ဇန်နဝါရီ ၂၆ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
‘‘မြန်မာ့ရွေးကောက်ပွဲကနေ တက်လာမယ့် ဘယ်သူ့ကိုမဆို ထောက်ခံတယ်’’ လို့ တရုတ်နိုင်ငံခြားရေး ပြောခွင့်ရသူက စစ်ကော်မရှင်ဦးစီးတဲ့ အပိုင်း ၃ ပိုင်းနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး တရုတ်သဘောထားကို ထုတ်ပြောလာတဲ့သတင်းအပါအဝင် ဇန်နဝါရီလ ၂၆ ရက်နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို ဖတ်ရှုနိုင်ပါတယ်။
ဇန်နဝါရီ ၂၆ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, La Pyae
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာလူငယ်နှစ်ဦးကို စစ်ဆေးချိန် သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရခဲ့တဲ့ ထိုင်းရဲတပ်ကြပ်ကြီးကို ပစ်ခတ်ခဲ့တဲ့မြန်မာလူငယ်တွေရဲ့မိသားစုဝင်တွေက ဆေးရုံမှာ သွားရောက်တောင်းပန်ခဲ့ကြပါတယ်။
ဖမ်းဆီးခံထားရတဲ့မြန်မာလူငယ်နှစ်ယောက်ရဲ့ ဇနီးနဲ့ ကလေးတွေက ထိုင်းရဲအရာရှိကို လူနာသတင်းမေးရင်း သွားရောက် တောင်းပန်ခဲ့တာလို့ သိရပါတယ်။
မဲဆောက်မြို့၊ မဲကုတိုက်နယ်မှာ မြန်မာလူငယ် လက်နက်သယ်ဆောင်သူ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီးဖို့လုပ်ချိန် လူငယ်တစ်ဦးက ပြန်လည်ပစ်ခတ်လို့ ထိုင်းရဲအရာရှိ ၁ ဦး သေနတ်ကျည်ထိမှန်ပြီး ဆေးရုံတက်ခဲ့ရတာပါ။
‘‘ထိုင်းရဲအရာရှိကတော့ ထိုင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားတိုင်းကို မုန်းတီးတာမျိုးမဟုတ်ပဲ ပြစ်မှုကျူးလွန်တဲ့သူတွေကိုပဲ အရေးယူတာဖြစ်တဲ့အကြောင်း ရှင်းပြတယ်။ အခြေအနေတွေကို သူနားလည်ကြောင်း ပြောတယ်။ နောက်ပြီး မြန်မာပြည်သူတွေအနေနဲ့ သူ့ကို ပံ့ပိုးကူညီဆုတောင်းပေးသလိုမျိုး၊ အချုပ်ကျနေတဲ့ ညီငယ်တွေနဲ့ အပြင်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ ကလေးတွေကို ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ကိုလည်း သူတိုက်တွန်းတယ်။ လှမ်းမှားရောက်တဲ့လူငယ်တွေကို ဝိုင်းဝန်းပြီး ဖေးမ စောင့်ရှောက်ကြဖို့ကိုလည်း သူက ပြောတယ်။’’ လို့ သတင်းမေးရာမှာ ပါဝင်တဲ့ ကိုလပြည့်က ဘီဘီစီကို ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ထိုင်းရဲအရာရှိဟာ ဘယ်ဘက်အူလမ်းကြောင်းကို ထိခိုက်ပြီး ခွဲစိတ်ကုသယူခံခဲ့ရပေမဲ့ အခုတော့ စိတ်ချရတဲ့အခြေအနေရောက်ပြီလို့ သိရတဲ့အကြောင်းလည်း ကိုလပြည့်က ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဝင်ကို ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံရတဲ့ ကိုနိုင်လင်းအောင်နဲ့ ကိုမင်းဇော်စိုးတို့ဟာ လက်ရှိမှာ မဲဆောက် အချုပ်ထောင်ကို ရောက်နေပါတယ်။
