စစ်မီးတွေ ဆက်ပြီးတောက်နေတဲ့ စစ်ကိုင်းတိုင်း

No tag

ဓာတ်ပုံ ရင်းမြစ်, PDF kalay

စစ်ကိုင်းတိုင်းထဲက ကျေးရွာ အချို့မှာ ပီဒီအက်ဖ်စခန်းတွေလို့ယူဆတဲ့ နေရာတွေကို စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တွေက ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာ ပစ်ခတ်တာတွေရှိပြီး ဒေသကာကွယ်ရေးတပ်တွေဘက် က မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း ရေဦးနဲ့ တန့်ဆည်မြို့နယ် နယ်နမိတ်ထိစပ်နေတဲ့နေရာနားက လိပ်ခြံရွာက ပီဒီအက်ဖ်စခန်းတွေလို့ ယူဆတဲ့နေရာတွေကို စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တွေက ပစ်ခတ်တာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လိပ်ခြံရွာအနီးက နေရာတွေကို စစ်တပ်ကရဟတ်ယာဉ် ၃ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အင်အား ၁၀၀ လောက်လည်း လိပ်ခြံရွာမှာ တပ်စွဲထားတယ်လို့ ဒေသခံမြေပြင်အခြေအနေ သိရှိသူတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

လိပ်ခြံရွာ ပစ်ခတ်မှုအတွင်းမှာတော့ အဆောက်အအုံတွေ မီးလောင်ပြီး လူထိခိုက် သေဆုံးမှုတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ရေဦးမြို့ နယ် ရေမျက်ရွာ ရဟတ်ယာဥ်နဲ့ ပစ်ခံရပြီး မီးလောင်နေစဥ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရေဦးမြို့ နယ် ရေမျက်ရွာ ရဟတ်ယာဥ်နဲ့ ပစ်ခံရပြီး မီးလောင်နေစဥ်

မနေ့က ဒီဇင်ဘာ ၂၀ရက်နေ့ နေ့လယ်ပိုင်းမှာ ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခံရပြီး ရွာကိုပိတ်ဆို့ခံထားရတဲ့ ရေဦးမြို့နယ် ရေမျက်ရွာအတွင်းမှာတော့ စစ်ကောင်စီတပ်တွေက ဒီကနေ့အထိ တပ်စွဲထားပြီး ဒေသခံအမျိုးသား ၃၀ဦးကို စစ်တပ်နဲ့အတူ နေခိုင်းထားတယ်လို့ ရွာအတွင်းက ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ ရွာအတွင်းက ထွက်ခွင့်ရလာသူ အမျိုးသမီးတွေက ဘီဘီစီကို ပြောပါတယ်။

ဒီပဲယင်း အနောက်ခြမ်းရွာတွေကနေပြီးတော့ တပ်ရွှေ့လာတဲ့ စစ်ကောင်စီတပ်တွေကို ရေဦးက ရေမျက်ရွာအတွင်းမှာ ချထားတာ အပြင် ရဟတ်ယာဉ် ၃စင်းနဲ့ရွာကို ပစ်ခတ်တာကို မနေ့က ပြုလုပ်ခဲ့တာကြောင့် ရေမျက်၊ နတ်ကြီးကုန်း၊ ဥယျာဉ်၊ ဂွပ်၊နဲ့ ခေါစပ်ကုန်းရွာကဒေသခံတွေက နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။

"အမျိုးသားတွေ ၃၀ လောက်ကို ဘယ်မှ မသွားနဲ့ဆိုပြီး ခေါ်ထားတယ်။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရတာရှိတယ်"လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ရေမျက်ရွာထဲကနေ ထွက်ပြေးလာသူတစ်ဦးက ရွာအတွင်းက ဒေသခံတွေဒဏ်ရာရတဲ့ အခြေအနေနဲ့ ရွာသားတွေကိုထိန်းချုပ်ထားပုံကို ဘီဘီစီကို ပြောပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ရေမျက်ရွာမှာ ပီဒီအက်ဖ်တွေကို လိုက်လံရှင်းလင်းရာ ၄ ဦးကို အသေ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

မနေ့က ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၃နာရီလောက်ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့ အနောက်တောင်ဘက်က စီးစံရွာဘက်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး စီးစံရွာအပြင် နီးစပ်ရာရွာတွေမှာ လက်နက်ကြီးကျတာနဲ့ မီးရှို့ခံရတာမျိုးတွေ ရှိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့အထိတော့ ကလေးမြို့နယ် စီးစံနဲ့အနီးနားရွာတွေနားကို ပီဒီအက်ဖ်သံသယနဲ့ ရှင်းလင်းတာတွေကို ဆက် လုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း အရာတော်မြို့က နောင်ကြီးအိုင်အုပ်စု ဘော်ကုန်းရွာနဲ့ အောင်သုခရွာအကြားမှာ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုက ဒီဇင်ဘာလ ၂၁ ရက် မွန်းတည့်ချိန်လောက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် နေရာတင်သေဆုံးသူ တပ်သား ၂ဦးရှိခဲ့ပြီး အခြားဒဏ်ရာရရှိသူတွေလည်းရှိ တယ်လို့ ထုတ်ပြန်ပါတယ်။

အလားတူ စစ်ကိုင်းတိုင်းမြင်းမူမြို့ မန္တလေး-မုံရွာလမ်းမကြီးပေါ် ဝမ်းပြည့်ကျေးရွာအနီးကနေ ဖြတ်သန်းတဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းကို မြင်းမူမြို့နယ်အတွင်းက ဒေသခံကာကွယ်ရေးအဖွဲ့ ၅ခုက ပူးပေါင်းကာ မိုင်းစွဲ တိုက်ခိုက်ခဲ့တာကြောင့် ဆယ်ချီသေဆုံးမှုတွေ ရှိခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်မှုတွေ ရှိလာတာကြောင့်လည်း နေရာအများအပြားမှာတော့ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်တွေသုံးကာ တပ်ရွေ့တာတွေကို အခုလနောက်ပိုင်းမှာ လုပ်ဆောင်လာကြတာလည်း ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ် ။

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဥ်တစ်စီ ပစ်ခတ်ခံရပြီး ရပ်ထားစဥ်

ဓာတ်ပုံ ရင်းမြစ်, KLG PDF

ဓာတ်ပုံ ပုံစာ, ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဥ်တစ်စီ ပစ်ခတ်ခံရပြီး ရပ်ထားစဥ်

ပြီးခဲ့တဲ့ ရက်တွေက ပုလဲ ယင်းမာပင် ကနီဘက်မှာ တိုက်ပွဲတွေရှိခဲ့သလို ချင်းတွင်းမြစ်ထဲမှာလည်း စစ်ကောင်စီ ရေယာဥ်အုပ်စုကို မြစ်ဘေးက ရွာတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတဲ့ ရွာတွေ အများအပြားရှိပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်ကလည်း အရာတော်မြို့နယ် ကဲဘာရွာမှာ အိမ် ၆၀ ကျော်မီးရှို့ခံခဲ့ရပါတယ်။

ဒေသခံတွေနဲ့ လူမှုအဖွဲ့စည်းတွေဆီက သိရတဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်းထဲမှာ ရွာလုံးကျွတ်စစ်ရှောင်နေသူတွေ အများအပြားရှိပြီး စစ်ရှောင်ဦးရေ ၅ သောင်းနဲ့ တစ်သိန်းကြားမှာရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။