အကြမ်းဖက်မှုတွေကို အမြစ်ဖြတ်ဖို့ ပါကစ္စတန် ဝန်ကြီးချုပ် ကတိပြု

စာသင်ခန်း တစ်ခုကနေ တစ်ခု ကူးပြီး ပစ်ခတ် သတ်ဖြတ်မှုကို ခံခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, စာသင်ခန်း တစ်ခုကနေ တစ်ခု ကူးပြီး ပစ်ခတ် သတ်ဖြတ်မှုကို ခံခဲ့ရ

ပါကစ္စတန် နိုင်ငံ ပက်ရှ်ဝါ ဒေသမှာ အင်္ဂါနေ့က စစ်တပ်ပိုင် ကျောင်းကို တာလီဘန်တွေ ဝင်တိုက်ခဲ့လို့ ကျောင်းသား ၁၃၂ ဦးနဲ့ ပညာရေး ဝန်ထမ်း ၉ ဦး သေဆုံး ခဲ့ရပြီးနောက် နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ် စေရမယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် နဝါ့ဇ် ရှရစ်ဖ်က ကတိပြု ပြောဆို လိုက်ပါတယ်။

တစ်နိုင်ငံလုံးကို ဒေါသ ထွက်စေခဲ့တဲ့ ဒီ တိုက်ခိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပါတီတွေနဲ့ အရေးပေါ် တွေ့ဆုံ ဆွေးနွေး အပြီးမှာ ဝန်ကြီးချုပ် နဝါ့ဇ် ရှရစ်ဖ်က အခုလို ပြောလိုက်တာပါ။

ဝန်ကြီးချုပ် နဝါ့ဇ် ရှရစ်ဖ်က ဒီ အစုလိုက် သတ်ဖြတ်မှု အပေါ် ဝမ်းနည်း အမှတ်ရဖို့ အတွက်လည်း ၃ ရက် သတ်မှတ် ကြေညာ လိုက်ပါတယ်။

အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး သေဒဏ် ချမှတ်မှုကို ဆိုင်းငံ့ ထားခဲ့တာကိုလည်း ဝန်ကြီးချူပ် ရှရစ်ဖ်က ပြန်လည် အသက်ဝင်စေ လိုက်ပါတယ်။

တာလီဘန် အကြမ်းဖက် သမားတွေဟာ စာသင်ခန်း တစ်ခုကနေ နောက်တစ်ခုကို ကူးပြီး ကျောင်းသားတွေကို ပစ်ခတ် သတ်ဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။

မြေပေါ်မှာ သွေးချောင်း စီးပြီး နံရံတွေပေါ်မှာ ကျည်ဆန်ရာ အပြည့်နဲ့ ကျောင်းအတွင်း မြင်ကွင်း ဓာတ်ပုံတွေက ဒီတိုက်ခိုက်မှုရဲ့ အလွန်အမင်း ရက်စက် ကြမ်းကြုတ်ပုံကို ဖော်ပြ နေပါတယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေ ကလည်း ဒီ အကြမ်းဖက်မှုကို ဝိုင်းဝန်း ရှုတ်ချ ခဲ့ကြသလို အာဖဂန် နစ္စတန်က တာလီဘန် အဖွဲ့ကတောင် ဒီတိုက်ခိုက်မှုအပေါ် ဝေဖန် ခဲ့ပါတယ်။