ကိုနိုင်လင်းအောင်ဟာ ဇန်နဝါရီလ ၂၀ ရက် ပစ်ခတ်မှုဖြစ်အပြီးမှာ ထွက်ပြေးတိမ်းရှောင်ခဲ့တာကြောင့် သူ့ကို ကရင်အမျိုးသား အစည်းအရုံး (KNU) က ဖမ်းဆီးပြီး ထိုင်းအာဏာပိုင်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။
ကိုနိုင်လင်းအောင်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်ရဲ့ လက်အောက်ကို ရောက်သွားတဲ့ ကော်ဘရာစစ်ကြောင်းက ရဲဘော်ဟောင်းတစ်ဦးဖြစ်ပါတယ်။
ပစ်ခတ်မှုဖြစ်ချိန် ဆိုင်ကယ်မောင်းခဲ့သူ ကိုမင်းဇော်စိုးကိုတော့ ထိုင်းရဲတပ်ဖွဲ့က ကနဦး ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ ဒီမြန်မာအမျိုးသားတွေဟာ စားဝတ်နေရေးအခက်အခဲနဲ့ ငွေကြေးလိမ်လည်ခံရတာတွေကြောင့် လက်နက်သယ်တဲ့အလုပ်ကို လုပ်ဖြစ်သွားတာဖြစ်ပြီး အခုလို ရဲနဲ့ပစ်ခတ်မှုဖြစ်တဲ့အထိ ဦးတည်စေခဲ့တာလို့ မိသားစုဘက်က ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန
မြန်မာ့ရွေးကောက်ပွဲကတဆင့် တက်လာမယ့်သူထဲ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို ခိုင်ခိုင်မာမာလုပ်နိုင်မယ့် ဘယ်သူ့ကိုမဆို ထောက်ခံတယ်လို့ တရုတ်ဘက်က ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မြန်မာမှာ မနေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့သဘောထားကို သတင်းထောက်တွေက မေးမြန်းချိန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဂို ကျားခွန်းက အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။
မြန်မာ့အခြေအနေကို မြန်မြန် ဖြေရှင်းနိုင်မယ့်သူတွေကို တရုတ်က ထောက်ခံမယ်လို့ ထည့်ပြောပါတယ်။
‘‘တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ သက်ဆိုင်ရာအာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတွေ လွှတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ချောမွေ့ခဲ့တာ တွေ့ရပါတယ်။ မဲထည့်ကြသူတွေလည်း ရှိပါတယ်။ ဒါကိုလည်း တရုတ်ဘက်က ဂုဏ်ပြုကြောင်းပြောလိုပါတယ်’’ လို့ သူက ပြောပါတယ်။
မြန်မာလူထုရဲ့ရွေးချယ်မှုကို လေးစားကြောင်းပြသဖို့ မြန်မာ့တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်က နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စိတ်ဆန္ဒရှိတဲ့အကြောင်းကိုလည်း သူက ပြောသွားပါတယ်။
တရုတ်ဟာ မြန်မာ့အရေးမှာ နေပြည်တော်ဘက်ကရပ်တည်တဲ့အကြောင်း လူသိရှင်ကြား ထုတ်ပြောတာမရှိခဲ့ပါဘူး။
ဒါပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်အပြီး ၃ နှစ်နီးပါးကြာရောက်မှ ဘေကျင်းနဲ့ နေပြည်တော်ကြား ဆက်ဆံရေး နီးနီးကပ်ကပ်ရှိလာတယ်ဆိုတာကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့နေပြည်တော်ခရီးစဉ်၊ စစ်ခေါင်းဆောင်ရဲ့ ကူမင်းခရီးစဉ်၊ အဲဒီနောက် ဘေကျင်းခရီးစဉ်တွေက သက်သေပြနေပါတယ်။
