ချောင်ဘူရီ ယင်းမာပင်နဲ့ သမီးလေးရဲ့အမေ

ဓာတ်ပုံ ရင်းမြစ်, CJ
ဘန်ကောက်မြို့ အရှေ့တောင်ဘက် ၈၀ ကီလိုမီတာအကွာ ချောင်ဘူရီဒေသ မြန်မာလုပ်သားတွေနေထိုင်တဲ့ တိုက်ခန်းထဲက မတ်လရဲ့ ညနေပိုင်းအပူရှိန်ဟာ မီးထတောက်မတောက် ပူလောင်လွန်းလှပါတယ်။ ချောင်ဘူရီ ကြက်သားစက်ရုံက မြန်မာအလုပ်သမားတွေနေတဲ့ ၁၀ ပေပတ်လည် အခန်းကျဉ်းလေးဟာ အဲကွန်းလေအေးပေးစက် မရှိတဲ့အတွက် အပူဒဏ်ကို ပိုပြီး ပြင်းပြင်းထန်ထန်ခံစားရပါတယ်။
စက်ရုံကနေပြန်ရောက်လာတဲ့ မြန်မာအလုပ်သမလေး မနွယ်နီကတော့ သူအခန်းလေးထဲမှာ ချွေးတလုံးလုံးနဲ့ သူ့အိပ်ရာပေါ်မှာ ထိုင်ပြီး မသက်မသာနဲ့ အပူဒဏ်ခံစားနေရပါတယ်။ဒါပေမဲ့ ပြင်ပက ရာသီဥတု အပူက သူ့ရင်ထဲက အပူကိုတော့ မီလိမ့်မယ်လို့မထင်ပါ။
ခန္ဓာကိုယ် ခပ်ပိန်ပိန် သွယ်သွယ် အသက် ၂၃ နှစ်ခန့် အမျိုးသမီးငယ်လေး မနွယ်နီ(အမည်လွှဲ)ဟာ တုန်ရီနေတဲ့သူ့လက်တစုံကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း မျက်ရည်တွေ တသွင်သွင်စီးကျနေပါတယ်။
မွေးရပ်မြေ စစ်ကိုင်းတိုင်း ယင်းမာပင်နယ်နဲ့ ကီလိုမီတာ ၁၅၀၀ကျော်မှာရှိတဲ့ ထိုင်းနိုင်ငံ၊ ချောင်ဘူရီကို မနွယ်နီရောက်နေပေမယ့် ပြီးခဲ့တဲ့ရက်က မြေအောက်တိုက်ခန်းထဲမှာ ပုန်းနေရင်းပိတ်မိနေတဲ့ တစ်ဦးတည်းသော သူ့ရဲ့ ၄ နှစ် အရွယ် သူ့သမီးလေးသတင်းကြားရင်း သူစိတ်မချနိုင်အောင်ဖြစ်နေခဲ့ရပါတယ်။
ကြေကွဲဝမ်းနည်းစရာတွေဟာ သူ့ရင်ကိုဓားနဲ့မွှန်းသလို နာကျင်နေရတဲ့အကြောင်းလည်း သူကပြန်ပြောပြပါတယ်။
ဖေဖော်ဝါရီ (၂၆)ရက်မှာတော့ မနွယ်နီကို အသက်ရှုရပ်မတတ်ဖြစ်စေခဲ့တဲ့အဖြစ်ဆိုးကြီးတခုဖြစ်ခဲ့ပါတယ်။
ဒါကတော့ မနွယ်နီရဲ့ မွေးရပ်ဖြစ်သလို မိသားစုဝင်တွေနေထိုင်နေကြတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်စီးနင်းပြီဆိုတဲ့ သတင်းဆိုးကြီးဖြစ်ပါတယ်။
မြန်မာပြည်တွင်းက အာဏာသိမ်းနောက်ဆက်တွဲရိုက်ခတ်မှုတွေဟာ အဝေးတနေရာကိုရောက်နေတဲ့ မနွယ်နီလို ပြည်ပရောက်အလုပ်သမားတွေအပေါ်မှာလည်း သက်ရောက်မှုခပ်ပြင်းပြင်းရှိနေပါတယ်။ အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင်တွန်းလှန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်နယ်ခံတဦး ဖြစ်တဲ့ မနွယ်နီအတွက်ကတော့ စစ်ကိုင်းကသတင်းတွေကြားတိုင်း ရင်ကွဲမတတ်ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ရင်းမြစ်, CJ
