ဒီတစ်ပတ်အစီအစဉ်ကတော့

ဒေါ်စုဟာ သူလေးစားအားအကျဆုံး နိုင်ငံရေးခေါင်းဆောင်လို့ ဆိုပါတယ်
မကြာခင်ကမှ ကော့သောင်း အကျဉ်းထောင် ကနေ လွတ်လာတဲ့ အက်စစ် အဖွဲ့က ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော်ရဲ့အကြောင်းကို တင်ဆက်ပေးထားပါတယ်။
အက်စစ်အဖွဲ့ထဲမှာ နိုက်ထရစ်အက်စစ်အဖြစ် ပါဝင်တဲ့ ဇေယျာသော်ဟာ ဟစ်ဟော့ သီချင်း တွေဆိုနေခဲ့ရင်း ၂၀၀၇ သံဃာ့အရေးအခင်း ကာလ လောက်မှာ Generation Wave ဆိုတဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးကို သူ့သူငယ်ချင်းတွေနဲ့ ပူးတွဲတည်ထောင်ခဲ့ ပါတယ်။

ဝဲအစွန်မှာ ထိုင်နေတဲ့ ဇေယျာသော်
ဒါကြောင့်ပဲ သူဟာ မတရားသင်း တည် ထောင်မှု၊ ပါဝင်မှုဆိုပြီးတော့ ၂၀၀၈ မှာ ထောင်ကျခဲ့ပြီး လွတ်ဖို့ လပိုင်းအလို ၂၀၁၁ မေလ ၁၇ ရက် ကပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပါတယ်။
သူလွတ်မြောက်ပေမယ့် တခြားနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ လိုသေးကြောင်း သူလွတ်လွတ်လာချင်းမှာပဲ ဇေယျာသော်က ဘီဘီစီကို ပြောခဲ့ပါတယ်။
ဇေယျာသော်ရဲ့ ထောင်တွင်း ကဗျာ
လူမျက်နှာပျောက်တဲ့လူသားတွေ
လူအချင်းချင်း...
မီးထက်ပြင်းတဲ့ ထိုးနှက်မှုတွေ
အချစ်ကို ဝယ်စားကြသူတွေနဲ့
အချစ်ကို ရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့
မေတ္တာမဲ့ နှလုံးသားတွေ
ဘယ်သူသေသေ...
ငတေမာရင် ပြီးရောပေါ့...။
ငါတို့ခေတ်မှာ...
လူသားတွေဟာ တယောက်အတ္တအတွက် တယောက်က
အခြားတယောက်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုး
အသွေးအသားတွေကို မီးလှုံ
အရိုးတွေနဲ့
ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့...။
ငါတို့ခေတ်မှာ...
ကမ္ဘာရဲ့ သစ္စာနဲ့
ပျောက်ဆုံးနေတဲ့ လောကပါလဟာ
ဘယ်မှာမှ ရှာမရသလို
အတ္တမျက်မှန်ပြာတွေတပ်
မောဟအမှောင်တိုက်ထဲ တိုးဝင်
ဟင် ... လူသားတွေဟာ လူမျက်နှာတွေ ပျောက်နေကြပြီ။
ဇေယျာသော်က သူဘာကြောင့် နိုင်ငံရေး လုပ်ရသလဲ၊ ထောင်ထဲမှာ ဘာတွေ ကြုံတွေ့ခဲ့ရသလဲ၊ ဂီတနဲ့ နိုင်ငံရေးကို ဘယ်လို ခွဲခြားလုပ်မလဲ၊ Generation Wave အဖွဲ့နဲ့ရော ဘယ်လို ဆက်လုပ်ဆောင်သွားမလဲ စတာတွေကို ဇေယျာသော်က ပြောပြထားပါတယ်။
မိုဘီဂျီနိုဆီကို ဆက်သွယ်ချင်ရင်
မိုဘီ ဂျီနိုကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြု လိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင် ကြပါတယ်။
အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ရေးသားဆက်သွယ်နိုင်သလို စာတိုက်ကနေ ဆိုရင်တော့ ပြည်တွင်းမှာဆိုရင် စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသားပေးပို့နိုင်ကြပါတယ်။
လန်ဒန်မြို့ကို ရေးသားပေးပို့မယ်ဆိုရင်တော့ BBC Burmese, Bush House, 540CB, Strand, London, United Kingdom WC2B 4PH ဆီကို ပေးပို့နိုင်ကြပါတယ်။
အောက်က ကွက်လပ်တွေမှာ ဖြည့်ပြီးလည်း ပြောထားခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။