သေဒဏ်စီရင်မှု ပြန်လည် မကျင့်သုံးဖို့ ကုလ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်,
ပါကစ္စတန် အစိုးရ အနေနဲ့ သေဒဏ် စီရင်မှုကို ပြန်လည် မကျင့်သုံးဖို့ ပါကစ္စတန် နိုင်ငံထဲက ကုလသမဂ္ဂ လူ့ အခွင့်အရေး ဆိုင်ရာ ရုံးက တိုက်တွန်း လိုက်ပါတယ်။ သေဒဏ် စီရင်ခြင်းနဲ့ အကြမ်းဖက် ဝါဒကို တိုက်ဖျက် နိုင်မှာ မဟုတ်ပဲ၊ လက်တုန့်ပြန် ဂလဲ့စားချေမှု သံသရာပဲ လည်လာ နိုင်စေတယ် ဆိုပြီး ကုလသမဂ္ဂ က ဆိုပါတယ်။
နောက်လာမယ့် ရက် အနည်းငယ်အတွင်း၊ ကွပ်မျက်ခံရဖို့ ရှိတဲ့ ပါကစ္စတန် အကျဉ်းသားတွေ ထဲမှာ ကြံရွယ်ချက်မရှိပဲ လူသေစေခဲ့မှုနဲ့ ပြစ်ဒဏ်ချမှတ် ခံထားရတဲ့ ရှားဖ်ခတ် ဟူစိန် ဆိုသူလည်း ပါဝင်ပါတယ်။
သူ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ခုံရုံးက အပြစ်ရှိတယ် ဆိုပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က ဆုံးဖြတ် ခဲ့တုန်းက မစ္စတာ ဟူစိန်ဟာ အသက် ၁၄ နှစ် အရွယ်ပဲ ရှိပါသေးတယ်။
မစ္စတာ ဟူစိန် အပေါ် နှိပ်စက် ညှင်းပမ်းပြီး အပြစ်ရှိကြောင်း ဝန်ခံ ထွက်ဆို ခိုင်းထားတာ ဖြစ်တယ် ဆိုပြီး၊ ယူကေအခြေစိုက် လူ့အခွင့်အရေး အဖွဲ့ Reprieve က ပြောထားပါတယ်။
ပါကစ္စတန် အစိုးရ ကတော့ ပက်ရှ်ဝါကျောင်း အကြမ်းဖက် ခံခဲ့ရပြီးတဲ့ နောက်ပိုင်း သေဒဏ် ချခံ ထားရသူ တွေကို ကွပ်မျက်တာတွေ ပြန်လည် စတင်လာပါတယ်။
လောလောဆယ် အကျဉ်းသား ၂ ဦးကို ကွပ်မျက်ခဲ့ပြီး ဖြစ်ပါတယ်။ အကြမ်းဖက် လက်နက်ကိုင်တွေ အဖြစ် သေဒဏ် ချခံ ထားရသူတွေကို လာမယ့် ရက်တွေ ထဲမှာ ကွပ်မျက် သွားဦးမှာ ဖြစ်တယ်လို့ ပါကစ္စတန် အစိုးရ က ပြောထားပါတယ်။