မြန်မာနိုင်ငံထဲမှာ ဒေါ်လာသန်းထောင်ချီတန်တဲ့ စီမံကိန်းကြီးတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားတွေရှိနေတဲ့ တရုတ်ဟာ မြန်မာက သူ့အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံတိုင်းမှာ တိုက်တွန်းလေ့ရှိပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုအလွန် တရုတ် -မြန်မာ ဆက်ဆံရေးမှာ အခရာကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းကတော့ မြန်မာ့ရွေးကောက်ပွဲဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ တွေ့ဆုံသဘောတူညီချက်တွေကနေ မြစ်ဖျားခံတယ်လို့ ရွေးကောက်ပွဲပထမပိုင်းစောင့်ကြည့်မှုအပြီး လေ့လာသူတွေရဲ့တွေ့ဆုံပွဲမှာ ထည့်ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက်လာသလို ပြည်တွင်းရွှေစျေးကလည်း ၁၆ ပဲရည် တစ်ကျပ်သားကို ပြင်ပပေါက်စျေး ၁၀၆ သိန်းရှိလာတယ်လို့ ရန်ကုန်မြို့၊ ရွှေဘုံသာလမ်းမှာရှိတဲ့ ရွှေကုန်သည်စျေးကွက်ဆီက သိရှိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၆ ရက်ညနေပိုင်းမှာ ကမ္ဘာ့ရွှေစျေးက တစ်အောင်စကို ၅,၀၉၁ ဒေါ်လာဖြစ်လာပြီး မြန်မာ့ ရွှေစျေးလည်း ၁၆ ပဲရည် တစ်ကျပ်သား ၁၀၆ သိန်းအထိ အမြင့်ဆုံးစံချိန်တင်တက်လာတာ ဖြစ်ပါတယ်။
''စျေးက ထိုးတက်နေတော့ ပြည်တွင်းရွှေစျေးကွက်က အတော်ကို အရောင်းအေးသွားတယ်။ ဝယ်သူမရှိသလောက်ပေါ့။ ရွှေစျေးတက်လို့ ပြန်လာရောင်းတာတွေ များနေတယ်'' လို့ ရွှေဘုံသာလမ်းက ရွှေကုန်သည်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၆ လအတွင်း မြန်မာမှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၈၀ ကျော်စျေး ရှိခဲ့ပါတယ်။ အခုနှစ် နှစ်စပိုင်းမှာ ကမ္ဘာ့ရွှေစျေးတရိပ်ရိပ်မြင့်တက်လာတာကြောင့် ပြည်တွင်းရွှေစျေးဟာ ဇန်နဝါရီ ၂၀ ရက်နောက်ပိုင်းကစလို့ ပြင်ပပေါက်စျေး ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ်သိန်း တစ်ရာအထိ ဖြစ်ခဲ့ပါတယ်။
အခု ဇန်နဝါရီလနှောင်းပိုင်းမှာတော့ တစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်အထိ ဖြစ်လာတာပါ။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီကနေ့ တရားဝင်ပေါက်စျေးမှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၆၀ နဲ့ စျေးဖွင့်ထားပါတယ်။
တစ်ဖက်မှာလည်း သမ္မတထရမ့်ကြောင့် ကမ္ဘာ့ရွှေစျေး ကသောင်းကနင်း ဖြစ်ကုန်ကြောင်း ကမ္ဘာ့စီးပွားရေးသတင်းမီဒီယာတွေက ရေးပါတယ်။
အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းလာတာ၊ အမေရိကန်ရဲ့ဘဏ်တိုးနှုန်းတွေ လျှော့ချထားတာနဲ့ ကမ္ဘာ့စစ်ရေးအခြေအနေတွေကြောင့် ကမ္ဘာ့ရွှေစျေး စံချိန်တင်မြင့်တက်လာတယ်လို့ သိရပါတယ်။
