အာရှမှာ ထရမ့်အခွန်တိုးကောက်ရင် အမြတ်ထွက်သူက ဘယ်သူဖြစ်မှာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အော်စမွန် ချီယာ
- ရာထူးတာဝန်, စီးပွားရေးသတင်းထောက်၊ ဘီဘီစီ သတင်း
- ရေးသားပေးပို့သည့်နေရာ, စင်္ကာပူ
"အတော်လေး စိတ်မကောင်းစရာပါပဲ" လို့ဆိုပြီး ဂျပန့်ထုတ်ကုန်တွေကို ၂၅ ရာခိုင်နှုန်းအထိ အခွန်တိုးကောက်မယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်စည်းကြပ်မှုကို ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာက ပြောပါတယ်။
အမေရိကန်ရဲ့ကာလရှည်ကြာ မဟာမိတ်ဖြစ်တဲ့ ဂျပန်ဟာ အခုလိုအခြေအနေ မကြုံရအောင် ရှောင်ရှားနေခဲ့တာဖြစ်ပါတယ်။
ဂျပန်ဟာ ပြိုင်ဘက်တွေ ဝန်းရံနေတဲ့သူ့ရဲ့ကားစျေးကွက်ကို ပြန်မြှင့်တင်ဖို့ လုပ်နေချိန် တဖက်မှာလည်း အမေရိကန်နဲ့ သူ့ရဲ့ဆန်စျေးကွက်ပြဿနာက ရှိနေပါတယ်။
နှစ်ဘက်ညှိနှိုင်းမှုတွေ အကြိမ်ကြိမ်ရှိခဲ့ပါတယ်။ ရန်သူ မိတ်ဆွေ အားလုံးကို အခွန်တွေ တိုးကောက်မယ်လို့ ထရမ့်က ကြေညာပြီးတဲ့နောက် ဧပြီလကတည်းကဆိုရင် ဂျပန်ကုန်သွယ်ရေးဝန်ကြီးဟာ ဝါရှင်တန် ဒီစီကို အနည်ဆုံး ၇ ခေါက်အထိ သွားရောက်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီတွေ့ဆုံမှုတွေဟာ အောင်မြင်မှု အသီးအပွင့် နည်းနည်းပဲ ရှိခဲ့ပုံပေါ်ပါတယ်။ တဖက်မှာလည်း ထရမ့်ဟာ တိုကျိုဘက်ကို ရည်ညွှန်းတဲ့အသုံးအနှုန်းက ''ခပ်မာမာ''ဆိုတဲ့စကားလုံးကနေ ''အလိုလိုက်ထားလို့ အကျင့်ပျက်'' တယ်ဆိုတဲ့စကားလုံးအထိ လျှောချသွားပါတယ်။
အဲဒီနောက် ဇူလိုင် ပထမပတ်မှာ အမေရိကန်က သွင်းကုန်စည်းကြပ်ခွန် တိုးကောက်မယ်လို့ စာပို့လိုက်တဲ့ နိုင်ငံပေါင်း ၂၃ နိုင်ငံစာရင်းထဲ ဂျပန်ပါလာပါတယ်။ အဲဒီထဲမှာ အာရှကဆိုရင် တောင်ကိုရီးယားနိုင်ငံအစ သီရိလင်္ကာနိုင်ငံအဆုံး ပြည်ပကို ကုန်တွေ ပို့တဲ့နိုင်ငံ ၁၄ နိုင်ငံ ပါဝင်ပါတယ်။
အဲဒီနောက် သောကြာနေမှာတော့ ကနေဒါအပေါ် သွင်းကုန်စည်းကြပ်ခွန် ၃၅ ရာခိုင်နှုန်းသတ်မှတ်တယ်လို့ ထရမ့်က ကြေညာပါတယ်။