လွန်ခဲ့တဲ့ ၂ နှစ်က မုံရွာတစ်ဘက်ကမ်းယင်းမာပင်နယ်က ချင်းပုန်းရွာကနေ မိသားစု စားဝတ်နေရေး အဆင်မပြေတာကြောင့် မနွယ်နီဟာ ထိုင်းကို အလုပ်လုပ်ဖို့ ပိုက်ဆံချေးပြီးထွက်လာခဲ့တာဖြစ်ပါတယ်။
သူ့ထိုင်းကို ရောက်လာပြီးနောက်ပိုင်း ကမ္ဘာ့အနှံ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေဖြစ်ခဲ့သလို ပြီးခဲ့တဲ့နှစ်က မြန်မာပြည်မှာ စစ်အာဏာသိမ်းတာနဲ့ ကြု့ခဲရပြီး သူ့သမီးနဲ့ မတွေ့ရတာ ၂ နှစ်ကျော်လာပြီလို့ဆိုပါတယ်။
သမီးကို ရွာမှာ မနွယ်နီရဲ့အဖေ အဘိုးနဲ့ထားခဲ့ရတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်း ယင်းမာပင်နယ်ထဲမှာ စစ်ကောင်စီက အပြင်းအထန်တိုက်ခိုက်ခံရတဲ့ ရွာတွေထဲမှာ သူ့တို့ရွာလည်း ပါဝင်ပါတယ်။
ထိုင်းနိုင်ငံ၊ ချောင်ဘူရီဒေသက ကြက်သားစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မနွယ်နီဆီ ထိုင်းစံတော်ချိန် မနက် (၁၁)နာရီခွဲလောက်မှာ သူငယ်ချင်းဖြစ်သူကနေ ဖုန်းခေါ်လာခဲ့ပါတယ်။ အကြောင်းကတော့ သူ့ရွာ ချင်းပုန်းကို စစ်ကောင်စီတပ်တွေ ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက်ပစ်ခတ်နေပြီဖြစ်သလို မူကြိုကျောင်းက ကလေးတွေ၊ ကွန်ပျူတာသင်တန်းတက်နေတဲ့ ကျောင်းသားကလေးတွေပါ ရွာထဲပိတ်မိနေပြီဆိုတဲ့သတင်းပါ။
"မူကြိုကျောင်းကကလေးတွေရော၊ ဘုန်းကြီးကျောင်းက ကျောင်းသားတွေရော ဆရာ၊ဆရာမတွေပါ ပိတ်မိနေပြီလို့ ကြားထဲက သေချာပြီ ငါ့သမီးလေးပါပြီလို့ သိလိုက်ပြီ။ ထမင်းစားရင်းတန်းလန်းဆိုတော့ ဆက်တောင် မစားနိုင်တော့ဘူး။ ချက်ချင်း အိမ်ကို ပြန်ပြေးချင်တာပဲ။ လက်တွေ့ကျတော့ အလုပ်ချိန်တောင် မပြီးသေးတော့ အလုပ်ကိုပဲ အရင်ပြီးအောင်လုပ်ခဲ့ရတယ်။"လို့ သူ့သမီးလေး ပိတ်မိနေတဲ့ သတင်းကြားခဲ့ရ ချိန် အဖြစ်အပျက်တွေကို မနွယ်နီအသံ ခပ်တိုးတိုးဖြေးဖြေးလေးနဲ့ ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ချင်းပုန်းရွာမှာဘာတွေဖြစ်ခဲ့လဲ