မြန်မာမှာတော့ ကမ္ဘာ့ရွှေစျေးတက်တာအပြင် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေစျေးကွက် မတည်ငြိမ်မှုကြောင့် ရွှေနဲ့ အိမ်ခြံမြေတွေမှာ ရင်းနှီးမြှုပ်နှံသူပိုများပြီး ရွှေဝယ်ယူရင်းနှီးမြှုပ်နှံသူများတာကတဆင့် ရွှေစျေးကလည်း အတက်ဘက်မှာ ရှိနေတာလို့ စီးပွားရေးပညာရှင်တချို့က သုံးသပ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UWSA
"ဝ"ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ရဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသ မိုင်းကျွတ်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်တစ်ဦးက ဖခင်ဖြစ်သူကို သတ်ကာ အလောင်းကို မီးရှို့တဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ''ဝ'' ဒေသတွင်းသတင်းတွေကို ဖော်ပြတဲ့ Wa News Land က ရေးပါတယ်။
Wa News Land ရဲ့ အခုသတင်း ဖော်ပြမှုမတိုင်ခင် မနေ့တုန်းကတော့ ''ဝ'' ဒေသမှာ "လူသားကို မီးဖုတ်စားတဲ့ လူတစ်ဦးကို ဖမ်းမိ'' ဆိုတဲ့သတင်းတစ်ပုဒ်ကို ပြည်တွင်းက သတင်းဌာနတစ်ခုက တင်ခဲ့ပြီးနောက် အဲဒီသတင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
အဲဒီနောက်မှာ "ဝ" တပ် ပြောခွင့်ရ ဦးညီရန်းက ပြည်တွင်းသတင်းဌာနတစ်ခုက တင်ခဲ့တဲ့ အဲဒီရေးသားချက်က သတင်းအမှားဖြစ်ကြောင်းနဲ့ အဲဒီလိုဖြစ်စဥ်လုံးဝမရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
''ဖြစ်စဥ်အမှန်က စိတ်ကျန်းမာရေး မကောင်းတဲ့သူတစ်ဦးက သူ့မွေးစားဖခင်ကို သတ်ပြီး မီးရှို့ခဲ့တာမှန်ပေမဲ့ လူသားစားတဲ့ဖြစ်စဥ် လုံးဝမရှိခဲ့ပါ”လို့ ဦးညီရန်းက ရေးထားပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံထားရသူကို "ဝ"ပြည်နယ် ဥပဒေအရ ထိရောက်တဲ့ တရားစီရင်မှုနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ် ဦးဆောင်ကျင်းပတဲ့ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းစလုံး ပြီးဆုံးပြီဖြစ်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်အပြီး ပြည်တွင်းစစ်ဖြစ်နေချိန်မှာကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ထောင်ချီမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။
ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် နာဂ၊ မွန်၊ ရှမ်းနဲ့ ပအိုဝ်းစတဲ့ တိုင်းရင်းသားပါတီတွေ ၅ နေရာထက်မနည်းစီ ရရှိထားပါတယ်။
ဒါပေမဲ့ စစ်တပ်က အမတ်လောင်းတွေ စေလွှတ်ခဲ့ပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေ ထိပ်ပိုင်းမှာ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ ပြည်သူ့လွှတ်တော်အတွက် အမတ်နေရာတွေကို အပြတ်အသတ် အနိုင်ရရှိထားပါတယ်။