အဓိကကုန်သွယ်ဖက်နိုင်ငံအများစုကို အခွန် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကောက်ဖို့ ပြင်နေတယ်လို့လည်း သမ္မတထရမ့်က ပြောပါတယ်။ နောက်ထပ်အခွန်စည်းကြပ်မှုတွေကြောင့် ငွေကြေးဖောင်းပွမှုကို တိုးလာနိုင်တယ်ဆိုတဲ့အမြင်တွေရှိနေပေမဲ့ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
"ကျန်တဲ့နိုင်ငံအားလုံးလည်း အခွန်ပေးရမယ်ဆိုတာကို ကျွန်တော်တို့ ပြောချင်ပါတယ်။ ၂၀ ရာခိုင်နှုန်းလား၊ ၁၅ ရာခိုင်နှုန်းလားဆိုတာတော့ ရှိလာမှာပါ။ ဒါကိုလည်း ကျွန်တော်တို့ စလုပ်နေပါပြီ'' လို့ သူက NBC သတင်းဌာနကို ပြောခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံတွေဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရဖို့ သြဂုတ်လ ၁ ရက်မတိုင်ခင်အထိ ညှိနှိုင်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံလို အမေရိကန်ရဲ့မဟာမိတ်တောင် ကုန်သွယ်ရေးအတွက် ညှိတာ နှိုင်းတာကို ပွင့်ပွင့်လင်းလင်းလုပ်ကိုင်နေရင်းက အခွန်နှုန်း မြင့်မြင့်ကောက်တဲ့စာရင်းထဲကနေ မလွတ်တာကြောင့် ကုန်သွယ်ခွန်အရေး ညှိနှိုင်းတဲ့အပိုင်းမှာ အခွင့်မသာနိုင်ဘူးလို့ ဒီနိုင်ငံတွေဘက်က မြင်ကြပါတယ်။
ထရမ့်က ကုန်သွယ်စည်းကြပ်ခွန်နဲ့ ပတ်သက်တဲ့ အချက်ပေးနာရီကို တဖန်ပြန်သတ်မှတ်လိုက်ပြန်ပါပြီ။ ဒီအချိန်မှာ ဘယ်သူက နိုင်ပြီး ဘယ်သူက ရှုံးမှာလဲ။
နိုင်သူ : ညှိနှိုင်းချိန် ပိုယူလိုတဲ့စေ့စပ်ရေးသမားတွေ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခုနှစ်အစောပိုင်းမှာ အခွန်တိုးကောက်မယ်လို့ဆိုပြီး ထရမ့်ရဲ့ပစ်မှတ်ထားခံရတဲ့နိုင်ငံတွေအားလုံးဟာ အခွန်အရေး နောက်ဆုံးညှိနှိုင်းရက် ထပ်တိုးပေးခဲ့တာကြောင့် ခံသာခဲ့ကြပါတယ်။ အခုတော့ သူတို့အတွက် နှစ်ဘက်သဘောတူညီချက်ရဖို့ ညှိနှိုင်းချိန် နောက်ထပ်သီတင်း ၃ ပတ်ရှိနေပါတယ်။
"သြဂုတ် ၁ ရက်နေ့ နောက်ဆုံးရက်မတိုင်ခင်မှာ နောက်ထပ်ညှိနှိုင်းမှုလုပ်ဖို့ ဖိအားရှိနေတယ်လို့ ပြောလို့ရပါတယ်'' လို့ United Overseas ဘဏ်ရဲ့ သုတေသနခေါင်းဆောင် ဆူအန် တက်ခ် ကင်က ပြောပါတယ်။
အခွန်တိုးကောက်စာရရှိထားတဲ့ ထိုင်းနဲ့ မလေးရှားတို့လို စီးပွားရေးထွန်းသစ်စနိုင်ငံတွေကတော့ ဒီအတောအတွင်းမှာ သဘောတူညီချက်တစ်ခု ရရှိဖို့ တွန်းတွန်းတိုက်တိုက်လုပ်ခဲ့ကြမှာ သေချာပါတယ်။
