တီကရစ်မြို့ ကိုပြန်လည်သိမ်းပိုက်နိုင်ပြီ

_tikrit_iraq_
ဓာတ်ပုံ ပုံစာ, အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီ

အီရတ် နိုင်ငံ က တီကရစ်မြို့ ကို အိုင်အက်စ် အစ္စလမ်မစ် လက်နက်ကိုင် အဖွဲ့လက် က ပြန်လည်သိမ်းပိုက် နိုင်အောင် တလကြာ စစ်ဆင်ရေး ဆင်နွှဲခဲ့ရာမှ အခုတော့ အောင်ပွဲ ရခဲ့တဲ့ အကြောင်း အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီ က ကိုယ်တိုင် စစ်သားတွေ ဝန်းရံယင်း အီရတ် အလံ လွှင့်ထူပြီး မြို့ထဲ ဝင်လာခဲ့ပါတယ်။

အစိုးရ အနေနဲ့ အရင်ဆုံး လုပ်ရမဲ့ အလုပ်တွေ က မြို့တွင်း က မြေမြုပ်မိုင်းတွေ ၊ ကားဗုံးတွေ ကို ရှာဖွေ ရှင်းလင်းပစ်ရမှာပါ။ ပြီးမှ မြို့ ကို ပြန်လည်တည်ဆောက်ရေး လုပ်ငန်း စတင်ရမှာပါ။ နောက်ပြီး မြို့နယ် ရဲအဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး နယ်မြေလုံခြုံရေး ကို ပြန်လည် တာဝန်ယူဖို့လည်း အမိန့်ထုတ်လိုက်ပါပြီ။ ဒါမှပဲ နေရပ်စွန့်ခွာ ထွက်ပြေးကြတဲ့ လူတွေ ပြန်လာနိုင်ကြမှာပါ လို့ ဝန်ကြီးချုပ် က ပြောသွားတာပါ။

အီရတ် အစိုးရ အနေနဲ့ အိုင်အက်စ် အစ္စလမ်မစ် လက်နက်ကိုင် အဖွဲ့လက် က တီကရစ် ကို ပြန်လည် သိမ်းပိုက်နိုင်တဲ့ စစ်ဆင်ရေး ဟာ အိုင်အက်စ် ခုခံရေး အပိုင်းမှာ အရေးပါဆုံးဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ က စတင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲ ကို တပ်ဖွဲ့ဝင်ပေါင်း သုံးသောင်း ပါဝင်တဲ့ အနက် အီရန် က တော်လှန်ရေး အစောင့်တပ်ကူ တွေ လည်း ပါဝင်ခဲ့ပါတယ်။ ပထမ သီတင်း နှစ်ပတ် မှာတော့ ဒီတပ်ဖွဲ့တွေ ဟာ အိုင်အက်စ် တွေ ကို တွန်းလှန်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ရှေ့မတိုးနိုင်တော့ပါဘူး။ ဒီအခါမှာ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း စစ်ဆင်ရေး နဲ့ စစ်ကူတဲ့ အခါကျမှာ အိုင်အက်စ် တွေ မြို့တွင်းက ဆုတ်ခွာခဲ့တာပါ။

အီရတ်ပြည်ထဲရေး ဝန်ကြီး မိုဟာမက် အယ်လ်ဂါဘန် ကလည်း လာမဲ့ နာရီပိုင်း အတွင်း မှာ မြို့တခုလုံး ကို လက်ဝယ်သိမ်းပိုက်နိုင်ပါပြီ လို့ ဆိုပါတယ်။ အခု ပစ်ခတ်သံတွေ ကြိုကြား ထွက်ပေါ်နေတာ ကတော့ ဆင်ခြေဖုံးအရပ်တွေ မှာ ဖြစ်တဲ့ အတွက် မကြာခင် ရှင်းထုတ် နိုင်မဲ့ အကြောင်း၊ ရန်သူ ဘက်ကတော့ လုံးဝ အရေးရှုံးနိမ့် သွားပြီး စိတ်ဓါတ်အရရော စစ်ရေး အရပါ အရှုံးပေးလိုက်ရပါပြီ လို့ ပြောသွားတာပါ။

တီကရစ်မြို့ ဟာ ပြီးခဲ့တဲ့ နှစ် ဇွန်လ က အိုင်အက်စ် တို့ လက်အောက်ကျခဲ့တာပါ။ ဒါကြောင့်မို့ အီရတ် အစိုးရ အနေနဲ့ အိုင်အက်စ် တို့ လက်ထဲက ဒုတိယ မြို့တော် မူဆူးလ် ကို ပြန်လည် သိမ်းပိုက်နိုင်အောင် လုပ်ပြီးမှသာ အိုင်အက်စ်တွေ ကို အီရတ် က အပြီးတိုင် တိုက်ထုတ်နိုင်ပြီ လို့ ပြောနိုင်မဲ့ အကြောင်း ဘီဘီစီ အရှေ့အလယ်ပိုင်း ဆိုင်ရာ သတင်းထောက် က သတင်းပေးပို့လိုက်ပါတယ်။