မနေ့က မြို့နယ်ပေါင်း ၆၀ ကျော်မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ အပိုင်း ၃ အတွက် မဲတွေကို ရေတွက်နေတုန်းဖြစ်ပေမဲ့ ကနဦး မဲရလဒ်တွေအရ ကြံ့ခိုင်ရေးအမတ်လောင်းတွေကပဲ အနိုင်ရနေတာကို ပြသနေပါတယ်။
စစ်တပ်ရွေးကောက်ပွဲ ၂၀၂၅ မြေပုံအညွှန်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မဲရလဒ်တွေကို ဘီဘီစီ မြန်မာပိုင်း အင်တာနက် စာမျက်နှာမှာ ဖြည့်စွက်ဖော်ပြပေးနေပါတယ်။
ဒီလင့်ခ် ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


ဓာတ်ပုံ ရင်းမြစ်, CINCDS
ကမ္ဘောဒီးယားနိုင်ငံက အွန်လိုင်းလိမ်လည်နဲ့ လောင်းကစားလုပ်ငန်းတွေ (ကျားဖြန့်) မှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာနိုင်ငံသား ၅၆၆ ဦးကို ဒီနှစ် ဇန်နဝါရီလအတွင်း ပြန်လည် ခေါ်ယူခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
ပြန်လည်ခေါ်ယူခဲ့သူတွေဟာ မြန်မာသံရုံးကို ကိုယ်တိုင်ဆက်သွယ်လာသူတွေ၊ ကမ္ဘောဒီးယားရဲနဲ့ ဌာနဆိုင်ရာက လွှဲအပ်လာသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြဝတီမြို့နယ်အတွင်းက ကျားဖြန့်လုပ်ကိုင်တဲ့နေရာတွေကို နိုင်ငံတကာဖိအားကြောင့် ဖြိုခွင်းခံရချိန်မှာ ဒီလုပ်ငန်းတွေဟာ ကမ္ဘောဒီးယားဘက်ရွှေ့ပြောင်းခဲ့ကြတယ်လို့ ပြီးခဲ့တဲ့လတွေအတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
အခုတော့ ကမ္ဘောဒီးယားမှာလည်း ဗြိတိန်၊ အမေရိကန်နဲ့ တရုတ်တို့ပါဝင်တဲ့ ကျားဖြန့်နှိမ်နင်းမှုတွေ ခပ်စိပ်စိပ် ထွက်လာချိန်မှာ အဲဒီက ကျားဖြန့်တွေဆီကို ရောက်နေတဲ့ မြန်မာတွေကို ပြန်ခေါ်ယူမှု ဖြစ်လာတာပါ။
ကမ္ဘောဒီးယား ကျားဖြန့်ရောက် မြန်မာနိုင်ငံသားတွေကို ဇန်နဝါရီ ၂၃ ရက်ကနေ ၂၅ ရက်အတွင်း စစ်ကော်မရှင်က ပြည်တွင်းကို ပြန်ခေါ်ခဲ့တာဖြစ်ပါတယ်။
ပထမအသုတ်မှာပါလာတဲ့ ၁၃၆ ဦးနဲ့ ဒုတိယအသုတ် ၅၀ ဦးကို မန္တလေးလေဆိပ်၊ တတိယအသုတ် ၁၉၀ ဦးနဲ့ စတုတ္ထအသုတ် ၁၉၀ ဦးကို စစ်တပ်လေယာဥ်နဲ့ မြိတ်မြို့ကို စစ်တပ်က ခေါ်လာခဲ့တာပါ။
ပြန်လည်ရောက်ရှိလာသူတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့မှတ်တမ်းတွေကို ကောက်ယူပြီး စစ်ဆေးကာ လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။
ကျားဖြန့်လုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်သူအများစုဟာ လူငယ်ပိုင်းအရွယ် အများစုဖြစ်ကြပါတယ်။
ကမ္ဘောဒီးယားမှာ ကျန်နေသေးတဲ့ နိုင်ငံသားတွေကို အမြန်ဆုံးပြန်လည်ခေါ်ဆောင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Family handout
မင်နီယာပိုလစ်မြို့မှာ ဖယ်ဒရယ်တပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်တာကို ခံခဲ့ရသူဟာ အသက် ၃၇ နှစ်အရွယ် အထူးကြပ်မတ်ကုသဆောင် သူနာပြု အဲလက်စ် ပရက်တီ ဖြစ်တယ်လို့ သူ့မိသားစုက အတည်ပြုပြောပါတယ်။
