ငန်းတွေကနေ လန်ဒန်လမ်းတွေ - ချားလ်စ်ဘုရင် ဆက်ခံရရှိတဲ့ အမွေများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗြိတိသျှ ထီးနန်းမှာ နန်းသက်အရှည်ကြာဆုံး ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးကို သူ့ဘဝတလျှောက် စိတ်ဝင်တစားရှိခဲ့တာတွေကြောင့်လည်း လူသိများပါတယ်။
ဗြိတိန်မှာ အချမ်းသာဆုံး အမျိုးသမီးတယောက် ဖြစ်တဲ့အလျောက် နန်းတော်တွေ၊ သရဖူ၊ လက်ဝတ်ရတနာတွေနဲ့ အိမ်ခြံမြေတွေလည်း သူ အမွေဆက်ခံရရှိခဲ့ပါတယ်။
ဒါတင်မက တမူထူးခြားပြီး မျှော်လင့်မထားတဲ့ အရာတချို့ကိုလည်း ဘုရင်မကြီး ပိုင်ဆိုင်ခဲ့ပါတယ်။ အခုတော့ ဒါတွေအားလုံးကို ချားလ်စ်ဘုရင်သစ်ထံ သက်ဆင်းရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
ဝတ်စုံများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ဘုရင်မကြီးရော၊ ဘုရင်မကြီးရဲ့ မယ်တော်ကြီးကပါ ခေတ်ရှေ့ပြေးတဲ့ ဝတ်စားဆင်ယင်မှုတွေ ဝတ်ချင်သူတွေ မဟုတ်ပါဘူး။ ဒါကြောင့် တခြားသူတွေအနေနဲ့ သိပ်အရေးမကြီးတဲ့ အလုပ်တွေ လုပ်လို့ရတယ်"လို့ တော်ဝင် ဒီဇိုင်နာ ဆာဘွဲ့ရ နော်မန် ဟာ့ဒ်နေးလ်က ၁၉၅၃ ခုနှစ် နယူးယောက်ခ်တိုင်းမ်နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ဖူးပါတယ်။
၁၉၅၃ ခုနှစ်ဟာ အဲလစ်ဇဘက် ဘုရင်မကြီး နန်းတက်တဲ့နှစ် ဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်တွေနဲ့ချီကြာအောင် သူမရဲ့ ကိုယ်ပိုင် ဝတ်စားဆင်ယင်မှု ပုံစံဟာ အနောက်နိုင်ငံတွေက အမျိုးသမီးခေါင်းဆောင်တွေအတွက် စံနမူနာ တခု ဖြစ်လာခဲ့ပါတယ်။
ဘုရင်မကြီးဟာ နှစ်လက်မလောက်မြင့်တဲ့ ဒေါက်ဖိနပ်ကို စီးပြီး မတော်တဆကြောင့် ဣန္ဒြေမဲ့တဲ့ ဝတ်စားဆင်ယင်မှုမျိုးတွေ မဖြစ်အောင်အတွက် အနားကွပ်လေးပါတဲ့ ဒူးအောက်ဖုံး စကတ်ဝတ်ဆင်ခဲ့ပါတယ်။
သေးငယ်ပြီး ရှည်လျားတဲ့ အနားပြန့်ဦးထုပ်တွေကိုလည်း ဆောင်းလေ့ရှိပါတယ်။
အဆောက်အအုံတွင်းကလွဲလို့ ခေါင်းစည်းပုဝါ၊ ဦးထုပ် ဒါမှမဟုတ် သရဖူ မဆောင်းထားတဲ့ ဘုရင်မကြီးကို မြင်ရခဲပါတယ်။
အရောင်တွေကတော့ ပေါ်လွင်ထင်ရှားတဲ့ အရောင်နုနုလေးတွေ ဖြစ်ပြီး များသောအားဖြင့် အဝါဖျော့ရောင် ဒါမှမဟုတ် သန္တာရောင်တွေ ဆင်မြန်းလေ့ရှိပါတယ်၊
