ကင်ဆာကုသမှုခံယူခဲ့တဲ့ ချားလ်စ်ဘုရင် တော်ဝင်တာဝန်တွေ ပြန်လည်ထမ်းဆောင်မယ်

ပြုံးနေကြတဲ့ ချားလ်စ်ဘုရင်နဲ့ ကြင်ယာတော် မိဖုရား ကမ်မီလာတို့ရဲ့ ဓာတ်ပုံကို ဘက်ကင်ဟမ်နန်းတော်က အခုလအစောပိုင်းမှာ ထုတ်ပြန်ခဲ့

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, ဘုရင်နဲ့ကြင်ယာတော်တို့ အတူရိုက်ကူးထားတဲ့ ဒီဓာတ်ပုံကို ဘက်ကင်ဟမ်နန်းတော်က အခုလ အစောပိုင်းတုန်းမှာ ထုတ်ပြန်ခဲ့ပါတယ်
    • ရေးသားသူ, ရှောင်ကော််လန်
    • ရာထူးတာဝန်, တော်ဝင်သတင်းထောက်

ချားလ်စ် ဘုရင်ဟာ ကင်ဆာကုသမှုခံယူမှုမှာ ကျန်းမာရေးသိသိသာသာတိုးတက်မှုရှိခဲ့တာကြောင့် အအခုတစ်ပတ်မှာ လူထုကြား တော်ဝင်တာဝန်ဝတ္တရားတွေ ပြန်လည်စတင်မယ်လို့ ဘက်ကင်ဟန် နန်တော်က ပြောပါတယ်။

ဒါဟာ ချားလ်စ်ဘုရင်ရဲ့ တော်ဝင်တာဝန်ဝတ္တရားတွေ အပြည့်အဝ ပြန်လည်တာဝန်ထမ်းဆောင်တာမျိုး မဟုတ်ပေမဲ့ နန်းတော်ဘက်က အပြုသဘောဆောင်တဲ့အချက်ပြမှုအဖြစ်မှတ်ယူနိုင်ပါတယ်။

ချားလ်စ်ဘုရင်ဟာ ထူးထူးခြားခြားအနေနဲ့ ကင်ဆာကုသရေးစင်တာတစ်ခုကို သွားပြီး အင်္ဂါနေ့မှာ တော်ဝင်တာဝန်တွေကို ထမ်းဆောင်မှာဖြစ်ပါတယ်။

သူ့ရဲ့ နွေရာသီ အစီအစဥ်ထဲမှာတော့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဥ်လည်း ပါဝင်ပြီး ဂျပန်ဧကရာဇ်နဲ့ ကြင်ယာတော်တို့ကို လက်ခံတွေ့ဆုံမှာဖြစ်ပါတယ်။

လာမယ့်သီတင်းပတ်တွေအတွင်းမှာတော့ ချားလ်စ်ဘုရင်ဟာ ပြင်ပနဲ့ထိတွေ့ဆက်ဆံပြောဆိုမှုတွေ ပိုပြီးလုပ်သွားမှာဖြစ်တယ်လို့လည်း နန်းတော်ဘက်က ပြောပါတယ်။

ဘုရင်မင်းမြတ်အနေနဲ့ လူထုနဲ့တွေ့ဆုံတာတွေကို ပြန်ပြီး လုပ်ဆောင်နိုင်တယ်ဆိုတာမျိုး တိုက်တိုက်တွန်းတွန်းအားပေးခံရတဲ့ပုံပေါ်ပါတယ်။

ဖေဖော်ဝါရီလကတည်းက ပြုလုပ်နေတဲ့ဘုရင်ကြီးရဲ့ဆေးကုသမှု ခံယူမှုကတော့ ဆက်ပြီးရှိနေပြီး ဘယ်တော့ဆုံးမယ်ဆိုတာမျိုး ရက်အတိတကျပြောထားတာ မရှိသေးပါဘူး။

ဘက်ကင်ဟန် နန်းတော်ကတော့ ဘုရင်ကြီး လူထုကြားတဲ့ တော်ဝင်တာဝန်ဝတ္တရားတွေကို ပြန်လည် ထမ်းဆောင်တာနဲ့ ဘုရင်ကြီးရဲ့ ကျန်းမာရေးအခြေအနေကို သောကြာနေ့တုန်းက ကြေညာချက် တစ်စောင်ထုတ်ပြန်ပါတယ်။

ဘုရင်ကြီးရဲ့ဆေးကုသမှုခံယူနေမှု ဘယ်လောက်ကြာဦးမယ်ဆိုတာ ''ပြောဖို့ စောလွန်းနေပါသေးတယ်'' လို့ နန်းတော်ဘက်က ပြောပါတယ်။