တတိယနိုင်ငံတွေကိုဖြတ်ပြီး တင်ပို့တဲ့ တရုတ်ပြည်ပပို့ကုန်တွေကို အမေရိကန်က ပစ်မှတ်ထားတဲ့အခါ ဒီနှစ်နိုင်ငံစလုံးဟာ တရုတ် - အမေရိကန် ကုန်သွယ်ခွန်တင်းမာမှုမှာ ကြားညပ်တဲ့နိုင်ငံတွေလည်း ဖြစ်နေပါတယ်။
ကုန်သွယ်ရေးသဘောတူညီချက်တွေပါတဲ့ ရှုပ်ရှုပ်ထွေးထွေးသတ်မှတ်ချက်တွေကို ကြည့်ရင် ကုန်သွယ်သဘောတူညီချက်ဆိုင်ရာ နောက်ထပ် ထပ်တိုးညှိနှိုင်းတာတွေ ဖြစ်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက ဘီဘီစီကို ပြောပါတယ်။
ကုန်သွယ်ခွန် တိုးမြှင့်မယ်လို့ စာအပို့ခံရတဲ့နိုင်ငံတွေဟာ ထရမ့်ရဲ့လိုလားချက်တွေကို ပြင်ဆင်ဖို့ အချိန်လိုအပ်မှာဖြစ်ပေမဲ့ ထရမ့်ပေးပို့တဲ့စာတွေကိုယ်နှိုက်က မရှင်းလင်းတာတွေ ရှိနေတယ်လို့ စင်္ကာပူအမျိုးသားတက္ကသိုလ်က စီးပွားရေးဘာသာရပ် ကထိက အဲလက်ဇ် ကာပရီက ပြောပါတယ်။
ဥပမာအနေနဲ့ပြောရရင် အမေရိကန်နဲ့ ဗီယက်နမ်တို့ကြား ကုန်သွယ်ရေးသဘောတူညီချက်လုပ်တဲ့အခါ တဆင့်ခံပို့ကုန်တွေအပေါ် အခွန် သတ်သတ်မှတ်မှတ် စည်းကြပ်တာရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒါဟာ တခါတည်း တန်းပို့တဲ့ကုန်တွေ ဒါမှမဟုတ် သွင်းလာတဲ့ကုန်ပစ္စည်း အစိတ်အပိုင်းတွေအားလုံးလည်း အကျုံးဝင်လားဆိုတာ မရှင်းလင်းပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ထောက်ပို့ကွင်းဆက်ကြီးတစ်ခုလုံးကို မျက်ခြေမပြတ်စောင့်ကြည့်မယ်ဆိုရင် နည်းပညာပိုင်းဆိုင်ရာမှာလည်း ကိုက်ညီတဲ့အဆင့်ရှိမှဖြစ်မယ်လို့ မစ္စတာ ကာပရီက ပြောပါတယ်။
''တတိယအဖွဲ့တွေ၊ နည်းပညာကုမ္ပဏီတွေနဲ့ ထောက်ပို့ မိတ်ဖက်တွေပါဝင်တဲ့ လုပ်ငန်းစဉ် ဖြစ်ပြီးတော့ အထမြောက်ဖို့ရာမှာ ဖြည်းဖြည်းချင်း၊ ခပ်ကြာကြာလုပ်မှပဲဖြစ်နိုင်ပါမယ်''
ရှုံးနိမ့်သူတွေ - အာရှထုတ်လုပ်သူများ
ဘယ်လိုပဲဖြစ်ဖြစ် အခွန်ကောက်ယူမှုတွေက ဆက်ရှိနေမှာဖြစ်လို့ ဒီနေရာမှာ အရှုံးနဲ့ကြုံရမှာက ကမ္ဘာ့ကုန်သွယ်ရေး ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်နေတဲ့ အမေရိကန်၊ ဥရောပနဲ့ တရုတ်တို့က ကုမ္ပဏီတွေအတွက် စိုးရိမ်ရတယ်လို့ မစ္စတာ ကာပရီက ပြောပါတယ်။
ဒါဟာကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူ သာမက အမေရိကန်ကတင်သွင်းသူတွေနဲ့ စားသုံးသူတွေကိုပါထိခိုက်မှာပါ။
ပြီးတော့ ဒီအခြေအနေဟာ လျှပ်စစ်ပစ္စည်းအစ အထည်အဆုံး ထုတ်လုပ်ရေးနဲ့ စီးပွားရေးတိုးတက်ဖို့ ရည်မှန်းချက်ကြီးကြီးမားမားထားတဲ့ အာရှကနေရာအတော်များများအတွက် ထိုးနှက်ချက် တစ်ခုဖြစ်လာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီကုန်သွယ်အခွန်ကောက်မှုမှာ ဘယ်နိုင်ငံက နိုင်ပြီး ဘယ်နိုင်ငံက ရှုံးတယ်ဆိုတာမျိုး ယတိပြတ် သုံးသပ်ဖို့ မသင့်ဘူးလို့ မစ္စတာ ကာပရီကပြောပါတယ်။ နိုင်ငံတကာကုန်သွယ်ရေးမှာ အမေရိကန်နဲ့ တရုတ်တို့ကြားက နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေတာကြောင့်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ နိုင်ငံတချို့ကတော့ နိုင်ငံတချို့ထက် ဆုံးရှုံးမှု ပိုနိုင်ပါတယ်။
အာရှမှာ အမေရိကန်နဲ့ အခွန် သဘောတူညီချက်တစ်ခုရယူဖို့ ပထမဆုံးကြိုးပမ်းတဲ့နိုင်ငံက ဗီယက်နမ်ဖြစ်ပါတယ်။ ဒါပေမဲ့ အပေးအယူလုပ်ရာမှာ အပေါ်စည်းကနေ ညှိနိုင်တဲ့အခွင့် မသာခဲ့တာကြောင့် အခွန်စည်းကြပ်မှု ၄၀ ရာခိုင်နှုန်းအထိ ရင်ဆိုင်နေရပါတယ်။
ကမ္ဘောဒီးယားလည်း အလားတူ အခွန်ကောက်ခံရမှာပါ။ နိုင်ငံဆင်းရဲလို့ ပြည်ပပို့ကုန်အပေါ်ကို ခပ်လေးလေး မီခိုနေရတဲ့ကမ္ဘောဒီးယားဟာ ပို့ကုန်စည်းကြပ်ခွန် ၃၅ ရာခိုင်နှုန်းအထိ အကောက်ခံရဖို့ ဦးတည်နေလို့ ညှိနှိုင်းနေရပါတယ်။
တစ်ဖက်မှာတော့ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ ပိုချမ်းသာတဲ့နိုင်ငံတွေလည်းဖြစ်ပြီး ပထဝီနိုင်ငံရေးအရလည်း တစ်ပန်းသာနေလို့ ဒီအခြေအနေမှာ ကြံ့ကြံ့ခံနိုင်မယ့်အခြေအနေပါ။
သူ့နည်းသူ့ဟန်နဲ့ တစ်ပန်းသာတဲ့အိန္ဒိယကတော့ အခွန်တိုးကောက်စာ အပို့မခံရသေးပါဘူး။ သဘောတူညီချက်ကတော့ ရရှိမှာပါ။ ဒါပေမဲ့ အိန္ဒိယရဲ့ သွင်းကုန်စည်းကမ်းတွေနဲ့ စိုက်ပျိုးရေး စျေးကွက်ထဲကိုဝင်ရေးအပါအဝင် အခရာကျတဲ့အပိုင်းတွေမှာတော့ ရှေ့ဆက် မဆွေးနွေးနိုင်ဘဲ ဆိုင်းနေတဲ့ပုံပါ။
ရှုံးသူ : အမေရိကန် - ဂျပန် မဟာမိတ်ဖြစ်မှု