အဲဒီဖေဖော်ဝါရီ(၂၆)ရက်နေ့ ချင်းပုန်းရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ သင်တန်းဆင်းပွဲပြုလုပ် နေတယ်ဆိုပြီး သတင်းပေးတာကြောင့်လို့ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရဟတ်ယာဉ်ငါးစီးနဲ့ ရုတ်တရက်ရွာကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ မနက်ပိုင်းအချိန်ဖြစ်တာကြောင့် ချင်းပုန်းရွာသာမက ရွာနားနီးစပ်က ကလေးတွေ မူကြိုကျောင်းမှာ ရှိနေကြဆဲဖြစ်သလို ဘုန်းကြီးကျောင်းမှာရှိတဲ့ ကျောင်းသားကျောင်းသူ၊ ဆရာဆရာမတွေရော ကျောင်းသားမိဘ တချို့ပါအပါအဝင် စုစုပေါင်း အယောက် (၂၀၀)နီးပါး ရွာအတွင်း ပိတ်မိနေခဲ့တာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲ သာလွန်အင်အားနဲ့ ဝင်ရောက်လာချိန် ကလေးတွေ ထိတ်လန့်မှာစိုးရိမ် တဲ့အတွက် မြေတိုက်လို့ခေါ်တဲ့ ဘုန်းကြီးကျောင်းမြေအောက်ခန်းထဲမှာ ကလေးတွေကို ပုန်းခိုင်းခဲ့တဲ့ အကြောင်း ဆရာမတဦးက ဘီဘီစီကိုပြောခဲ့ပါတယ်။
ဒီလိုပုန်းခိုနေတဲ့ မြေတိုက်ကိုလည်း စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ချိန်ခဲ့တာကြောင့် ဒါဟာမူကြိုကလေးတွေပါလို့ ကလေးတယောက်ကို ချီပိုးပြကာ မတ်တပ်ရပ် ပြန်ပြောခဲ့ရတယ်လို့ ဆရာမက ဆက်ပြောခဲ့ပါတယ်။
ဒီလို မူကြိုကလေးတွေ မြေအောက်ခန်းမှာ ပိတ်မိနေတယ်ဆိုတဲ့သတင်းဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ချင်းပုန်းဒေသခံတွေဆီလည်း အလျင်အမြန်ရောက်သွားခဲ့ပြီး အသက် (၄)နှစ်အရွယ်သမီးလေးပါ ပိတ်မိနေတဲ့အတွက် မနွယ်နီမှာ မစားနိုင်၊မသောက်နိုင်ဖြစ်ခဲ့ရပါတယ်။
"မြေတိုက်ဆိုတော့ မြေအောက်မှာပဲ၊ ငါ့သမီးလေး အသက်ရှု့လို့မှရပါ့မလား။ အရမ်းကြောက်နေမလား။" အဝေးရောက်မိခင်တဦးရဲ့ သူစိုးရိမ်ခဲ့ရတဲ့အကြောင်း မျက်ရည်တွေကြားကနေပြောပြနေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, COMRADE PAY
ဝမ်းရေးအတွက် ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြရင်း နေ့စဉ်လိုလို မီးရှို့သတ်ဖြတ်ခံနေရတဲ့ စစ်ကိုင်းတိုင်းကသတင်းတွေကို မျက်ရည်လည်ရွဲနဲ့သာ နားဆင်နေကြရတယ်လို့ ထိုင်းရောက် စစ်ကိုင်း ဒေသခံတွေကပြောပါတယ်။