သူဟာ တောင်တက် စက်ဘီးနင်းတာ ဝါသနာပါပြီး အပြင်ထွက် လှုပ်ရှားသွားလာလေ့ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလ အစောပိုင်းက အသက် ၃၇ နှစ်အရွယ် ရီနီး ဂွတ်ဒ် ဆိုသူအမျိုးသမီး သူ့ကားထဲမှာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် (ICE) အဖွဲ့ ရဲ့ ပစ်သတ်တာခံခဲ့ရအပြီးမှာ အဲလက်စ် ပရက်တီက ဆန္ဒပြပွဲတွေမှာ ပါဝင်လာခဲ့တာလို့ သိရပါတယ်။
သူသေဆုံးခါနီး ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ပြောဆိုမှုတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။
အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန (DHS) က အခင်းဖြစ်ချိန်မှာ အဲလက်စ် ဟာ သေနတ်တစ်လက် ကိုင်ထားတယ်လို့ ဆိုပြီး သူ့ဆီက သေနတ်သိမ်းယူဖို့ လုပ်တာကို မပေးဘဲ ခုခံခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြောဆိုချက်တွေဟာ မမှန်ဘူး ဆိုပြီး မျက်မြင်သက်သေတချို့နဲ့ တာဝန်ရှိသူတွေကရော အဲလက်စ် ပရက်တီရဲ့ မိသားစုကပါ ပြောနေကြပါတယ်။
အပြည့်အစုံကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ပါတီ
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် အနိုင်/ အရှုံး မဲရလဒ် အဆုံးအဖြတ်ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က တရားဝင်ထုတ်ပြန်မှသာ အတည်ဖြစ်မယ်လို့ အဲဒီမဲဆန္ဒနယ်အတွက် ဝင်ပြိုင်တဲ့ အမတ်လောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။
ကနဦးရလဒ်တွေအရ ကြိုတင်မဲတွေကြောင့် ဦးကိုကိုကြီးဟာ USDP ပါတီအမတ်လောင်းကို ရှုံးနေတယ်လို့သတင်းတွေ ထွက်ပေါ်နေချိန်မှာ တရားဝင်အတည်ပြုမဲရလဒ်ကိုသာ စောင့်ကြည့်ဖို့ ဆိုပြီး သူက တုံ့ပြန်ပါတယ်။
“တရားဝင်ထုတ်တာကို တစ်ချက်စောင့်ကြည့်ရမှာဖြစ်တယ်။ မဲရလဒ်တွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲအပြီးမှာ ပါတီရဲ့ သဘောထားကိုလည်း စာနဲ့ထုတ်ပြန်မှာပါ” လို့ ဦးကိုကိုကြီးက ပြောပါတယ်။
မနေ့က ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ လမ်းမတော်မြို့နယ်မှာ မဲရုံ ၂၂ ရုံ ဖွင့်ခဲ့ပြီး မနေ့ညပိုင်း မဲရေတွက်ပြီးတဲ့မဲရုံအချို့မှာ ဦးကိုကိုကြီးဟာ ကြိုတင်မဲကြောင့် USPD ပါတီ အမတ်လောင်းကို ရှုံးနိမ့်တယ်လို့ သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် အမြင့်တက်သမား အဲလက်စ် ဟွန်နော့လ်ဒ်က လုံခြုံရေးကိရိယာတွေ မပါဘဲ ထိုင်ဝမ်မိုးမျှော်တိုက်ကြီးပေါ်ကို အောင်အောင်မြင်မြင် တက်နိုင်ခဲ့ပါတယ်။
သူတက်ခဲ့တဲ့ ထိုင်ဝမ် ၁၀၁ လို့ခေါ်တဲ့ မိုးမျှော်တိုက်ဟာ အထပ်ပေါင်း ၁၀၁ ထပ် ရှိပြီး ပေပေါင်း ၁,၆၀၀ ကျော်မြင့်မားပါတယ်။
ထိုင်ဝမ် ၁၀၁ မိုးမျှော်တိုက်ကို စနေနေ့မှာ တက်ဖို့ပြင်ဆင်ခဲ့ပေမဲ့ ရာသီဥတုကြောင့် ရက်ရွှေ့ခဲ့ ရတာပါ။