ဆရာဝန်တွေကလည်း ''လက်ရှိတိုးတက်မှုအခြေအနေကို သူတို့ အတော်လေး အားရပြီး ဘုရင်ကြီး ပြန်လည်သက်သာကျန်းမာလာတဲ့အခြေအနေကိုလည်း အားတက်နေကြတယ်''လို့ ထည့်သွင်းပြောဆိုပါတယ်။

ဘယ်လိုကင်ဆာအမျိုးအစားအလဲဆိုတာတော့ ထုတ်ပြောတာမရှိသေးပါဘူး။ ဒါပေမဲ့ ဘုရင်ကြီးကို ကုသမှုပေးနေတဲ့ဆေးပညာရှင်အဖွဲ့ဟာ ''လက်ရှိဖြစ်ပေါ်လာတဲ့တိုးတက်မှုကို အတော်လေးကျေနပ်ပြီး အခုဆို ဘုရင်ကြီးဟာ လူထုကြားထဲမှာ တာဝန်ဝတ္တရားတွေကို ပြန်လည်ထမ်းဆောင်နိုင်ပြီ'' လို့ ဆိုပါတယ်။

ဘက်ကင်ဟမ်နန်းတော် ဥယျာဥ်ထဲမှာ ဘုရင်မင်းမြတ်နဲ့ ကြင်ယာတော်မိဖုရားတို့ အခုလအစောပိုင်းတုန်းက အတူရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကိုတော့ နန်းတော်ဘက်က ထုတ်ပြန်ထားပါတယ်။

ဆေးကုသမှုခံယူနေရတဲ့ ချားလ်စ်ဘုရင်ကို ဆုမွန်ကောင်းတောင်းတဲ့အနေနဲ့ပို့ကြတဲ့ ဆုတောင်ကတ်ဒ်တွေ

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, ဆေးကုသမှုခံယူနေရတဲ့ ချားလ်စ်ဘုရင်ကို ဆုမွန်ကောင်းတောင်းတဲ့အနေနဲ့ပို့ကြတဲ့ ဆုတောင်းကတ်ဒ်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တော်ဝင်တာဝန်တွေ ထမ်းဆောင်မှုဆိုင်ရာပြက္ခဒိန်ထဲက Trooping the Colour လို့ခေါ်တဲ့ ဘုရင့်မွေးနေ့ စစ်ရေးပြအခမ်းအနား၊ D Day ကမ်းတက်စစ်ဆင်ရေးနှစ်ပတ်လည်အခမ်းအနား၊ နွေရာသီဥယျာဥ်ပါတီတွေ၊ အဲလစ်ဇဘတ်ဘုရင်မကြီးလက်ထက်ကတည်းက ကျင်းပလာတဲ့ တော်ဝင်မြင်းပြိုင်ပွဲ (Royal Ascot)နဲ့ နွေဦးကာလပြည်ပခရီးစဥ်တွေလို ပွဲလမ်းသဘင်အခမ်းအနားကြီးတွေထဲက အချို့ကို ဘုရင်မင်းမြတ် တက်ရောက်၊ မရောက်ဆိုတာလည်း မသေချာသေးပါဘူး။

အဲဒီပွဲတွေကို ဘုရင်မင်းမြတ်ကိုယ်တိုင် တက်ရောက် ချီးမြှင့်တာ လုပ်၊ မလုပ်ဆိုတာကိုတော့ ဆေးဘက်ဆိုင်ရာအကြံဉာဏ်တွေယူပြီး အခမ်းအနားတွေနီးတဲ့အခါမှပဲ ဆုံးဖြတ်မယ်လို့ နန်တော်ဘက်က ပြောပါတယ်။

ဒါပေမဲ့ ''နွေရာသီတော်ဝင်အစီအစဥ်အပြည့်'' တက်ရောက်မှာမဟုတ်ဘူးလို့တော့ ထည်လောင်းပြောဆိုပါတယ်။

ဘုရင်ကြီးဟာ ဆီးကျိတ်ကြီးမှုကို ကုသမှုခံယူမှုအပြီးနဲ့ အဲဒီနောက် ကင်ဆာကုသမှုခံယူနေတယ်လို့ ဖဖော်ဝါရီလမှာ ကြေညာခဲ့ပြီးကတည်းက လူထုကြား ပွဲအခမ်းအနားတက်ရောက်တာတွေ မပြုလုပ်သေးပါဘူး။

