ချားလ်စ်ဘုရင် - ဘုရင်က ဘာ့ကြောင့် နန်းတက်ပွဲကို လိုအပ်တာလဲ

Prince Charles at the state opening of parliament in 2022

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အရင် မင်းတွေလိုပဲ ချားလ်စ် ဘုရင်ရဲ့ နန်းတက်ပွဲမှာ အလယ်ခေတ်က ကျမ်းစာ၊ မြင့်မြတ်တဲ့ နံ့သာဆီနဲ့ ၁၂ ရာစုက ဇွန်း၊ နှစ်ပေါင်း ၇၀၀ သက်တမ်းရှိတဲ့ ပလ္လင် ထိုင်ခုံတို့ ပါဝင်မှာဖြစ်
    • ရေးသားသူ, လောရင် ပေါ့တ်စ်
    • ရာထူးတာဝန်, ဘီဘီစီ သတင်း

မေ ၆ ရက်မှာ ကျင်းပမယ့် တတိယမြောက် ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲဟာ ဗြိတိသျှတို့ အကျော်ဇေယျ ဖြစ်လာစေတဲ့ ထည်ထည်ဝါဝါ အခမ်းအနားတွေ ပါဝင်ပါလိမ့်မယ်။ ဒါပေမယ့် ဘာသာရေး ထုံးတမ်းတွေ၊ ရာစုနှစ်ပေါင်းများစွာက ဓလေ့တွေဟာ ဒီခေတ် ဒီကာလနဲ့ လိုက်ဖက် ဆီလျော် ပါရဲ့လားလို့ တွေးကြသူတွေလည်း ရှိမှာပါ။ တချိန်က လုပ်ခဲ့ကြသလို ဒီ နန်းတက်အခမ်းအနားဟာ အရေးပါမှု ရှိပါဦးမလား။ ဘုရင်တပါး အနေနဲ့ကရော ဒီအခမ်းအနားကို လိုအပ်ပါသေးရဲ့ လား။

ထည်ဝါမှုတွေ၊ လူစုလူဝေးတွေ၊ လမ်းပေါ်ပျော်ပွဲပါတီတွေနဲ့ ဒီ ဘုရင့်နန်းတက်ပွဲက တွဲပါလာမှာ ဖြစ်ပြီး ဗြိတိန်လူထုအဖို့ ဒီနန်းတက်ပွဲမျိုးကို မြင်ခဲ့ဖူးတာက အရင် အနှစ်‌ပေါင်း ၇၀ ကပါ။

အလယ်ခေတ် (အေဒီ ၁၁၀၀ - ၁၄၀၀ ကြား) က ကျမ်းသစ္စာ ကျိန်ဆိုမှု၊ ၁၂ ရာစု က ဇွန်းနဲ့ နံ့သာဆီကို ထည့်မှာ၊ ဘုရင် ဘိသိက်သွန်းရင် ထိုင်ရတဲ့ ပလ္လင်ထိုင်ခုံတော်မှာပါတဲ့ ကျောက်တုံး စတာတွေ အခု နန်းတက် ပွဲ မှာ ပါဝင်ဦးမှာလား ဆိုတာလည်း လူတွေက စူးစမ်းကြမှာပါ။

နန်းတက်ပွဲဆိုတာ လက်ထပ်ပွဲတခုလိုပါပဲတဲ့။ ဒီနေရာမှာတော့ ဇနီး သို့မဟုတ် ခင်ပွန်းနဲ့ ထိမ်းမြားရတာမဟုတ်ဘဲ ဘုရင်ဟာ နိုင်ငံနဲ့ လက်ဆက်ရတာပါလို့ တချို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဝက်မင်စတာ ကျောင်းတော်ကြီးမှာ ဘုရင် ချားလ်စ်ကို နန်းတင်တဲ့ အခါမှာ တက်ရောက်လာတဲ့ ဧည့်ပရိသတ် ၂,၀၀၀ ကို သူ့ကို ဘုရင်အဖြစ် အသိအမှတ်ပြုမှာလားလို့ မေးပါလိမ့်မယ်။ နောက်တော့ နန်းတက် လက်စွပ်ကို ဘုရင်က ဝတ်ဆင်ရမှာဖြစ်ပြီး ကျမ်းသစ္စာဆိုရ ပါလိမ့်မယ်။