အဲဒါတွေဟာ ဘုရင်မကြီးနဲ့ လိုက်ဖက်ပြီး သြဇာရှိတဲ့ အမျိုးသမီးတွေ ဝတ်စားပုံအတွက် စံနမူနာတခု ဖြစ်လာခဲ့ပါတယ်။
အပြာရောင်ဟာ ဘုရင်မကြီး အကြိုက်ဆုံးအရောင်လို့ ယူဆရပြီး အားကစားပြိုင်ပွဲတွေကို သွားတဲ့အခါ မကြာခဏ ဝတ်ဆင်လေ့ရှိပါတယ်။
ဘုရင်မကြီးရဲ့ ဝတ်စုံတွေကို သူ နတ်ရွာစံပြီးတဲ့နောက် ဘယ်မှာ ထိန်းသိမ်းထားမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဝိတိုရီယ ဘုရင်မကြီးနဲ့ ဝေလမင်းသမီး ဒိုင်ယာနာတို့လို ထင်ရှားတဲ့ တော်ဝင်မိသားစုဝင်တွေရဲ့ ဝတ်စုံတွေကိုတော့ ပြတိုက်အများအပြားမှာ တွေ့မြင်နိုင်ပါတယ်။
လက်ကိုင်အိတ်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘုရင်မကြီးရဲ့ အဝတ်အစားဗီရိုထဲမှာ အတွေ့ရဆုံး အရာကတော့ လက်ကိုင်အိတ်တွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အခမ်းအနားတွေမှာ လက်ကိုင်အိတ်တလုံးကို အမြဲ ကိုင်ဆောင်လေ့ရှိပြီး ဘုရင်မကြီးရဲ့ နောက်ဆုံး တရားဝင် ဓာတ်ပုံမှာလည်း လက်ကိုင်အိတ်ကိုင်ပြီး ဓာတ်ပုံရိုက်ထားပါတယ်။
ဘုရင်မကြီးရဲ့ အိတ်တွေကို ဗြိတိသျှ နာမည်ကျော် တံဆိပ်တခုဖြစ်တဲ့ လောက်နာ Launer က ချုပ်လုပ်ပေးထားဖြစ်ပြီး ဘုရင်မကြီးဆီမှာ အိတ်အလုံးပေါင်း ၂၀၀ လောက် ပိုင်ဆိုင်တယ်လို့လည်း ဆိုကြပါတယ်။ လိုအပ်တဲ့ လက်ဆွဲနှုတ်ဆက်မှုတွေ လုပ်နိုင်အောင်အတွက်လည်း အိတ်အားလုံးကို ရှည်မျောမျော လက်ကိုင်ကွင်းတွေ တပ်ဆင်ပေးထားပါတယ်။
"ဘုရင်မကြီးဟာ သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့ အမျိုးသမီးတဦးဖြစ်တယ်"လို့ လောက်နာ Launer ကုမ္ပဏီ ပိုင်ရှင် ဂျေရက် ဘော့မီ Gerald Bodme က ပြောပါတယ်။
"ဘုရင်မကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲအခမ်းအနား အတော်များများမှာ လက်ကိုင်အိတ်မပါဘဲ ဝတ်စုံပြည့် ဝတ်ဆင်တယ်လို့ မခံစားရဘူး"လို့ ပြောဆိုဖူးတဲ့အကြောင်း မစ္စတာ ဘော့မီ က ဘီဘီစီကို ပြန်ပြောင်းပြောပြပါတယ်။
လက်ကိုင်အိတ်ထဲမှာ ဘာတွေ ထည့်ထားသလဲဆိုတာနဲ့ ပတ်သက်လို့ ကာလရှည်ကြာ ထင်ကြေးပေး ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့တွေမှာ ဘုရားကျောင်း အလှူငွေထည့်ဖို့ ခေါက်ထားတဲ့ ငွေစက္ကူ ငါးပေါင် ပါလေ့ရှိပြီး နှုတ်ခမ်းနီနဲ့ မှန်တချပ်လည်း ပါနိုင်တယ်လို့ သုံးသပ်သူတချို့က ပြောဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ပြီး သူ့ရဲ့ မြေးတွေကို ခေါ်ဖို့အတွက် လက်ကိုင်ဖုန်းလည်းပါနိုင်တယ်လို့ တချို့က ယူဆကြပါတယ်။