နောက်သီတင်းပတ်မှာ ကင်ဆာကုသရေးစင်တာတစ်ခုကို သွားရောက်မယ့်အစီအစဥ်ကိုတော့ ကြင်ယာတော် မိဖုရား ကမ်မီလာနဲ့အတူ သွားရောက်မှာဖြစ်ပြီး ဘုရင်ကြီးဟာ ကင်ဆာကုသမှုခံယူနေတဲ့ လူနာတွေ၊ ဝန်ထမ်းတွေနဲ့တွေ့ဆုံပြီး ကင်ဆာရောဂါ သုတေသနကို သူထောက်ခံအားပေးကြောင်းပြသမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်နဲ့ ပုံမှန်တွေ့ဆုံတာအပါအဝင် နိုင်ငံ့ဥသျှောင်တာဝန်တွေကို ဆက်ပြီးလုပ်နေပေမဲ့ အခုကင်ဆာစင်တာကို သွားရောက်မယ့် အခုခရီးစဥ်ဟာ အခုနှစ်အတွင်း လူမြင်ကွင်းမှာ တော်ဝင်တာဝန်ဝတ္တရားတွေကို ပထမဆုံး ပြန်လည် ထမ်းဆောင်မှုဖြစ်လာမှာဖြစ်ပါတယ်။

ဝင်ဆောက အီစတာ တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ချိန်တုန်းကတော့ သူဟာ ဆုမွန်ကောင်းတောင်းပေးကြသူတွေနဲ့ လူတွေကို လက်ဆွဲနှုတ်ဆက်ရင်း လူထုရှေ့ ရုတ်တရက် ထွက်ခဲ့ပါတယ်။

ဇွန်လနှောင်းပိုင်းမှာတော့ ဘုရင်ကြီးဟာ နိုင်ငံ့ဥသျှောင်အနေနဲ့ ဂျပန်ဧကရာဇ်နဲ့ ကြင်ယာတော် မိဖုရားတို့ကို လက်ခံတွေ့ဆုံမှာဖြစ်ပြီး ဂျပန့်ဥသျှောင်တွေနဲ့ အဲဒီခရီးစဥ်ဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်း ဗြိတိန်ကို လာရောက်တဲ့ ပထမဆုံး ခရီးစဥ်လည်း ဖြစ်လာမှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အခုလို နိုင်ငံတော်အဆင့်ခရီးစဥ်တွေဟာ ဘက်ကင်ဟမ်နန်းတော်မှာ တည်ခင်းဧည့်ခံတာ၊ ဂုဏ်ပြုတပ်ဖွဲ့ကို မြင်းကရထားနဲ့လှည့်လည်ကြည့်ရှုတာတွေပါဝင်ပေမဲ့ အခုတစ်ကြိမ် ခရီးစဥ်မှာတော့ ဘုရင်ကြီးရဲ့အခြေအနေကို လိုက်ပြီး လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲတာတွေရှိလာနိုင်ပါတယ်။

ဝေလမင်းသမီးဟာလည်း ကင်ဆာကုသမှုကိုခံယူနေရဆဲဖြစ်တာကြောင့် တော်ဝင်မိသားစုဟာ အခုနှစ်အစကို ခက်ခက်ခဲခဲနဲ့စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

လူထုရဲ့ အာရုံစိုက် သတိထားမှုကို ကြုံခဲ့ရသလို လူမှုကွန်ရက်မှာ ခန့်မှန်းပြောဆိုချက်တွေကိုလည်း ရင်ဆိုင်ခဲ့ရတာကြောင့် နန်းတော်ဘက်ကတော့ အခုသတင်းကောင်းဟာ တော်ဝင်မိသားစုဝင်တွေကြုံနေရတဲ့ ခက်ခဲတဲ့အချိန်ကို အတိုင်းအတာတစ်ခုအထိကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ပုံရပါတယ်။

ဘုရင်ကြီးကတော့ သူ ကင်ဆာကုသမှု စတင်ခံယူချိန်ကတည်းက သူနေပြန်ကောင်းလာဖို့ ဆုမွန်ကောင်းတောင်းတဲ့အနေနဲ့ ပေးပို့လာကြတဲ့ ဆုတောင်းစကားတွေနဲ့ ဆုတောင်းကတ်ပြားတွေအတွက် တကယ့်ကို ဝမ်းသာရတဲ့အကြောင်း ပြောထားသလို ရယ်ရွှင်ဖွယ်ရာရေးထားတဲ့ကတ်တချို့ကိုဆိုရင် သဘောကျပုံပေါ်နေပါတယ်။

ဘုရင်ကြီးနဲ့ ကြင်ယာတော်မိဖုရားတို့ဟာ ''ပြီးခဲ့တဲ့တစ်နှစ်တာကာလလုံးမှာ စိန်ခေါ်မှုတွေနဲ့ ပျော်ရွှင်မှုတွေရှိခဲ့သလို ကမ္ဘာတဝန်းက ပို့သကြတဲ့ မေတ္တာ ဂရုဏာတွေအတွက်လည်း အလေးအနက် ကျေးဇူးတင်ရကြောင်း'' လို့ ဘက်ကင်ဟန်နန်းတော်က သောကြာနေ့တုန်းက ပြောထားပါတယ်။