ဒါတွေက ဟိုး‌ရှေးအတိတ်တုန်းက အရာတွေပါလားလို့ တွေးမိရင် မမှားပါဘူး။ ဗြိတိန်က နန်းတက် အခမ်းအနားဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ အတွင်း သိပ် ပြောင်းလဲတာ မရှိပါဘူး။ ဥပဒေအရ ဒီလို အခမ်းအနားတွေ မလိုအပ်ပါဘူး၊ အရင် မင်းဧကရာဇ် ကွယ်လွန်ရင် အိမ်ရှေ့စံက အလိုအလျောက် ဘုရင် ဖြစ်သွားတာပါ။ ဒါပေမဲ့ သူ့ကို ပေးတဲ့ ရာထူးတာဝန်ကို ဘုရင်အနေနဲ့ လေးလေးနက်နက် ခံယူပါတယ် ဆိုတာကို ဒီအခမ်းအနားတွေက သင်္ကေတဆောင် ပြသတာပါလို့ နန်းတက်ပွဲတွေနဲ့ ပတ်သက်ပြီး သုတေသနကို ကင်းစ် ကောလိပ်မှာ ဦးဆောင်နေတဲ့ ဂျော့ ဂရော့စ်က ပြောပါတယ်။

နန်းတက်ပွဲဟာ ဘုရင်က "တရားဥပဒေနဲ့ အညီ ကြင်နာတရားနဲ့ တရားမျှတစွာ ကျင့်ကြံ ဆောင်ရွက်ပါ့မယ်" ဆိုတဲ့ ကတိတွေကို လူသိရှင်ကြား ပြုလိုက်တဲ့ ထူးထူးခြားခြား အခမ်းအနား ဖြစ်တယ်လို့ သူက ယုံကြည်ပါတယ်။

"သေချာရေရာမှုကို မမျှော်လင့်နိုင်တဲ့ ဒီကမ္ဘာမှာ ခေါင်းဆောင်တွေက နိုင်ငံတကာ ဥပဒေတွေကို တချိန်လုံး ဖောက်ဖျက်နေကြတုန်း ကျွန်တော်တို့ ဘုရင်က 'ဒီ အရေး တွေကို မဖြစ်မနေ လုပ်ရမှာ' လို့ ပြောဖို့ လိုအပ်တယ်လေ၊ ဆိုတော့ ဒီအခမ်း အနားက ကျွန်တော့် အတွက် မလိုအပ်ဘူးလို့ မမြင်ပါဘူး။"

Coronation spoon

ဓာတ်ပုံ ရင်းမြစ်, Universal History Archive/Getty Images

ဓာတ်ပုံ ပုံစာ, စိန့် အက်ဝပ်ဒ် ဘုရင်ရဲ့ မင်းမြှောက်တန်ဆာတွေထဲမှာ ဒီဇွန်းပါဝင်ကြောင်း ၁၃၅၉ မှာ မှတ်တမ်းတက်ခဲ့၊ အဲဒီအချိန်မတိုင်ခင်ကတည်းက ဒီဇွန်းဟာ ရှေးဟောင်း ပစ္စည်းဖြစ်