တနင်္ဂနွေနေ့မှာ ဟွန်နော့လ်ဒ်ဟာ မိုးမျှော်တိုက် ထိပ်ဆုံးကို ၁ နာရီ ၃၁ မိနစ်နဲ့ တက်နိုင်ခဲ့ပါတယ်။
ဒါဟာ ပထမ စံချိန်တင်ထားသူဖြစ်တဲ့ ပင့်ကူလူသားဆိုတဲ့ အမျိုးသားရဲ့စံချိန်ထက် ပိုမြန်တာပါ။
ပင့်ကူလူသားက ထိုင်ဝမ် ၁၀၁ ကို တက်ရောက်ဖို့ အချိန် ၄ နာရီကြာခဲ့တာဖြစ်ပါတယ်။
မိုးမျှော်တိုက်ထိပ်ဆုံးကို ရောက်သွားချိန်မှာတော့ ဟွန်နော့လ်ဒ်က ”မိုက်တယ်”လို့ သူ့ခံစားချက်ကို စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြခဲ့ပါတယ်။
ဟွန်နော့လ်ဒ်ရဲ့ ဇနီးသည်က တိုက်ပေါ်ကနေ ရင်တထိတ်ထိတ်နဲ့ စောင့်ကြိုနေခဲ့တာပါ။
ဟွန်နော့လ်ဒ်ဟာ ကယ်လီဖိုးနီးယားက ယိုဆီမီတီအမျိုးသားဥယျာဥ်ထဲမှာရှိတဲ့ ပေ ၃၀၀၀ အမြင့်ရှိ El Capitan ကျောက်ဆောင်ကို လုံခြုံရေးကိရိယာတွေမပါဘဲ ပထမဆုံးတက်ရောက်နိုင်သူအဖြစ်လည်း နာမည်ကြီးသူဖြစ်ပါတယ်။

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဥ်ပြိုင်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးဟာ ကြိုတင်မဲကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး (USDP) ပါတီ အမတ်လောင်းကို ရှုံးနေတယ်လို့ မနေ့ညပိုင်းမှာ ကနဦးသိထားရတဲ့အကြောင်း ပြည်သူ့ပါတီဘက်ကနေ ဆိုပါတယ်။
မဲရုံမဲက “ခု ဂဏန်းလောက်ပဲကွာတယ်” လို့ ဦးကိုကိုကြီးနဲ့ USDP ပါတီကိုယ်စားလှယ် ဦးရန်မျိုးအောင်သိန်းတို့အကြား မဲကွာဟချက်ကို ပြည်သူ့ပါတီအတွင်းရေးမှူး ဦးကျော်ကျော်ထွေးက ဘီဘီစီကို ပြောပါတယ်။
လမ်းမတော်မြို့နယ်မှာ မဲရုံပေါင်း ၂၂ ရုံ ဖွင့်လှစ်ခဲ့ပြီး ရွေးကောက်ပွဲနေ့မှာ မဲလာပေးသူတွေရဲ့ မဲဟာ ပြည်သူ့ပါတီနဲ့ USDP တို့အကြား ကွာဟမှုနည်းခဲ့တဲ့သဘော ဖြစ်ပါတယ်။
နောက်ဆုံးမဲရလဒ်ကိုတော့ ဒီနေ့မှ သိရမှာဖြစ်တယ်လို့ ဦးကျော်ကျော်ထွေးက ပြောပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော် အမတ်နေရာတွေအတွက် ရွေးကောက်ပွဲအပိုင်း ၃ ကို မနေ့က နိုင်ငံတဝန်း မြို့နယ်ပေါင်း ၆၁ မြို့နယ်မှာ ကျင်းပခဲ့ပြီး အဲဒီထဲမှာ လမ်းမတော်မြို့နယ်လည်း ပါဝင်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ USDP က ဒီလွှတ်တော် ၃ ရပ်အတွက် အမတ်နေရာ ၄၇၁ နေရာ နိုင်ထားပါတယ်။
လွှတ်တော် ၃ ရပ်အတွက် တစ်နိုင်ငံလုံးဝင်ပြိုင်တဲ့ပါတီတွေထဲက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည) ပါတီက ၃၁ နေရာ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျားဖြူ) ပါတီက ၁၃ နေရာ၊ ပြည်သူ့ပါတီက ၈ နေရာ၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၂ နေရာနဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၁ နေရာ အနိုင်ရရှိထားပါတယ်။
ရွေးကောက်ပွဲအပိုင်းတိုင်းမှာ ကြိုတင်မဲကိစ္စရပ်နဲ့ပတ်သက်လို့ ပါတီတွေဘက်က ထောက်ပြပြောဆိုတာတွေ ရှိခဲ့တာပါ။