"ဂျပန်ဟာ အမေရိကန်နဲ့ စစ်ရေး စီးပွားရေးဆက်ဆံရေးတို့မှာ နီးစပ်ပေမဲ့ အခွန်တိုးကောက်ခံရမှု အပိုင်းမှာ ဂျပန်ဟာ အခြားအာရှနိုင်ငံတွေ နည်းတူ ဆက်ဆံခံနေရတယ်" လို့ စီးပွားရေးပညာရှင် ဂျက်စ်ပါ ကောလ်က ပြောပါတယ်။
ဒါကြောင့်ပဲ ကန် - ဂျပန် ဆက်ဆံရေး အပြောင်းအလဲဖြစ်လာနိုင်ခြေရှိပါတယ်။ အထူးသဖြင့် ဘဏ္ဍာရေးပိုင်းအရန်ကြွယ်ဝတဲ့တိုကျိုအတွက်တော့ ရေရှည်ကစားပွဲအတွက် အသင့်ရှိနေတဲ့ပုံပါ။
"ဂျပန်ဟာ ကုန်သွယ်ရေးမှာ ညှိရနှိုင်းရခက်တဲ့နိုင်ငံဆိုတာမျိုး အရင်ကတည်းက အမြင်ခံထားရတော့ ဒါကပဲ ထရမ့်ကို စိတ်ပျက်စေတာလို့ ကျွန်တော်မြင်ပါတယ်'' လို့ မစ္စတာ ကောလ်ကပြောပါတယ်။
ဆန်ပြတ်တောက်မှုကြောင့် ဂျပန်ပြည်တွင်းမှာ စျေးတွေ မိုးထိုးနေပေမဲ့ ဝန်ကြီးချုပ် အီရှီဘာကတော့ ပြည်တွင်းက လယ်သမားတွေကို ကာကွယ်တဲ့အနေနဲ့ အမေရိကန်ဆန်ကို ဝယ်ဖို့ ငြင်းနေဆဲပါ။ ဂျပန်ဟာ စစ်အသုံးစရိတ်တိုးသုံးဖို့ တိုက်တွန်းနေတဲ့ အမေရိကန်ရဲ့တိုက်တွန်းချက်ကိုလည်း အီရှီဘာအစိုးရက ငြင်းဆိုနေဆဲပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"သူတို့ ကြိုပြင်မှု ကောင်းကောင်းလုပ်ထားတယ်" လို့ မစ္စတာကောလ်က ပြောပြပါတယ်။ ထရမ့်က သွင်းကုန်စည်းကြပ်မှုကို စတင်ကြေညာတဲ့ ဧပြီလနောက်ပိုင်းကတည်းက တိုကျိုအနေနဲ့စီးပွားရေး အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး အခွန်တိုးကောက်မှုမှာ သက်ရောက်တဲ့ကုမ္ပဏီတွေကို အထောက်အကူရနိုင်အောင် ရာနဲ့ချီတဲ့အကြံပေးစင်တာတွေကိုလည်း ဖွင့်ထားပါတယ်။
"ယုံကြည်စိတ်ချရတဲ့ သဘောတူညီချက်တစ်ခု ရအောင် ဂျပန်က ကြိုးပမ်းနေတယ်'' လို့ သူက ပြောပါတယ်။ ''ထရမ့်အနေနဲ့ စိတ်မပြောင်းနိုင်ဘူးလို့ ဘယ်သူမှ ကံသေကံမ မပြောနိုင်ဘူးလေ''
အခုလအတွင်းမှာပဲ ဂျပန်ရဲ့အထက်လွှတ်တော်ရွေးကောက်ပွဲလည်းရှိနေတော့ သြဂုတ်လ အတွင်းမှာ သဘောတူညီချက် တစ်ခုခုရမယ်ဆိုရင် အံ့သြစရာဖြစ်ပါလိမ့်မယ်'' လို့ မစ္စတာကောလ်က ပြောပါတယ်။
"ဘယ်သူမှတော့ ပျော်နိုင်မယ်မထင်ဘူး။ ဒါပေမဲ့ ဒါကြောင့်ပဲ ဂျပန်မှာ စီးပွားပျက်ကပ်ဖြစ်ဖို့ တွန်းအားတစ်ခုဖြစ်သွားစေလိမ့်မယ်''
အနိုင်ရသူ : အမေရိကန်လား၊ တရုတ်လား
အာရှဟာ တရုတ်နဲ့ အမေရိကန်ကြား အားစမ်းကြတဲ့နေရာအဖြစ် ရှုမြင်ခံရတာ ကြာပြီဖြစ်ပါတယ်။ အကဲခတ်တွေကတော့ အခွန်ပြဿနာကြောင့် ထရမ့်ဟာ ဒီတစ်ကြိမ် အနိုင်ပိုင်းနိုင်ဖို့ နည်းတယ်လို့ အကဲခတ်တွေက မြင်ပါတယ်။