အဟောင်းနဲ့ အသစ် ရောယူမယ့်ပွဲ

နန်းတက်ပွဲကို ချုံ့ပြောမယ်ဆိုရင် ဘာသာရေး အခမ်းအနား တခုပါပဲ။ အလယ်ခေတ်က ဇွန်းထဲမှာထည့်ထားတဲ့ နံ့သာဆီအထွတ်အမြတ်ကို ဘုရင်ရဲ့ ဦးခေါင်း၊ လက်တွေနဲ့ ရင်ဘတ်မှာ လက်ဝါးကပ်တိုင် ကြက်ခြေခတ် အမှတ်အသား သုတ်လိမ်းမှာပါ။

မြင့်မြတ်တဲ့ဆီနဲ့ တို့ပြီး သုတ်လိမ်းပေးတာက "ဘုရင်ဟာ ဘုန်းကြီး တပါး လိုပဲ" ဆိုတာကို ပြသတာပါလို့ ဒေါက်တာ ဂရော့စ် ကပြောပြီး ဘုရင်ဟာ ကျောင်းတော်ရဲ့ အကြီးအကဲပဲ ဆိုတာကိုလည်း အမှတ်သညာပြုလိုက်တာပါ။

"ဒါက အင်ဂလီကန် ကျောင်းတော် အခမ်းအနားပါပဲ၊ ဆီနဲ့ သုတ်လိမ်းတာက ဘုရားသခင်ရဲ့ ကရုဏာတော် ဘုရင့်ဆီကို အပ်နှင်း ချီးမြှင့်လိုက်တာပါ" လို့ နန်းတက်ပွဲ နဲ့ ပတ်သက်တဲ့ သုတေသန စာတမ်းရေးခဲ့သူ ဒေါက်တာ ဒေးဗစ် တောရင့်စ်က ပြော ပါတယ်။

"ဒါဟာ ‌ဗြိတိန်မှာ ရှိတဲ့ ခရစ်ယာန်ကျောင်းတော်တွေမှာ ငါတို့က တခုလို့ အားလုံးကို အင်္ဂလန် ကျောင်းတော်က အကြောင်းကြား လိုက်တာ ဖြစ်သလို၊ ဘုရင်က သူတို့ရဲ့ အထွတ်အခေါင် ဆိုတာကို သတင်းပါး လိုက်တာပါ။"

ဆီနဲ့ သုတ်လိမ်းတဲ့ အခမ်းအနားကို အများသူငှာ မမြင်နိုင်ပါဘူး၊ ဒါက အနီးကပ် ပြုလုပ်ရတဲ့ အလုပ်တခုဖြစ်သလို အဲဒီအချိန်မှာ လက်တွေ့အရ ဘုရင်က အဝတ် အစား အနည်းအကျဉ်းပဲ ဝတ်ထားရမှာမို့လို့ပါလို့ Royal Studies Network က ဒေါက်တာ အယ်လင်နာ ဝုဒ်အေကာက ပြောပါတယ်။ ၁၉၅၃ က ဘုရင်မ အဲလစ်ဇဘက် နန်းတက်တုန်းက အဲဒီအခမ်းအနားမှာ သူ့ရဲ့ ခြုံထည် ဝတ်ရုံတွေ၊ လက်ဝတ် လက်စားတွေကို ဖယ်ရှားခဲ့ပြီး အဲဒီတုန်းက တိုက်ရိုက်ထုတ်လွှင့် ပြသနေတဲ့ တီ‌ဗီ ကင်မရာတွေကို တခြား နေရာကို ရွှေ့ရိုက်ရသလိုမျိုး အခုလည်း အဲဒီလို ကင်မရာ တွေကို မြင်ကွင်းပြောင်းလိုက်ဖို့ များပါတယ်။

Canopy placed over the Queen before she is anointed at her coronation

ဓာတ်ပုံ ရင်းမြစ်, Keystone/Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၅၃ တုန်းက ဘုရင်မရဲ့ နန်းတက်ပွဲမှာ ဆီသုတ်လမ်းတာမလုပ်ခင် သူ့ကို ပေါင်းမိုး တခုနဲ့ ကာရံပေးခဲ့ပါတယ်

