အယ်လ်ဒူရီ ကို သတ်နိုင်ပြီလို့ အီရတ်က ပြောနေ

ဆဒမ်ဟူစိန် ရဲ့ လက်ရုံးတွေ ထဲ နောက်ဆုံး လက်ကျန် လွတ်နေသေး သူတွေ ထဲက ရာထူး အကြီးဆုံး ဖြစ်မယ် လို့ ယူဆရသူ Izzat Ibrahim al-Douri ကို သတ်လိုက် နိုင်ပြီ လို့ အီရတ် အာဏာပိုင် တွေ က ပြောနေ ပါတယ်။
မစ္စတာ အယ်လ်ဒူရီ ဟာ အီရတ် နိုင်ငံ အတွင်း အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့ IS တွေ ထကြွ လာနိုင် ခဲ့တာ ရဲ့ အဓိက လက်သည် တွေ ထဲ မှာလည်း တစ်ဦး အပါအဝင် ဖြစ်တယ် လို့ ယူဆ ရပါတယ်။
မစ္စတာ အယ်လ်ဒူရီ သေဆုံးတဲ့ သတင်းကို ဘီဘီစီ အနေနဲ့ အီရတ် အစိုးရ ဆီ က တိုက်ရိုက် အတည်ပြုမှု မရသေး ပေမယ့် သေဆုံးကြောင်း ဓာတ်ပုံ တွေ နဲ့ အသေးစိတ် အချက်အလက် တွေ ကတော့ အတော်လေး ပျံ့နှံ့ နေပါတယ်။
အခုဆိုရင် ဒီ သတင်းကို အတည် ပြု နိုင်ဖို့ DNA စစ်ဆေး မှု တွေ ပြုလုပ် သွားမယ် ဆိုပြီး အီရတ် အစိုးရ အရာရှိ တွေက ပြောပါတယ်။
တခါ၊ အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက် မှာ နေရာ အနှံ့ ဗုံးတွေ ဆက်တိုက် ဆိုသလို ပေါက်ကွဲ ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၃၀ သေဆုံး သွားပါတယ်။
လူနေ ထူထပ် တဲ့ နေရာတွေ ကို ပစ်မှတ်ထား တိုက်ခိုက် ခံခဲ့ ရတာ ဖြစ်ပြီး၊ လေဟာပြင် စျေး တစ်ခု အနီး ပေါက် ကွဲမှု အတွင်း အသေအပျောက် အများဆုံး ဖြစ်ခဲ့ပါတယ်။
အီရတ် မြောက်ဘက်ပိုင်း ကာ့ဒ် မျိုးနွယ်စု တွေ ရဲ့ မြို့တော် အယ်ရ်ဘီးလ် မှာလည်း၊ အမေရိကန် ကောင်စစ်ဝန် ရုံး အနီး ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့ပြီး အနည်းဆုံး လူတစ်ဦး သေဆုံး သွားပါတယ်။