အင်တာနက်တွေ ပိတ်ထားတဲ့အတွက် ပြည်ပရောက်အလုပ်သမားတွေဟာ နေအိမ် မိသားစုဝင်တွေဆီ အလွယ်တကူ ဆက်သွယ်မရခဲ့သလို ထိုင်းဖုန်းကနေ မြန်မာပြည်ဖုန်းတွေကို ဆက်သွယ်ရင်း ၁မိနစ်ကို ထိုင်းဘတ် ၁၀၀နီးပါး၊ မြန်မာငွေ ကျပ်၆၀၀၀ကျော် ကုန်ကျတာကလည်း သူတို့အတွက် အခက်အခဲကြီး ဖြစ်နေပါတယ်။
မိသားစုဝင်တွေဆီ အလွယ်တကူ ဆက်သွယ်မရတာကြောင့် သမီးလေးအပါအဝင် ပိတ်မိနေသူတွေအကြောင်းကို သတင်းတွေနဲ့ ထိုင်းရောက်သူငယ်ချင်းတွေဆီက တစ်ဆင့်သာ မနွယ်နီစောင့်မျှော်နေခဲ့ရပါတယ်။
ပိတ်မိပြီး သုံးရက်မြောက်နေ့ ဖေဖော်ဝါရီ (၂၈)ရက်မှာတော့ ယင်းမာပင်မြို့နယ်ထဲက သပြေအေး၊ ကျောက်ပြုတ်စတဲ့ ရွာတွေဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းမှုတွေ ဆက်လုပ်ခဲ့တာကြောင့် ချင်းပုန်းရွာကနေ စစ်ကောင်စီတပ်တွေ ထွက်ခွာသွားခဲ့ကြပါတယ်။ပြန်လည် ထွက်ခွာသွားချိန်မှာတော့ အမျိုးသား (၈)ဦးနဲ့ အမျိုးသမီး (၁)ဦးတို့ဟာ ဘုန်းကြီးကျောင်းပတ်ဝန်းကျင်မှာ အသတ်ခံခဲ့ရသလို နေအိမ်၊ ကား၊ဆိုင်ကယ်တွေပါ မီးရှို့ခံရရုံသာမက ငွေသိန်းရာနဲ့ချီယူဆောင်သွားကြတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မူကြိုကလေးငယ်တွေ၊ ကျောင်းသားတွေသာမက ဆရာမတွေဟာ စစ်ကောင်စီရဲ့ ရိုက်နှက်စစ်ဆေးတာ တွေကို မခံခဲ့ရပေမယ့် စကားလုံးတွေနဲ့ ခြိမ်းခြောက်ပြောဆိုတာတွေ ခံခဲ့ရတယ်လို့ ဖမ်းဆီးခံဆရာမတဦးက ဘီဘီစီကို ဖေဖော်ဝါရီ(၂၈)ရက်တုန်းက ပြောခဲ့ပါတယ်။
"ဒါလေးတွေက ပီဒီအက်ဖ်သားသမီးလေးတွေ နေမှာပေါ့ကွာ၊ သတ်ပစ်လိုက်လို့ရှိရင်က ဗုံးတလုံးစာရှိတာ။ ရှုပ်ပါတယ်ကွာ လည်ပင်းဓားနဲ့လှီးပြီးသတ်လိုက်တော့မယ်ကွာ အဲ့လိုမျိုးတွေခြောက်တယ်။"လို့ သူကပြန်ပြောပါတယ်။
ချင်းပုန်းရွာထဲပြန်မနေရဲတော့တဲ့ လေးနှစ်အရွယ်သမီးလေး
မနွယ်နီရဲ့ လေးနှစ်အရွယ်သမီးလေးကိုတော့ လွတ်မြောက်ပြီလို့ သိရ ရချင်း ဆွေမျိုးနီးစပ်တော်သူတွေက ဘုန်းကြီးကျောင်းကနေ သွားရောက်ခေါ်ထုတ်ခဲ့ပြီး အခုတော့ရွာနဲ့ ခပ်ဝေးဝေးမှာနေထိုင်နေကြပါပြီ။ ဒီလိုအဖမ်းဆီးမခံရခင် ရက်ပိုင်းအလိုကမှ လေးနှစ်ပြည့်မွေးနေ့ပွဲလေးကျင်းပခဲ့ရတဲ့ သမီးလေးဟာ အခုတော့ ရွာထဲမပြန်ချင်တော့လောက် အောင် ကြောက်လန့်နေပြီလို့ မိခင်ဖြစ်သူမနွယ်နီက ဆိုပါတယ်။