အရင် နန်းတက်ပွဲတွေတုန်းက အသုံးပြုခဲ့တဲ့ ဆီမျိုး အစား ဒီနန်းတက်ပွဲမှာ အမျိုးအစားသစ် တမျိုးကို သုံးဖို့ရှိပါတယ်။ အရင်တုန်းက ဆီတွေမှာ ကြောင်ကတိုး နံ့သာ ဆီ ဒါမှမဟုတ် စပန်း ‌ဝေလငါးရဲ့ ဦးခေါင်းထဲကရတဲ့ ဆီတွေ ထည့်သုံး ကြပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် ဒီနေ့အခါက တိရိစ္ဆာန်တွေရဲ့ အသွေးအသားက ကင်းလွတ်တဲ့ အသုံးအဆောင်တွေကို သုံးစွဲလာကြတဲ့ခေတ်၊ နှိပ်စက်မှုတွေကို မလိုလားကြတဲ့ ခေတ်ဖြစ်တဲ့ အတွက် သံလွင်ဆီ ပါဝင်မယ့် ဆီကိုသာ သုံးကြမှာပါ။

ဆီအမျိုးအစား ရွေးချယ်မှုက "ခေတ်နဲ့ လျော်ညီတဲ့ ဟီရိသြတ္တပ္ပတရား" ကို ထိန်း သိမ်းတာပါလို့ ဒေါက်တာ ဝုဒ်အေကာက ပြောသလို ဘုရင်စနစ် ရှိဖို့ လိုသေးလားလို့ အမေးထုတ်နေကြတဲ့ ဒီကာလအချိန်အခါမှာ "အစဉ်အလာနဲ့ ပြုပြင် ပြောင်းလဲတာရယ်ကို ပေါင်းစပ်ထားတာ" လို့လည်း ပြောပါတယ်။

"နန်းတက်ပွဲဟာ ဘုရင်အဖို့ အတိတ်က စွမ်းအားကို ရရှိနိုင်ပြီး သူ့အနာဂတ်ကို ပုံဖော်ဖို့ အခွင့်အလမ်းကို ရတာပါ။ ကျောင်းတော်ကြီးက ရှေးရိုးအစဉ်အလာတွေနဲ့ ဇွန်း ကို အသုံးပြုတဲ့ လုပ်ငန်းစဉ်တွေက သူ့ရဲ့ အခန်းကဏ္ဍကို ပိုခိုင်မာအောင် အကူအညီ ပေးပါတယ်။"

Consecration of coronation oil

ဓာတ်ပုံ ရင်းမြစ်, Patriarchate of Jerusalem and Buckingham Palace

ဓာတ်ပုံ ပုံစာ, ဂျေရုဆလင်က သံလွင်ပင်ကနေ ရတဲ့ ဆီကို ဒီနန်းတက်ပွဲ အခမ်းအနားမှာ သုံးမှာဖြစ်

ကျွန်ုပ်တို့က အစဉ်အလာတွေကို ဂရုပြုကြသေးရဲ့လား

နန်းတက်ပွဲ လုပ်တဲ့ "အတိုင်းအတာနဲ့ ပမာဏက အချိန်တိုင်းပြောင်းလဲနေပေမယ့်" အစဉ်အလာတွေက လိုသေးရဲ့လားလို့ ရွေးချယ် တင်မြှောက်ခံရသူသာ နိုင်ငံ့အကြီးအကဲ ဖြစ်စေရေး လှုပ်ရှားမှုကို ဆောင်ရွက်နေတဲ့ ရီပတ်ဘလစ် အဖွဲ့က ဂရေဟမ်စမစ်က ပြော ပါတယ်။

