယ်။

အခု ခင်ဦးမြို့နယ်မှာကြုံခဲ့ရသလို ကြားကာလပညာရေးကျောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းတဲ့ဖြစ်စဉ်တွေ စစ်ကိုင်းတိုင်းထဲမှာ မကြာခဏဖြစ်ပွားနေပါတယ်။

ရွာခြောက်ရွာက စာသင်ကျောင်းတွေလေကြောင်းနဲ့တိုက်ခိုက်ခံရ

ရွာခြောက်ရွာက စာသင်ကျောင်းတွေလေကြောင်းနဲ့တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘီဘီစီက သီးသန့်စုစည်းထားတဲ့ အချက်အလက်တွေအရ ခင်ဦးမြို့နယ်က ဖြစ်စဉ်အပါအဝင် ကြားကာလ ပညာရေးကျောင်းတွေရှိတဲ့ ကျေးရွာတွေ စီးနင်းခံရတဲ့ ဖြစ်စဉ်ပေါင်း ခြောက်ကြိမ်ထပ်မနည်း ရှိခဲ့ပါတယ်။

အစောဆုံးဖြစ်စဉ်အဖြစ် အခုနှစ်ဖေဖော်ဝါရီ ၂၆ရက်မှာ ယင်းမာပင်မြို့နယ်က ချင်းပုန်းရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ပါတယ်။

ဒီစီးနင်းချိန်မှာ ချင်းပုန်းရွာမှာ ဖွင့်လှစ်ဆဲ ကြားကာလပညာရေးကျောင်းက ကျောင်းသားတွေရော ဆရာတွေပါ ရက်အနည်းငယ်ရွာထဲ ပိတ်မိခဲ့ကြတယ်လို့ ခင်ဦးမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဆိုပါတယ်။

အဲ့ဒီနောက် ဇူလိုင်လအတွင်းမှာတော့ ဒီပဲယင်းမြို့နယ်က သိမ္ဘာရွာ၊ ညောင်လှရွာတွေမှာလည်း ကျောင်းဆင်း ချိန်မှာ ဝေဟင်ကနေ ပစ်ခတ်စီးနင်းခံရတာကြောင့် ကျောင်းသားရော ဆရာတွေပါ ထွက်ပြေးခဲ့ကြရပါတယ်။

“သိမ္ဘာရွာမှာဆို ဆရာတစ်‌ယောက်ရယ်၊ ၇တန်းကျောင်းသားရယ်ကို လူသားဒိုင်းအနေနဲ့ လမ်းပြခေါ်သွားခံရ တယ်။ ပြန်တော့လွတ်လာကြပါတယ်။ ညောင်လှရွာမှာတော့ အဖမ်းအဆီးမခံခဲ့ရဘူး”

ဝင်ရောက်ပစ်ခတ်ချိန်မှာ ထိခိုက်ဖမ်းဆီးခံရမှုတွေရှိပါသလားလို့ ဘီဘီစီကမေးခဲ့ရာမှာ ဒီပဲယင်းပညာရေး ဘုတ်အဖွဲ့ဝင်တစ်ဦးက အခုလိုဖြေခဲ့ပါတယ်။

သြဂုတ်လထဲမှာတော့ စစ်ကိုင်းခရိုင်ထဲက မြင်းမူမြို့၊ လက်ပံကျင်းရွာကို လေကြောင်းနဲ့ စီးနင်းခံရပြီး တိုက်ပွဲပြင်းထန်ခဲ့ရာကနေ ကာကွယ်ရေးအဖွဲ့တွေ စံချိန်တင်သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ ဒီရွာမှာလည်း ကြားကာလပညာရေး ကျောင်းဖွင့်လှစ်ထားချိန် အခုလို စီးနင်းခံရတာလို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

အခုလ စက်တင်ဘာ ၉ရက်နေ့မှာလည်း ဝက်လက်မြို့နယ်ထဲက ကြားကာလပညာရေးကျောင်းဖွင့်ပွဲ ပြုလုပ်နေတဲ့ ကျေးရွာကို လေကြောင်းနဲ့ရုတ်တရက် ဝင်ရောက်ပစ်ခတ်တာကြောင့် ထွက်ပြေးတိမ်းရှောင် ခဲ့ရတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောကြပါတယ်။

ဒီလို ပညာရေးကျောင်းတွေဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီက စက်တင်ဘာ ၁၁ရက်အထိ တစုံတရာထုတ်ပြန်တာမရှိပေမဲ့ စစ်ကိုင်းတိုင်းထဲက စာသင် ကျောင်းတွေအပါအဝင် နေရာအများစုကကျောင်းတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဖျက်ဆီးမှု တွေလုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထုတ်ပြန်ချက်တွေ ဆက်တိုက်ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း လက်နက်အင်အားသာလွန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လေကြောင်းကနေ ပစ်ခတ်ပြီး ရွာကိုစီးနင်းမှုတွေဟာ မြေပြင်အခြေ စိုက်ကြားကာလပညာရေးကျောင်းတွေအတွက် အဓိကစိန်ခေါ်မှု ဖြစ်နေပါတယ်။