၂၀၁၈ ခုနှစ်က ဘီဘီစီက လုပ်ခဲ့တဲ့ ယဥ်ကျေးမှု ဓလေ့ထုံးတမ်း အစီအစဥ်တခုမှာတော့ ဘုရင်မကြီးဟာ သူ့ရဲ့ ဝန်ထမ်းတွေနဲ့ ပါးပါးနပ်နပ် ပြောဆိုဆက်ဆံဖို့အတွက် သူ့ရဲ့ လက်ကိုင်အိတ်ကို အသုံးပြုလေ့ရှိတယ်လို့ ယူဆကြပါတယ်။ ဥပမာအားဖြင့် ညစာစားပွဲတခုမှာ လက်ကိုင်အိတ်ကို စားပွဲပေါ်မှာ တင်ထားရင် ဒီအခမ်းအနားကို အဆုံးသတ်ချင်ပြီဆိုတဲ့ သတင်းစကားကို မသိမသာ အချက်ပြတာ ဖြစ်ပါတယ်။
ငန်းနဲ့ လင်းပိုင်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရားဥပဒေအရ အင်္ဂလန်နဲ့ ဝေလနယ်တွေမှာ ပိုင်ရှင် အမှတ်အသားမပါတဲ့ ငန်းဖြူကြီးတွေကို ဘုရင်တွေက ပိုင်ဆိုင်ပါတယ်။
လန်ဒန်မြို့က သိမ်းမြစ်တလျှောက်မှာလည်း Swam upping လို့ သိကြတဲ့ ငန်းကောင်ရေ ကောက်ခံမှုကိုလည်း နှစ်စဥ် လုပ်လေ့ရှိပါတယ်။
ဧည့်ခံပွဲတွေမှာ အရံသင့် တည်ခင်းဧည့်ခံနိုင်ဖို့အတွက် ရေပြင်ကျယ်ကြီးအတွင်းမှာ ရှိတဲ့ ပိုင်ရှင်မဲ့ ငန်းတွေကို ဘုရင်က ပိုင်ဆိုင်တယ်လို့ ၁၂ ရာစုနှစ်တုန်းက သတ်မှတ်ခဲ့တာပါ။
"ဒီနေ့ခေတ်မှာတော့ ငန်းတွေကို စားသုံးခြင်း မရှိတော့သလို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ပညာရေး လေ့ကျင်ခန်းတွေအတွက်သာ ဖြစ်တယ်" လို့ ဘုရင်ရဲ့ ငန်းတွေကို လိုက်မှတ်တမ်းတင်ပေးရတဲ့ ဒေးဗစ် ဘာဘာက David Barber က ပြောပါတယ်။
သူဟာ ဘုရင်မကြီး နတ်ရွာစံတဲ့အချိန်အထိ ဘုရင်မကြီးရဲ့ ငန်းတွေကို လိုက်ရေတွက်ပေးရသူအဖြစ် နှစ်ပေါင်း ၃၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ပင်လယ်ကမ်းစပ်နဲ့ သုံးမိုင်အတွင်းမှာ တွေ့ရှိတဲ့ လင်းပိုင်တွေကိုလည်း ဘုရင်က ပိုင်ဆိုင်ပါတယ်။
ဒုတိယမြောက် အက်ဒွပ်ဘုရင် နန်းတက်ခဲ့တဲ့ ၁၃၂၄ ခုနှစ်က လင်းပိုင် ပိုင်ဆိုင်မှုကို တရားဝင်အဖြစ် သတ်မှတ်ခဲ့တာပါ။
"ပင်လယ်ပြင် ဒါမှမဟုတ် ဘုရင် အုပ်စိုးတဲ့ နေရာတခုခုက ဖမ်းယူခဲ့တဲ့ ဝေလငါးတွေနဲ့ စတာဂျင် ဧရာမ ငါးကြီးတွေကိုလည်း ဘုရင်က ပိုင်ဆိုင်တယ်" လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ဒီပြဋ္ဌာန်းချက်ဟာ ဒီကနေ့အထိ တရားဝင်နေသေးပြီး ဝေလငါးတွေနဲ့ လင်းပိုင်တွေကို "တော်ဝင်ငါး"တွေအဖြစ် သတ်မှတ်ကြပါတယ်။