"(အရင်) နန်းတက်ပွဲတုန်းကဟာတွေကို လူအများစုက သတိရကြတော့မှာ မဟုတ် ပါဘူး၊ ဒီတော့ ဒါတွေက လူတွေ အလေးထားစရာ အစဉ်အလာတွေလို့ မြင်ကြမှာ မဟုတ်တော့ပါဘူး" လို့ သူက ပြောပါတယ်။ "ဒါက ဖွဲ့စည်းပုံဆိုင်ရာ တန်ဖိုးတစုံတရာ ဘာမှ မရှိပါဘူး။ လိုလည်း မလိုအပ်တော့ပါဘူး၊ ကျွန်တော်တို့ ဒါကို မလုပ်လည်း ချားလ်စ်က ဘုရင် ဖြစ်နေမှာပဲလေ။"

တကယ်မှာတော့ ဘုရင်ဧကရာဇ် တပါးဟာ အုပ်ချုပ်ဖို့အရေး နန်းတက်ပွဲ မလိုအပ် ပါဘူး။ ဘုရင် တချို့ပဲ ဒီပွဲကို လုပ်ခဲ့ကြတာပါ။ အဋ္ဌမမြောက် အက်ဒ်ဝပ်ဘုရင် ဆိုရင် သူ့ နန်းတက်ပွဲ မတိုင်မီ သူ့ ထီးနန်းကို စွန့်သွားတာပါ။ ဥရောပနိုင်ငံတွေက ဘုရင်တွေ နန်းတက်ပွဲ ဆိုတာကို စွန့်လွှတ်လိုက်တာ ကြာလှပါပြီ။ ယူကေမှာလည်း နန်းတက်ပွဲ စိတ်ဝင်စားတာတွေ လျော့ကျနေတယ်ဆိုတာကို လူထု သဘောထား စစ်တမ်းတွေက ပြနေပါတယ်။

လောလောလတ်လတ်က လုပ်ခဲ့တဲ့ YouGov လူထုစစ်တမ်းအရ ဖြေဆိုသူ ၄၈% က နန်းတက်ပွဲ အခမ်းအနားကို လိုလိုလားလား သေသေချာချာ ကြည့်မယ့်ပုံ မတွေ့ရ ပါဘူး။ ဘုရင်မကြီး ရဲ့ နန်းသက် ၇၀ မြောက် ပလက်တီနမ် နှစ်ပတ်လည်ကာလ တုန်းက လုပ်ခဲ့တဲ့ လူထု စစ်တမ်းမှာလည်း လူ ၁၀ ယောက်မှာ ၆ ယောက်ကပဲ ဘုရင် စနစ်ကို ထောက်ခံ ကြပါတယ်။ ဘုရင့် မိသားစု အရေးပါပုံက ၁၉၅၂ နဲ့ နှိုင်းစာရင် အဲဒီ အချိန်ကလောက် အခုအချိန်မှာ မရှိတော့ဘူးလို့ ဗြိတိန်နိုင်ငံသူ နိုင်ငံသား အများစုက မြင်ကြပါတယ်။

Crowds line the streets as the Queen's hearse drives past

ဓာတ်ပုံ ရင်းမြစ်, Getty/SOPA Images

ဓာတ်ပုံ ပုံစာ, ဘုရင်မကြီး စျာပနနေ့မှာ လန်ဒန်က လမ်းတွေပေါ်မှာ ထောင်ပေါင်းများစွာသော လူတွေ ဂါရဝ ပြုခဲ့ကြ

ဗြိတိန် ဘာသာရေးအသိုင်းအဝိုင်းရဲ့ မြင်ကွင်းတခုလုံးဟာ ၁၉၅၃ နန်းတက်ပွဲ ကစလို့ ပြန်ကြည့်ရင် "မမှတ်မိနိုင်လောက် အောင် ပြောင်းလဲ သွားပြီ"၊ "အင်ဂလီကန် ကျောင်းတော်ရဲ့ အခမ်းအနားတွေကို လူအများက သိပ်အကျွမ်းတဝင်ရှိတော့မှာ မဟုတ်ပါဘူး" လို့ National Secular Society ရဲ့ အလုပ်အမှုဆောင်ချုပ် စတီဗင် အက်ဗင်စ်က ပြောပါတယ်။

