တိကရစ် မြို့က ရှီအာ တပ်တွေ ပြန်ဆုတ်

ဓာတ်ပုံ ရင်းမြစ်, AP
အီရတ် နိုင်ငံ တိကရစ် မြို့ကို IS တွေ လက်က ပြန်သိမ်းပိုက်ရာမှာ ပါတဲ့ ရှီအာ စစ်သွေးကြွ တွေ အဲဒိ မြို့က ပြန်ဆုတ်နေပြီလို့ သိရပါတယ်။
မြို့ကို အရင်ပတ်က ပြန်သိမ်း ပြီးနောက် မြို့ထဲမှာ ကားတွေ လုခံရပြီး အစိုးရ အဆောက်အအုံတွေလည်း ဖျက်ဆီး ခံနေရတယ်လို့ တိကရစ်မြို့ခံ တွေက ပြောပါတယ်။
လုတဲ့ ယက်တဲ့ ထဲမှာ ဒီ ရှီအာ စစ်သွေးကြွ တွေ ပါတယ်လို့ သူတို့က ပြောပါတယ်။
ဒါပေမဲ့ အီရတ် အစိုးရကတော့ သူတို့ နဲ့ မပူးပေါင်းတဲ့ ဒေသခံ ဆွန်နီ တပ်သား တွေကို အပြစ်တင် ခဲ့ပါတယ်။
အီရတ် အစိုးရ ရဲ့ သတင်းမီဒီယာ အကြံပေး Saif Alhakim ကတော့ လုယက်မှုတွေ ရှိတယ် ဆိုတာကို ငြင်းဆို ခဲ့ပါတယ်။
မြို့ထဲက အိမ်တွေ ဆိုင်တွေရဲ့ ၈ဝ ရာခိုင်နှုန်း နဂို အတိုင်း ရှိပြီး ကျန်တဲ့ အိမ်တွေကို ဟင်းလင်း ဖွင့်ထားတာပဲ တွေ့ရတယ်လို့ Alhakim က ပြောပါတယ်။
တိကရစ် မြို့ထဲမှာ လုယက်သူ မှန်သမျှ ဖမ်းဆီးဖို့ အီရတ် ဝန်ကြီးချုပ် Haider al-Abadi က အမိန့်ထုတ် ထားပါတယ်။