ဘုရင်မကြီး ကံကုန် နတ်ရွာစံပြီးတဲ့နောက်မှာတော့ ချားလ်စ် ဘုရင်သစ်ဟာ ဒီတောရိုင်းတိရစ္ဆာန်တွေကို အမွေဆက်ခံခွင့် ရခဲ့ပါတယ်။
မြင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘုရင်မကြီးရဲ့ အချစ်တော် ခွေးလေးတွေ အကြောင်း အများအပြား ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
သူ့ဘဝသက်တမ်းတလျှောက် ခွေးငယ်လေး အကောင် ၃၀ ကျော် ပိုင်ဆိုင်တယ်လို့ ယူဆရပါတယ်။
ဒါပေမဲ့ ဘုရင်မကြီးရဲ့ အသည်းနှလုံးကို ရယူထားတဲ့ နောက်ထပ် တိရစ္ဆာန်လည်း ရှိပါတယ်။
ဘုရင်မကြီးဟား စီးတော်မြင်း အများအပြားကို ပိုင်ဆိုင်တာပါ။
ဘုရင်မကြီးဟာ သူ အသက် ၄ နှစ်အရွယ်တုန်းက အဘိုးတော် ပဉ္စမြောက် ဂျော့ ဘုရင်ကြီး လက်ဆောင်ပေးခဲ့တဲ့ ပက်ဂီ Peggy လို့ခေါ်တဲ့ စကောတလန် Shetland မြင်းပုလေးနဲ့ မြင်းစီးသင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဆမ်ဒရင်ဟမ် Sandringham ရွာက ပြိုင်မြင်း မွေးမြူရေးစင်တာတခုဖြစ်တဲ့ Royal Stud ကို အမွေရခဲ့ပါတယ်။ အဲဒီစင်တာကနေ အောင်ပွဲရ ပြိုင်မြင်းအများအပြားကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
ဘုရင်မကြီးအတွက် တော်ဝင် ဆုတံဆိပ်ပေါင်း ၁၀၀ ကျော်ကို ကြီးကြပ်ကွပ်ကဲခဲ့တဲ့ သင်တန်းဆရာ မိုက်ကယ် စကောက် Michael Stoute က ဘုရင်မကြီးဟာ အဲဒီလို လုပ်ရလို့ ပျော်ရွှင်ဝမ်းမြောက်ခဲ့တယ်လို့ ပြောပါတယ်။
"ပြိုင်မြင်းတွေနဲ့ ပတ်သက်လို့ နားလည်တတ်ကျွမ်းမှု၊ ဗဟုသုတ ကြွယ်ဝမှုနဲ့ စိတ်ဆန္ဒပြင်းပြမှုတွေကြောင့် ဘုရင်ကြီးကို လေ့ကျင့် သင်ကြားပေးရတာဟာ ဖိအားတစုံတရာ မရှိခဲ့ဘူး" လို့လည်း ဆိုပါတယ်။
နတ်ရွာစံသွားပြီဖြစ်တဲ့ ဘုရင်မကြီးဟာ သူရဲ့ မြင်းတွေကို ဂျူတီဘောင်း Duty Bound၊ ကွန်စတီကျုးရှင်း Constitution နဲ့ ဒစ်ခရေးရှင်း Discretion တို့လို ရိုးရိုးရှင်းရှင်း နာမည်လေးတွေ ပေးခဲ့ပါတယ်။
"အသေးစိတ်လေးကအစ ဂရုစိုက်ခဲ့တဲ့ ဥပမာလေးတခုကတော့ ဘုရင်မကြီးဟာ မြင်းတွေကို ကြည့်ဖို့ ကွင်းထဲ လာရင် ဘယ်တော့မှ ရေမွှေးဆွတ်မလာပါဘူး။ ဘာလို့လဲဆိုတော့ ရေမွှေးဟာ ကြီးကောင်ဝင်စ မြင်းငယ်လေးတွေရဲ့ ရာဂစိတ်ကို နိုးကြားစေနိုင်လို့ပါ" လို့ အသံလွှင့် သတင်းထောက် ကလဲ ဘော့ဒင်း Clare Balding က ပြောပါတယ်။ ကလဲရဲ့ အဘိုး၊ အဖေနဲ့ အစ်ကိုတွေဟာ ဘုရင်မကြီးအတွက် မြင်းတွေ ထိန်းကျောင်းပေးခဲ့သူတွေ ဖြစ်ပါတယ်။