အဲဒီအချိန်တုန်းက လူတွေကပဲ ဒီလို အခမ်းအနားတွေနဲ့ ရင်းနှီးပြီး အခုတော့ နည်းသွားပြီဆိုတဲ့ အမြင်ကို ဒေါက်တာ တောရင့်စ်ကလည်း သဘောတူပါတယ်။ ဒါပေမယ့် လန်ဒန်မှာ ဘုရားကျောင်းကို သွားတဲ့သူတွေ တိုးလာတယ်ဆိုတာကို စာရင်းဇယားတွေက ပြနေ တယ်၊ အင်ဂလီကန် ကျောင်းတော်တွေမှာ လူတွေ သိပ်စည်ကားနေတယ်လို့ သူက ဆိုပါတယ်။

"ဘုရင်မကြီး နတ်ရွာစံတော့ စျာပန အခမ်းအနားက ဘာသာရေးထုံးစံတွေ အများကြီး ပါဝင်တာ တွေ့ရတယ်။ နန်းတော်ကိုယ်တိုင်ကလည်း လူထုရဲ့ တုံ့ပြန်မှုကို အံ့အားသင့်မယ်ထင်တယ်၊ လူတွေအတော်များများက သိပ်ကို အလေးထားခဲ့ကြတယ်လေ" လို့ သူက ပြောပါတယ်။

၂၁ ရာစု နန်းတက်အခမ်းအနားက ဘယ်လိုလဲ

အခမ်းအနားရဲ့ အနှစ်သာရမှာတော့ ဘာသာတရားယုံကြည်မှုနဲ့ ဆက်လက်ဆက်နွှယ်နေတယ်လို့ Centre for the Study of Modern Monarchy ရဲ့ ညွှန်ကြား ရေးမှူး ပါမောက္ခ အန်နာ ဝှိုက်လော့ခ်က ပြောပါတယ်။

"ဆီသုတ်လိမ်းတာ၊ ကျမ်းကိုင် သစ္စာပြုတာတွေရဲ့ အနှစ်ကတော့ အင်္ဂလန် ကျောင်းတော်ကို အလေးအမြတ်ပြုထားတာ ပါပဲ။ နန်းတက်ပွဲမှာ ဒီအခြေခံကျတဲ့အချက်တွေကို ပြောင်းလဲပစ်လို့ မရပါဘူး။ ဒါက တကယ့် အထူးအလေးပေးရတဲ့ အချက်ပါ။ ကိုးကွယ်မှု ဘာသာမျိုးစုံ၊ လူမျိုး မျိုးစုံရှိတဲ့ ဗြိတိန်လိုမျိုးကို ထင်ဟပ်ပြတာမျိုးနဲ့ ဒါက မတူပါဘူး။"

ပါမောက္ခ ဝှိုက်လော့ခ်က အရင်အခမ်းအနားထက်စာရင် အခု နန်းတက်ပွဲကို ချုံ့ပစ်လိုက်တာ၊ ဂီတပိုင်းမှာလည်း အသစ်တွေကို ထည့်သွင်းတာ၊ မတူကွဲပြားတဲ့ လူမျိုးတွေကို ထည့်သွင်းဖိတ်ကြားတာ စတဲ့ ခေတ်နဲ့ လျော်ညီအောင် ပြောင်းလဲထား တာမျိုးတွေ ရှိပေမဲ့ "သဏ္ဍန်သာ ပြောင်းသွားတာ ဖြစ်ပြီး အနှစ်သာရ ကို ပြောင်းလို့ မရပါဘူး" လို့ ပြောပါတယ်။