ကုန်သွယ် သဘောတူညီချက်တွေရဲ့သဘောသဘာဝ ရှုပ်ထွေးမှုတွေကြောင့် ထရမ့်ဟာ ညှိနှိုင်းကာလကို ထပ်ရွှေ့ဆိုင်းပြီး အသာစီးရအောင် ကစားနိုင်တယ်လို့ အကဲခတ်တချို့က ပြောပါတယ်။
''အမေရိကန်အနေနဲ့ သူတို့ပြောသလောက် ကြံ့ကြံ့ခံနိုင်မှု မရှိဘူးဆိုတာကို ပြထားတာကိုကြည့်ရင် ညှိကြ နှိုင်းကြတဲ့အခါမှာ အမေရိကန်အနေနဲ့ အပေါ်စီးကနေ အနိုင်ယူနိုင်တဲ့အခြေအနေတော့ နည်းတယ်'' လို့ NUG က စီးပွားရေး ပါမောက္ခ ဒေးဗစ် ဂျက်စ်က ပြောပါတယ်။
ပြီးတော့ ထွက်လာမယ့် ကုန်သွယ်သဘောတူညီချက်ဟာ ဆယ်စုနှစ်ချီကြာအောင် တည်ဆောက်ထားတဲ့ ဆက်ဆံရေးနဲ့ ကုန်သွယ်ရေးကို ပြန်လည်ပုံဖော်တဲ့အထိ ဖြစ်နိုင်ပါတယ်။
ကုန်သွယ်ခွန်တိုးကောက်မယ့် စာတွေကို လုပ်ထုံးလုပ်နည်းအရ သံခင်းတမန်ခင်းနည်းတွေကို မသုံးဘဲ အွန်လိုင်းပေါ်မှာ တင်ခဲ့တာဟာလည်း ထရမ့်ကို ထောက်ပြစရာဖြစ်လာနိုင်တယ်လို့ မစ္စတာ ကာပရီက ပြောပါတယ်။
တဖက်မှာလည်း ဝေဝါးစရာ ထရမ့်ရဲ့ဒီလုပ်ရပ်ကြောင့် မှန်မှန်သွားနေတဲ့တရုတ်ဟာ မှန်းဆရခက်တဲ့ ထရမ့်ထက်စာရင် ရွေးချယ်စရာတစ်ခုဖြစ်တယ်လို့ ပုံဖော်နေတဲ့တရုတ်အတွက်လည်း အကျိုးဖြစ်စရာလို့ သူက ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်စျေးကွက်ကို ပြန်အစားရဖို့ကလည်း မလွယ်ကူသလို ဘေဂျင်းမှာလည်း ဗီယက်နမ်အစ ဂျပန်အဆုံး ကမ္ဘာတခွင်က နိုင်ငံတွေနဲ့တင်းမာမှု တစ်စုံတစ်ရာအထိ ရှိနေပါတယ်။
တရုတ်ကိုယ်တိုင်လည်း သူ့ရဲ့ကုန်သွယ်ညှိနှိုင်းမှုတွေကို အမေရိကန်နဲ့ ပြုလုပ်နေရတုန်းဖြစ်ပါတယ်။ သြဂုတ်လ ၁၃ ရက် မတိုင်ခင်အထိ သဘောတူညီချက်အပြည့်ရဖို့ ကြာနိုင်ခြေရှိနေပါတယ်။
ဒီတော့ အခုတစ်ခေါက် ကုန်သွယ်စစ်ပွဲမှာ မိတ်ဆွေများတဲ့သူက နိုင်နိုင်ခြေရှိတယ်လို့ ပြောဖို့ ခက်ပေမဲ့ အခုအပြေးပြိုင်ပွဲဟာ ပြေးချိန်သံပါတ် မရပ်သေးပါဘူး။
"နှစ်ဘက်လုံးကတော့ လမ်းခွဲကြဖို့ လိုအပ်ပြီလို့မြင်ကြတယ်" ပါမောက္ခ ဂျက်စ်ကပြောပါတယ်။ "ဒါပေမဲ့ အဲဒီနေရာကို ရောက်ဖို့ နှစ်နဲ့ချီကြာမယ့်လုပ်ထုံးလုပ်နည်းတွေက ရှေ့မှာ ဆီးကြိုနေဦးမှာ''