မြင်းပိုင်ရှင်တယောက်အနေနဲ့ ဘုရင်မကြီးဟာ ဗြိတိသျှ ကလက်စစ် မြင်းပြိုင်ပွဲ ငါးပွဲမှာ ၄ ပွဲ အနိုင်ရခဲ့ပါတယ်။
စီးတော်ယာဥ် မော်တော်ကားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရားဝင်အခမ်းအနားအတွက် ဘုရင်မကြီးဟာ စီးတော်ယာဥ် မြင်းလှည်းတွေလို အသုံးပြုခဲ့သလို သူ့အတွက် အထူးပြုလုပ်ထားပြီး ယာဥ်မောင်းတယောက် မောင်းပေးတဲ့ ဘန့်တလီ Bentley ကားကို စီးလေ့ရှိပါတယ်။
ဒါပေမဲ့ ဘုရင်မကြီးဟာ တရားဝင် အလုပ်အခမ်းအနားတွေ မဟုတ်တဲ့အချိန်ကျရင် Land Rovers ကားတွေ မောင်းလေ့ရှိတာကို အမြဲလိုလို တွေ့မြင်ရတတ်ပါတယ်။
ကားမောင်းတာဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းသည် ဖိလစ်မင်းသားကြီးနဲ့အတူ ထပ်တူကျတဲ့ ဝါသနာ တခုဖြစ်ပါတယ်။
ဘုရင်မကြီးတို့ ဇနီးမောင်နှံဟာ Jaguar နဲ့ Land Rover က ထုတ်တဲ့ကားတွေကို နှစ်ခြိုက်လေ့ရှိပါတယ်။ အခုတော့ အဲဒီကားတွေကို အိန္ဒိယ ကုမ္ပဏီ Tata ကားကုမ္ပဏီက ပိုင်ဆိုင်ပါတယ်။
ဘုရင်မကြီး မဖြစ်ခင်မှာ အဲလစ်ဇဘတ် မင်းသမီးဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ကုန်တင်ကားကြီးတွေနဲ့ စက်ယန္တရားကြီးတွေ မောင်းသူအဖြစ် စေတနာ့ဝန်ထမ်း လုပ်ခဲ့ဖူးပါတယ်။
တခါတရံမှာ သူ့ဆီလာတဲ့ ဧည့်သည်တော်တွေကို ဖြေဖျော်ဖို့အတွက် သူ့ရဲ့ကားမောင်းစွမ်းရည်တွေကို အသုံးပြုလေ့ရှိပါတယ်။
၁၉၉၈ ခုနှစ် စက်တင်ဘာလမှာ ဘုရင်မကြီးဟာ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းဟား အမ်ဒူလာကို ဘဲလ်မော်ရယ်ရဲတိုက်ကို နေ့လယ်စာစားဖို့ ဖိတ်ခဲ့ပါတယ်။ နေ့လယ်စာစားပြီးတဲ့အချိန်မှာ ဟတ်တာပေါင်း ၂၀,၀၀၀ ရှိတဲ့ ခြံဝင်းထဲကို သွားလည်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဗြိတိသျှ သံတမန်ဟောင်း Sherard Cowper-Coles ရဲ့ ကိုယ်တွေ့မှတ်တမ်းအရ အစပိုင်းတုန်းက ချီတုံချတုံဖြစ်နေတဲ့ အိမ်ရှေ့မင်းသားဟာ သဘောတူခဲ့ပြီး ခရီးသည်တွေစီးတဲ့ ထိုင်ခုံမှာ ဝင်ထိုင်ခဲ့တယ်လို့ ပြောပါတယ်။