အင်္ဂလန်ကျောင်းတော်ရဲ့ ဖြစ်တည်မှုကို ပြောင်းလဲလိုက်တာမျိုး၊ ဘုရင်စနစ်ကို လူထု ဆန္ဒခံယူပွဲလုပ်ပြီး လက်ခံ၊မခံ မေးလိုက်တာမျိုး စတဲ့ အဓိကကျတဲ့ ပြုပြင်ပြောင်းလဲ ရေးတွေ လုပ်မှသာ တကယ့် အဓိပ္ပာယ်ပြည့်ဝတဲ့ အပြောင်းအလဲကို တွေ့ရမှာ လို့ သူက ဆိုပြီး ဒီလို အကြီးအမား ပြောင်းလဲတာမျိုးတွေ မဝေးတဲ့ အနာဂတ်မှာ ဖြစ်လာလိမ့်မယ်လို့ သူမထင်တဲ့အကြောင်းပြောပါတယ်။

"ဘုရင်စနစ်ရဲ့ တရားဝင်မှုက အစဉ်အလာတွေ အပေါ်နဲ့ အရင်ကတည်းက အလျဉ်မပြတ် လုပ်နေတာတွေ အပေါ် မှာ အခြေခံထား တာပါ။ မင်းသား ဝီလျံက နန်းတက်ပွဲနဲ့ ဝေးဝေးမှာနေရင် ဒါက သိပ်ကို လွန်သွားပြီလို့ မြင်ကြမှာ ဖြစ်သလို နန်းတော် တခုလုံးကို ချိုးနှိမ်ရာ ရောက်သွားပါလိမ့်မယ်၊ ကျွန်မတို့ အဲဒီ အခြေအနေကို မရောက်သေးပါဘူး။"

Charles at the state opening of parliament in 2022

ဓာတ်ပုံ ရင်းမြစ်, WPA Pool

ဓာတ်ပုံ ပုံစာ, အခုနန်းတက်ပွဲမှာ ဖိတ်ကြားထားသူ ၂,၀၀၀ ရှိပြီး ဘုရင်မ နန်းတက်စဉ်က ၈,၀၀၀ ရှိခဲ့

ဒေါက်တာ ဂရော့စ်က ကုန်ကျစရိတ် အပါအဝင် တခြားနည်းတွေနဲ့လည်း ဒီအခမ်းအနားကို ခေတ်နဲ့ ဆီလျော်အောင် လုပ်ဖို့ ကြိုးစားနေကြတယ်လို့ ယုံကြည်ပါတယ်။

တကမ္ဘာလုံး စီးပွားပျက်ကပ် ဆိုက်နေတဲ့ ကာလမှာ ဆဋ္ဌမမြောက် ဂျော့ နန်းတက်ပွဲ လုပ်ခဲ့တာကို ‌ထောက်ပြပြီး စီးပွားရေးကျပြီး အခက်အခဲဖြစ်နေတဲ့ ကာလတွေမှာ နန်းတက်ပွဲလုပ်တာက အဆန်းမဟုတ်တဲ့ အကြောင်း သူက ပြောပါတယ်။

မယ်တော် ဘုရင်မတုန်းကထက် ချားလ်စ် ဘုရင်ရဲ့ နန်းတက်ပွဲမှာ ဧည့်ပရိသတ် ၄ ပုံ ၁ပုံ အထိ လျှော့လိုက်တာက ကုန်ကျစားရိတ်ကို "လက်တွေ့ကျကျ" နည်းအောင် လုပ်တဲ့ နန်းတော်က ကြိုးစားမှုပါပဲလို့ ဆိုပါတယ်။

