IS တွေ လက်ထဲက နယ်မြေ လေးပုံတစ်ပုံ ပြန်သိမ်းနိုင်

ဓာတ်ပုံ ရင်းမြစ်, AFP
အီရတ် နိုင်ငံမှာ မနှစ်က သြဂုတ်လက အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့က သူတို့ သိမ်းပိုက် ထားတဲ့ နယ်မြေတွေရဲ့ လေးပုံ တစ်ပုံကျော်ကို လက်လွှတ် ခဲ့ရတယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရသူ တစ်ဦးက ဆိုပါတယ်။
IS အဖွဲ့ရဲ့ ကျရှုံးချိန် ရောက်ပြီလို့ ပြောဖို့ စောသေး ပေမယ့် အမေရိကန် တို့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ မြေပြင်က အီရတ် တပ်ဖွဲ့တွေက IS အဖွဲ့ကို ထိခိုက် ပျက်စီး စေခဲ့တာ သံသယ ဖြစ်ဖွယ် မရှိကြောင်း အဲဒီ ပြောခွင့်ရသူ ဗိုလ်မှူးကြီး Steve Warren က ပြောပါတယ်။
အမေရိကန် နိုင်ငံကို ရောက်ရှိနေတဲ့ အီရတ် ဝန်ကြီးချုပ်နဲ့ သမ္မတ အိုဘားမားတို့ ဝါရှင်တန်မှာ တွေ့ဆုံဖို့ ရှိနေချိန်မှာ အခုလို ပင်တဂွန်ရဲ့ ပြောဆိုမှု ထွက်ပေါ် လာတာပါ။
IS အဖွဲ့ အပေါ် အမေရိကန်တို့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ထပ်တိုး ပြုလုပ် စေချင်တယ်လို့ အီရတ် ဝန်ကြီးချုပ် Haider al-Abadi က အမေရိကန်ကို မထွက်ခွာမီ ပြောခဲ့ပါတယ်။