သူ့ကို အံ့သြသွားစေတာကတော့ ဘုရင်မကြီးက ကားမောင်းသူ ထိုင်ခုံမှာ နေရာယူလိုက်ပြီး တချိန်လုံး စကားပြောကာ စကော့တလန်က တောင်တန်းဒေသတွေတလျှောက် ကားမောင်းခဲ့တယ်လို့ ဆိုပါတယ်။
အမ်ဒူလာက စိုးရိမ်ပူပန်ခဲ့ပြီး ဖြည်းဖြည်းမောင်းဖို့ ဘုရင်မကြီးကို တိုက်တွန်းခဲ့ပါတယ်။
ဒါဟာ ဆော်ဒီအာရေဗျနိုင်ငံမှာ အမျိုးသမီးတွေ ကားမောင်းခွင့်မပြုခင် အချိန်အတော်ကြာကြာက ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဘုရင်မကြီးရဲ့ မော်တော်ကား စုဆောင်းမှုဟာ ဒေါ်လာ ၁၀ သန်းကျော်လောက် တန်ကြေးရှိပုံရပြီး သူ့ဘ၀တလျှောက် Land Rovers ကားအစီးပေါင်း ၃၀ ကျော် ပိုင်ဆိုင်ခဲ့တယ်လို့ ဗြိတိသျှ သတင်းမီဒီယာတွေက ခန့်မှန်းရေးသားကြပါတယ်။
မြေပိုင်ဆိုင်မှုများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၂ ခုနှစ် Sunday Times သတင်းစာရဲ့ ချမ်းသာကြွယ်ဝမှု စာရင်းမှာ ဘုရင်မကြီးရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုဟာ ပေါင်သန်း ၃၇၀ (ဒေါ်လာ ၄၂၆ သန်း) ရှိမယ်လို့ ခန့်မှန်းပါတယ်။
အဲဒီထဲက အများစုဟာ မြေရာပိုင်ဆိုင်မှုတွေ၊ လက်ဝတ်ရတနာတွေ၊ တံဆိပ်ခေါင်းနဲ့ အနုပညာဖန်တီးမှုလက်ရာတွေက လာတာ ဖြစ်ပါတယ်။
ဗြိတိသျှ ဘုရင်၊ဘုရင်မတွေဟာ တော်ဝင်စံအိမ်တော်တွေ အများအပြားကိုလည်း ပိုင်ဆိုင်သလို အများပိုင် မြေအများအပြားကိုလည်း ပိုင်ဆိုင်တာပါ။
Crown Estate လို့ သိကြတဲ့ ဗြိတိသျှ မင်းဧကရာဇ်တို့ပိုင်ဆိုင်တဲ့ မြေရာတွေဟာ သူတို့ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေ မဟုတ်သလို တစိတ်တပိုင်း ပြန်လည် ရောင်းချလို့လည်း မရပါဘူး။
အဲဒီထဲမှာ ဘက်ရှိုင်းယား Berkshire က အက်စ်ကော့ Ascot မြင်းပြိုင်ကွင်းနဲ့ လန်ဒန်မြို့ ရီ့ဂျန့်လမ်း Regent Street မှာ ရှိတဲ့ အိမ်အများအပြားလည်း ပါဝင်ပါတယ်။
ဗြိတိန်ရဲ့ ကမ်းစပ်အများစုကနေ ရေမိုင် ၁၂ မိုင်အထိ ပင်လယ်ကြမ်းပြင်တွေကိုလည်း ပိုင်ဆိုင်ပါတယ်။ ဒါကြောင့် ပင်လယ်ကမ်းလွန်မှာ လေရဟတ် ဆောက်ကြတဲ့ ကုမ္ပဏီအများအပြားဟာ ဗြိတိသျှ တော်ဝင်မိသားစုကို ငွေပေးဆောင်ရပါတယ်။