ဒါပေမဲ့ လူထုက ဘဏ္ဍာရေးအရ ရုန်းကန်နေရတဲ့ ဒီအချိန်ကာလမှာ စတာလင်ပေါင် သန်းပေါင်း များစွာ ကုန်ကျတဲ့ ဒီ နန်းတက်ပွဲက ပြည်သူ့ငွေတွေကို ဖြုန်းတီးပစ်တာပဲလို့ ဝေဖန်သူတွေက ပြောပါတယ်။ အစိုးရရဲ့ ယဉ်ကျေးမှု၊ သတင်းပြန်ကြားရေးနဲ့ အားကစားဌာနက ဒီနန်းတက်ပွဲ ဘယ်လောက်ကုန်ကျ မလဲဆိုတဲ့ မှန်းဆချက်ကို မပြောနိုင်ပေမဲ့ အကုန်အကျ မရှိမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ မနှစ်က လုပ်ခဲ့တဲ့ ဘုရင်မကြီး စျာပနအခမ်းအနားမှာ ဘယ်လောက်ကုန်ကျသလဲ ဆိုတာလည်း မသိရနိုင်သေးပါဘူး။ နှိုင်းယှဉ်ကြည့်စရာ ပမာဏ တခုကတော့ ၂၀၀၂ ခုနှစ်တုန်းက ဘုရင်မ မယ်တော် စျာပန အခမ်းအနားက စတာလင်ပေါင် ၅.၄ သန်း ကုန်ကျခဲ့တယ်လို့ ဆိုကြတာပါ။

ဒါပေမဲ့ ဒီ စျာပနနှစ်ခုနဲ့ ပတ်သက်လို့ လူထုရဲ့ အနေအထားကို ကြည့်ရင် ဘုရင် စနစ်ကို လူထုကြားမှာ တစုံတရာ စိတ်ဝင်စားမှု ရှိသေးတယ်ဆိုတာကို ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဘုရင်မကြီးရဲ့ ရုပ်ကလာပ်တော် ပြင်ဆင်ထားတဲ့ နေရာကို လူပေါင်း ၂၅၀,၀၀၀ လောက် စီတန်းကာ ဂါရဝ လာပြုခဲ့ကြပြီး ဘုရင်မကြီး မယ်တော် စျာပနတုန်းကလည်း အဲဒီ ပမာဏလောက် ရှိတဲ့ လူတွေ လာခဲ့ကြပါတယ်။ ယူကေရဲ့ လူဦးရေ ၆၇ သန်းနဲ့ နှိုင်းစာရင် ဒီ ပမာဏက နည်းပါးပေမဲ့ တီဗီက တိုက်ရိုက်ထုတ်လွှင့်တဲ့ စျာပန အခမ်းအနားကို လူဦးရေ ၄၀% က ကြည့်ရှုခဲ့ကြပါတယ်။

အခု နန်းတက်ပွဲမှာ ဒီလိုပဲ ရှိလာ မှာပါလား၊ ပါမောက္ခ ဝှိုက်လော့ခ်ကတော့ သံသယ ရှိပါတယ်။

"လူတချို့က ကြည့်ရှုမယ်ဆိုတာ သံသယ ဝင်စရာမရှိပါဘူး၊ ထည်ဝါမှု ခမ်းနားမှုတွေ နဲ့ အတူ ဗြိတိန်က အ‌ကောင်းဆုံး လုပ်မှာပါ။ ဒါပေမဲ့ မွေးဖွားလာကတည်းက ရလာတဲ့ အခွင့်အလမ်းနဲ့ လူတယောက်ဟာ မြင့်မြတ်တဲ့ နံ့သာဆီ အလိမ်းခံရမယ်၊ ကျွန်မတို့ အားလုံးရဲ့ အထက်မှာ နေမယ်၊ သူက ရွေးချယ်တင်မြှောက်ခံရသူလည်း မဟုတ်ဘူး၊ ဗြိတိန်ကို ဘာသာရေးအရ ဖြစ်ဖြစ်၊ လူမျိုးရေးအရ ဖြစ်ဖြစ် ကိုယ်စား ပြုတာလည်း မဟုတ်ဘူး၊ ကွာဟချက်တွေကတော့ အများကြီးပါ။"