"ရွာထဲ ပြန်မနေရဲတော့ဘူးလို့ပဲပြောတယ်။ အိပ်ရင်လည်း သူ့ဘကြီးနားပဲအိပ်တယ်။" လို့ ဒီလိုပိတ်မိခံ ရပြီးတဲ့နောက် ကလေးရဲ့အမူအကျင့်ပြောင်းလဲသွားတဲ့အကြောင်း မနွယ်နီကပြောပြပါတယ်။
သမီးလေး လွတ်မြောက်ပြီလို့သိရ ရချင်းမှာ ဝမ်းနည်း ဝမ်းသာခံစားခဲ့ရတယ်လို့ မနွယ်နီက သူ့ခံစားချက်ကို ရင်ဖွင့်ပြောပါတယ်။ မနွယ်နီရဲ့မိဘဖြစ်သူတွေနဲ့ပါ ဒီပြန်လွတ်လာတဲ့ အကြောင်းတွေပြောရင်း ဖုန်းထဲကနေ အတူတူငိုဖြစ်ခဲ့ကြပါတယ်။
အချိန်ကွာခြားချက်ရှိတဲ့ တိုင်းတပါးမှာမနက်အရုဏ်တက်ကနေ ညမိုးချုပ်အထိ အလုပ်လုပ်နေရတဲ့ မနွယ်နီအနေနဲ့ သမီးလေးနဲ့ တိုက်ရိုက်ဖုန်း ဆက်သွယ်ပြောဆိုတာ ချက်ချင်းမလုပ်နိုင်ခဲ့ပါဘူး။
စိုးရိမ်ပူပန်စိတ်တွေကြီးမားနေပေမယ့်လည်း မနွယ်နီအားလပ်ချိန်ဟာ သမီးဖြစ်သူ အိပ်တဲ့အချိန်နဲ့သာ ကြုံကြိုက်နေတာဖြစ်လို့ ပိတ်မိနေတာကနေ လွတ်မြောက်ပြီး နှစ်ပတ်နီးပါးအကြာ မတ်လ (၁၀)ရက်က ဖုန်းပြောဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
"တနေ့ကမှ သမီးလေးနဲ့စကားပြောလို့ရတယ်။ သူ့ကို ဆယ့်ငါးမိနစ်လောက်နေပူထဲရပ်ခိုင်းထားတယ်တဲ့၊ သေနတ်တွေနဲ့လည်း ချိန်ထားတာလို့ပြောတယ်။ သူ့ကိုဘာတွေဖြစ်ခဲ့လဲ အများကြီးမေးလို့မရဘူး။"လို့ မနွယ်နီက သမီးလေးဖြစ်သူနဲ့ ပထမဆုံး စကားပြောခဲ့တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေမှာ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးငယ်တွေကို ဖမ်းဆီးတာတွေ မလုပ်ဖို့ အထူးသဖြင့် လူသားဒိုင်းသဖွယ် ပြန်ပေးဆွဲတာတွေ မလုပ်ဖို့ ပြည်တွင်းရောနိုင်ငံတကာက လူ့အခွင့်အရေးလှုပ်ရှားသူတွေကပါ ကျယ်ကျယ်လောင်လောင် ထောက်ပြနေကြတာပါ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ချင်းပုန်းရွာဖြစ်စဉ်မှာဆိုရင် ကလေးငယ် (၈၉)ဦးပါ သုံးရက်တာ ပိတ်မိနေခဲ့တာဟာ ဆိုးရွားတဲ့ဖြစ်စဉ်တခုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနကနေ အပြင်းအထန်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ရိုက်နှက် စစ်ဆေးခံရတာတွေ၊ မီးရှို့ဖျက်ဆီးတာတွေ၊ လက်နက်တွေကို သယ်ဆောင်ထားရင်း ကြမ်းတမ်းတဲ့အပြုအမူ၊ စကားလုံးတွေကို မြင်ခဲ့ကြားခဲ့ရတဲ့ ကလေးငယ်တွေမှာစိတ်ဒဏ်ရာတွေသာမက ကလေးသူငယ်အခွင့်အရေးတွေလည်း ပျောက်ဆုံးကုန်ပြီလို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။