အခုတော့ ဘုရင်ဟာ Crown Estate တော်ဝင်မိသားစုတွေပိုင်တဲ့ ပိုင်ဆိုင်မှု အကျိုးအမြတ် ၂၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ပမာဏကို ခံစားပိုင်ခွင့်ရှိပါတယ်။ ဘာကင်ဟမ်နန်းတော်ကြီးကို ၁၀ နှစ်ကြာ မွမ်းမံပြင်ဆင်မှုတွေ လုပ်ဖို့ ပေးလှူကြတဲ့အတွက် ၂၀၁၇ ခုနှစ်က ပိုင်ဆိုင်မှု ၁၅ ရာခိုင်နှုန်းကနေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီအကျိုးအမြတ်တွေဟာ Sovereign Grant လို့ သိကြတဲ့ နိုင်ငံဦးသျှောင် တော်ဝင် တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် အစိုးရက နှစ်စဥ်ပေးတဲ့ ထောက်ပံ့ကြေး ဥပဒေကတဆင့် ရန်ပုံငွေ ချပေးတဲ့ ယူကေ ဘဏ္ဍာရေးဌာနကို ရောက်သွားမှာ ဖြစ်ပါတယ်။
မိသားစု အမွေအနှစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲလစ်ဇဘတ် ဘုရင်မကြီးဟာ သူ့အရင် တာဝန်ထမ်းဆောင်ခဲ့သူတွေဆီကနေ ပုဂ္ဂိုလ်ရေး ပစ္စည်းတွေ အမွေရခဲ့ပါတယ်။
တော်ဝင်ပစ္စည်းတွေ ထိန်းသိမ်းထားတဲ့ နေရာမှာ ရှိတဲ့ အဲဒီပစ္စည်းတွေကို ချားလ်စ်ဘုရင်သစ်ထံ လက်ဆင့်ကမ်းပေးမယ်လို့ မျှော်လင့်ရပါတယ်။
အဲဒီထဲမှာ ဝိတိုရီယ ဘုရင်မကြီးရဲ့ မင်္ဂလာဝတ်စုံလည်း ပါပါတယ်။
ဝိတိုရိယ ဘုရင်မကြီးဟာ အဖြူရောင် မင်္ဂလာဝတ်စုံနဲ့ လူသိများထင်ရှားလာတယ်လို့ လက်ခံထားကြပြီး အဲဒီဝတ်စုံဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းပြီး သန့်ရှင်းစင်ကြယ်တဲ့ သင်္ကေတခု ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် စတုတ္ထမြောက် ဟင်နရီဘုရင် ဝတ်ဆင်ခဲ့တဲ့ သံချပ်ကာ ချပ်ဝတ်တန်ဆာ ဝတ်စုံပြည့်လည်း ရှိပါတယ်။
စတုတ္ထမြောက် ဟင်နရီဘုရင်ဟာ ပုပ်ရဟန်းမင်းကြီးနဲ့ သဘောထားကွဲလွဲခဲ့ပြီး လွတ်လပ်တဲ့ Church of England အသင်းတော်ကို တည်ထောင်ခဲ့ပြီး သူ့ကိုယ်သူ အဲဒီအသင်းတော်ရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီတာဝန်ကို နောက်ဆက်ခံတဲ့ မင်းဧကရာဇ်တွေကလည်း လက်ဆင့်ကမ်း ထမ်းဆောင်ခဲ့ကြပါတယ်။
လက်ဝတ်ရတနာများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တော်ဝင်မိသားစုလို့ ပြောလိုက်တာနဲ့ တဖိတ်ဖိတ်တောက်နေတဲ့ ရွှေတွေ၊ စိန်တွေက အတွေးထဲ ရောက်လာပါတယ်။
ဗြိတိသျှ ကိုလိုနီ အင်ပါယာဟာ လူသားတွေရဲ့ သမိုင်းမှာ အကြီးဆုံးဖြစ်ပြီး လက်ရာအမြောက်ဆုံး ထိပ်တန်း စိန်တွေနဲ့ တန်ဖိုးကြီး ကျောက်မျက်တချို့ကို တော်ဝင်မိသားစု ပိုင်ဆိုင်ခွင့် ရစေခဲ့ပါတယ်။