မဲရလဒ်မှာ လိုအပ်ချက်ရှိရင် ကြိုတင်မဲကို အသုံးချလာနိုင်တယ်လို့ ရွေးကောက်ပွဲများဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်နေကြချိန်မှာပဲ ကြိုတင်မဲကြောင့် ရလဒ်အပြောင်းအလဲရှိခဲ့တာတွေကိုလည်း ပါတီတွေဘက်က ထောက်ပြနေကြတာဖြစ်ပါတယ်။
ကြိုတင်မဲရရှိရေးအတွက် စစ်ကော်မရှင်က ၃ ကြိမ်ခွဲပြီး ကောက်ယူခဲ့တာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ပြည်ပရောက်နေသူတွေ၊ ဒုတိယအနေနဲ့ တက္ကသိုလ်ကျောင်းသားတွေ၊ မြို့နယ်ပြင်ပရောက်နေသူတွေကိုကောက်ယူပြီး တတိယအနေနဲ့ သက်ကြီး၊ မသန်စွမ်း၊ ရွေးကောက်ပွဲနေ့ အလုပ်ရှိနေသူတွေကို ကောက်ယူခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
အပိုင်း ၃ ပိုင်းနဲ့ ကျင်းပတဲ့ စစ်ကော်မရှင်ဦးစီးတဲ့ မြန်မာရွေးကောက်ပွဲဟာ နိုင်ငံတကာစံနှုန်းနဲ့မညီဘူးလို့ EU ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ရက်ပိုင်းက DW သတင်းဌာနကိုပြောပါတယ်။
နိုင်ငံမှာဖြစ်ပေါ်နေဆဲ အကြမ်းဖက်မှု၊ အခြေခံလွတ်လပ်ခွင့်တွေကို ကန့်သတ်ထားမှု၊ အစုလိုက်ဖမ်းဆီးမှု၊ အဓိကနိုင်ငံရေးသမားတွေကိုဖယ်ထုတ်ထားမှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်တဲ့ ယုံကြည်ရတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ EU ပြောခွင့်ရက ပြောပါတယ်။
အဓိက အတိုက်အခံပါတီဖြစ်တဲ့ NLD ပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဝင်တွေကို အကျဥ်းချ ဖမ်းဆီးထားဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအမှုထက် လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ရာဇဝတ်မှုကိုရင်ဆိုင်နေရတာဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ရက်ပိုင်းက မီဒီယာတွေကိုဖြေကြားထားပါတယ်။
မြို့နယ်ပေါင်း ၂၆၃ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်တယ်လို့ စစ်ကော်မရှင်က ဆိုပေမဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ အားကောင်းတဲ့ ခရိုင်နဲ့ မြို့နယ်တွေထဲက ရပ်ကွက်၊ ကျေးရွာပေါင်း ၃,၀၀၀ ခန့်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။
တစ်ဖက်မှာလည်း မြန်မာရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။
စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုတာ မပြုတာနားမလည်ဘူးလို့ဆိုပြီး လူထု မဲပေးတာကို အသိအမှတ်ပြုတယ်လို့ မနေ့တုန်းက မဲရုံတွေကိုသွားချိန် မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေဆိုထားပါတယ်။
မင်္ဂလာပါ။ ဇန်နဝါရီ ၂၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။
နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။