ပိတ်မိနေခဲ့တဲ့ ကလေးငယ်တွေရဲ့မိခင်တွေမှာလည်း သားသမီးတွေအတွက် ပူပင်သောကရောက်ခဲ့ရသလို ကီလိုမီတာထောင်ချီဝေးကွာနေ နေရတဲ့ မိခင်တဦးရဲ့သောက ကတော့ နှိုင်းယှဉ်ထုတ်ပြောဖို့ စကားလုံးရှာမတွေ့ဘူးလို့ မနွယ်နီက ဆိုပါတယ်။
မနွယ်နီနေထိုင်ခဲ့ရတဲ့ အေးချမ်းတဲ့ချင်းပုန်းရွာလေးဟာ အာဏာသိမ်းပြီး တစ်နှစ်နဲ့ တစ်လကျော် ကြာချိန်မှာတော့ နေအိမ်တွေပြာအတိကျနေပြီဖြစ်သလို သူချစ်ရတဲ့မိသားစုဝင်တွေကလည်း နေအိမ်တွေကိုစွန့်ခွာပြေးလွှားနေကြရပါပြီ။
မနွယ်နီရဲ့ အိမ်ပြန်ချင်တဲ့ဆန္ဒတွေအမြန်ဆုံးဖြစ်လာဖို့မျှော်လင့်နေသလို ပြည်ပရောက်မြန်မာအလုပ်သမား တွေဟာလည်း ပြည်တွင်းကကြေကွဲမှုတွေထပ် မလျော့တဲ့အပူအပင်တွေနဲ့ သူတို့တွေတပွေ့တပိုက် ရင်ဆိုင်နေကြရပါတယ်။
ညစဉ်ခပ်တိုးတိုး ကြေကွဲစွာငိုကြွေးနေကြရတဲ့ မနွယ်နီလို အဝေးရောက်မိခင်တွေ ထိုင်းနိုင်ငံမှာ ထောင်သောင်းချီ ရှိနေကြဆဲဖြစ်ပါတယ်။
အသက် နှစ်နှစ်ခွဲအရွယ်ထဲက ချင်းပုန်းရွာကမိသားစုဝင်တွေဆီ ကလေးငယ်ကိုချန်ထားခဲ့ရပြီး ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေရတဲ့ မနွယ်နီကတော့ ဖြစ်နိုင်ရင်အခုချက်ချင်း မွေးရပ်မြေ ချင်းပုန်းရွာကို ပြန်သွားချင်နေပါပြီ။ ဒါပေမယ့် လည်း တစ်ဖက်က ချေးငှားကာ ဒီကိုအရောက်လာခဲ့ရတဲ့ အကြွေးတွေ အတွက်လည်း တစ်ဖန် ပြန်စိုးရိမ်မှုတွေနဲ့ ထွေပြားနေတယ်လို့ သူကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်း ပြောပါတယ်။
သေချာတာတခုကတော့ သူ့သမီးလေးကို အခုလို ပိတ်မိနေတဲ့ဖြစ်စဉ်မျိုး ဘယ်တော့မှ မကြုံတွေ့စေချင်ဘူးလို့ သူ့ရဲ့ ဆန္ဒကိုပြောပြပါတယ်။
"ဒါမျိုးကြီး သူ့ကိုမဖြစ်စေချင်တော့ဘူး။ မြန်မာပြည်ကဘယ်ကလေးကိုမှလည်း မဖြစ်စေချင်ဘူး။ သမီးလေးအနားမှာပဲနေချင်တော့တယ်။"လို့ လက်ချောင်းတွေအချင်းချင်း ဆုပ်ကိုင်ထားရင်း သူကပြောပါတယ်။