စစ်ကြောင်းထိုးတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ‌ဒီပဲယင်းဒေသခံမြင်ကွင်း။

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

ပြည်သူဗဟိုပြုစာသင်ကျောင်းတွေထိ ရိုက်ခတ်လာတဲ့ကုန်စျေးနှုန်းကြီးမြင့်မှု

NUG အစိုးရရဲ့ ညွှန်ကြားမှုနဲ့ ဖွင့်လှစ်တဲ့ ကြားကာလပညာရေးကျောင်းတွေမှာ လုံခြုံရေးအဓိက စိုးရိမ်ကြရ ပြီး သင်ထောက်ကူပုံနှိပ်စာအုပ်တွေ အလွယ်တကူဝယ်မရတာ၊ လမ်းခရီးမှ ာဖျက်ဆီးခံရတာအပြင် ကျောင်း တွေလည်ပတ်ဖို့ ငွေကြေးအခက်အခဲကြုံနေရတယ်လို့ ဘီဘီစီမေးမြန်းကြည့် မြို့နယ်ပညာရေးတာဝန်ခံ တွေက တူညီစွာဖြေဆိုကြပါတယ်။

ဒီအခက်အခဲတွေဟာ ကြားကာလပညာရေး တွင်ကျယ်နေတဲ့ အညာအလယ်ပိုင်းဒေသတွေမှာ သာမက ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းအထက်ပိုင်းဒေသတွေအပြင် မကွေးတိုင်း၊ ချင်းပြည်နယ်တို့နဲ့ နယ်နိမိတ်နီးကပ်နေတဲ့ စစ်ကိုင်းအောက်ပိုင်းက ကြားကာလပညာရေးကျောင်းတွေမှာပါ ရင်ဆိုင်နေရ တာပါ။

ဒါကြောင့် လူထုနဲ့ ဦးဆောင်လှုပ်ရှားသူတွေဟာ အပြန်အလှန်အားပေးကြရင်း စစ်ရေး ပြင်းထန်တဲ့ စစ်ကိုင်းတိုင်းထဲမှာ အခုလိုကြားကာလပညာရေးတွေ အားကောင်းလာခဲ့တာလို့ ဆိုပါတယ်။

“စည်းရုံးရေးဆင်းဖို့သွားတဲ့ ရွာတွေဟာ မျက်စိရှေ့မှာတင် ပြာကျသွားလို့ ရွာခံတွေကို နှစ်သိမ့်ပေးရတယ်” လို့ မီးလောင်ပြင်စစ်ကိုင်းဒေသက မြင်ကွင်းတစိတ်တပိုင်းကို ဒီပဲယင်းပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

“အားပေးရင်းပြုံးကြတယ်၊ သူတို့အပြုံးတွေက ပျော်လို့မဟုတ်ဘူးဗျ။ မချိတင်ကဲအပြုံးတွေ။” ဒေသခံတွေရဲ့ အပြုံးတွေကနေ ဝမ်းနည်းမှု၊ နာကျည်းမှုတွေကို အတိုင်းသားမြင်နေရတဲ့အကြောင်း သူမြင်တွေ့ခဲ့ရပုံတွေကို အသံခပ်ပြတ်ပြတ်နဲ့ ဆိုပါတယ်။

ဒီလို ရင်းနှီးပေးဆပ်မှုတွေကြားကနေ ရပ်ရွာအခြေပြုကြားကာလ ပညာရေးကျောင်းတွေဖွင့်လှစ်လာတာဟာ အတန်းတင်စာမေးပွဲဖြေဆိုရဖို့ပါ တချို့ဒေသတွေမှာ ပြင်ဆင်နေကြပါပြီ။

စစ်ကောင်စီအုပ်ချုပ်မှုအားကောင်းတာကြောင့် ကြားကာလပညာရေးမလည်ပတ်နိုင်တဲ့ စစ်ကိုင်းတိုင်းက ဒေသတချို့ကိုလည်း မြို့နယ်အလိုက် ချိတ်ဆက်မှုတွေ ဆက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်တပ်ပေးတဲ့ ပညာရေးအလိုမရှိဘဲ ပြည်သူတွေကြားမှာ ရပ်တည်တဲ့ ဖယ်ဒရယ်ကြားကာလပညာရေးစနစ် အရှိန်မပြတ်ဖို့ အခက်အခဲတွေကြားကနေ ဆက်လုပ်ဆောင်နေမယ်လို့ မြေပြင်မှာလှုပ်ရှားနေတဲ့ ပညာရေး လုပ်သားတွေက ဘီဘီစီကိုအခိုင်အမာပြောထားပါတယ်။

ချင်းပုန်းရွာမှာဘာတွေဖြစ်ခဲ့လဲ
ခယောင်းတော နေ့တွေ