ဗြိတိသျှ ထီးနန်းတွေ လက်ထဲ ကျရောက်ခဲ့တဲ့ လက်ဝတ်ရတနာ အများအပြားနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ အများအပြားရှိခဲ့ပြီး Star of Africa နဲ့ ကိုဟီးနူး စိန်ကြီးတွေအပါအဝင် မင်းဧကရာဇ် ပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာအများအပြားကို သူတို့ရဲ့ မူရင်းနိုင်ငံတွေဆီ ပြန်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
ဘုရင်ဟာ အဲဒီ လက်ဝတ်ရတနာတွေကို အမှန်တကယ် မပိုင်ဆိုင်ပေမယ့် နိုင်ငံတော် အကျိုးအမြတ်အတွက် ဆက်လက် ထိန်းသိမ်းပေးထားရတာ ဖြစ်ပြီး နန်းတက်ပွဲနဲ့ လွှတ်တော်ဖွင့်ပွဲတွေလို အထူးတလည် သတ်မှတ်ထားတဲ့ ပွဲတော်တွေမှသာ ဆင်မြန်းရလေ့ရှိပါတယ်။
ဒါပေမဲ့ Crown Jewels တော်ဝင်မိသားစုပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာတွေ မဟုတ်ဘဲ ဘုရင်မကြီးပိုင်ဆိုင်တဲ့ လက်ဝတ်လက်စားတွေတော့ ချားလ်စ်ဘုရင် လက်ဆင့်ကမ်း ရရှိမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် တော်ဝင်မျိုးဆက် ပိုင်ဆိုင်မှုတွေထဲက အရောင်တလက်လက် အတောက်ပဆုံး ရတနာ သရဖူ တခုကို ကြင်ရာတော် မိဖုရား ကမီလာဆီကို ဘုရင်မကြီးက လက်ဆင့်ကမ်းပေးခဲ့ပြီး ဖြစ်ပါတယ်။
တော်ဝင်မိသားစုတွေ ဝင်ဆင်တဲ့ တခြား လက်ဝတ်ရတနာတွေကို တွေ့မြင်တဲ့အခါ ပုလဲလည်ဆွဲတွေနဲ့ နားကပ်တွေဟာ အဲလစ်စဘက်ဘုရင်မကြီးရဲ့ လူသိများတဲ့ စတိုင် တစိတ်တပိုင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မြေမြှုပ်သင်္ဂြိုဟ်ခြင်း
ချားလ်စ်ဘုရင်ဟာ အဲလစ်စဘက်ဘုရင်မကြီးပိုင်ဆိုင်တဲ့ လက်ဝတ်ရတနာတွေအားလုံးနီးပါးကို ပိုင်ဆိုင်ခွင့်ရှိပေမဲ့ ဘုရင်မကြီးကိုတော့ လက်ဝတ်ရတနာ နှစ်ခုနဲ့သာ မြေမြှုပ်သင်္ဂြိုဟ်ဖွယ် ရှိတယ်လို့ တော်ဝင်မိသားစုအရေး ကျွမ်းကျင်သူတဦးက ခန့်မှန်းတွက်ဆခဲ့ပါတယ်။
အဲဒါတွေကတော့ ဝေလနယ်က သူမရဲ့ ရွှေသား လက်ထပ်လက်စွပ်နဲ့ ပုလဲနားကပ်တစုံတို့ ဖြစ်လိမ့်မယ်လို့ Natural Diamond Council ရဲ့ ဆက်ဆံရေး အကြီးအကဲ လီဆာ လဗစ်ဆင် Lisa Levinson က ယူဆပါတယ်။ အဲဒီလိုဖြစ်လာမယ်ဆိုရင် ဘုရင်မကြီးရဲ့ မာနထောင်လွှားမှုမရှိတဲ့ အမူအရာတစိတ်တပိုင်းကို နောက်ဆုံးအနေနဲ့ တချို့သူတွေ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








